Wednesday, May 29, 2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို ဇွန်၊ ဇူလိုင်လအတွင်း နေပြည်ေ တာ်၌ ပြုလုပ်ရန် သမ္မတဦးသိန်းစိန် ဆန္ဒရှိနေ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်သည့် အပစ်အခတ် သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို ဇွန်၊ ဇူလိုင်လအတွင်း နေပြည်တော်၌ ပြုလုပ်ရန် သမ္မတဦးသိန်းစိန်က ဆန္ဒရှိကြောင်း သိရသည်။

ထိုသို့ ဆန္ဒရှိနေခြင်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မေ ၂၈ ရက်၌ မြစ်ကြီးနားတွင် ပြုလုပ်သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"KIO/KIA နဲ့ ဆွေးနွေးပွဲလုပ်ပြီးလို့ အောင်မြင်မှု ရခဲ့မယ်ဆိုရင် နိုင်ငံတော် သမ္မတကြီးက ဇွန်၊ ဇူလိုင်လလောက်မှာ တိုင်းရင်းသားတွေအားလုံး နေပြည်တော်မှာ အလုံးစုံ အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးပွဲ ကျင်းပဖို့ သူက စိတ်အားထက်သန် နေပါတယ်။ ဇွန်၊ ဇူလိုင်လလောက်မှာ ကျင်းပနိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းလည်း ပြောကြားလိုပါတယ်" ဟု ဦးအောင်မင်းက ပြောကြားသည်။

ထို့အပြင် နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်များ ချမှတ်နိုင်ရေးအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့်လည်း အကြမ်းဖျင်း ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်သည်ဟု ဦးအောင်မင်းက ပြောကြားသည်။

"UNFC အဖွဲ့ အနေနဲ့လည်း နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်တွေ ရေးဆွဲနေပါတယ်။ ကျွန်တော်တို့လည်း ရေးဆွဲနေပါတယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေလည်း ရေးဆွဲလျက် ရှိနေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေ ရရှိတဲ့အခါ အဲဒါကို အခြေခံပြီး ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်" ဟု ဦးအောင်မင်းက ပြောကြားသည်။

နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရာတွင် ပင်လုံမူများကို လက်လွှတ်မည် မဟုတ်ကြောင်း ဦးအောင်မင်းက ဆက်လက်ပြောကြားသည်။

"နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လက်ဆောင်ရွက်တဲ့အခါ ပင်လုံကို ကျွန်တော်တို့ လက်မလွှတ်ပါဘူး။ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ဆွေးနွေးပွဲတွေ ဖြစ်အောင်လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဦးအောင်မင်းက ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်သည့် အပစ်အခတ် သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို ဇွန်၊ ဇူလိုင်လအတွင်း နေပြည်တော်၌ ပြုလုပ်ရန် သမ္မတက ဆန္ဒရှိနေသည့်အပေါ် မည်သို့လုပ်ဆောင်မည်ကို မသိရှိရသေးကြောင်း KIA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

"ဒီကိစ္စက ကျွန်တော်တို့ proposal ကို အတိအကျ မသိရသေးတော့ ကျွန်တော်တို့လည်း ပြန်ပြီးမေးရဦးမှာပါ။ ဘယ်လိုပုံစံလဲဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး" ဟု ဗိုလ်ချုပ်ဂွမ်မော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

EMG


ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဗီဂျေနမ်ဘီးယား၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့အား မေ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - နေထွန်းနိုင်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...