Monday, August 19, 2013

မြန်မာတစ်နိုင်ငံလုံး၏ အရွယ်မရောက်သေးသူများတွင် ဖြစ်ပွားသည့် မုဒိမ်းမှု


မြန်မာတစ်နိုင်ငံလုံး၏ အရွယ်မရောက်သေးသူများတွင် ဖြစ်ပွားသည့် မုဒိမ်းမှု (သက်ငယ် မုဒိမ်းမှု) နှုန်း တတိယအဆင့်တွင် ရှိနေသည့် မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၃ ခုနှစ်အတွင်း ဇူလိုင်လ၂၇ ရက်နေ့ အထိ မုဒိမ်းမှု ဖြစ်ပွားမှုမှာ ၄၇ မှုရှိရာ သက်ငယ် မုဒိမ်းမှု ၂၆ မှု ဖြစ်ပွားခဲ့ပြီး ယင်းသည် စုစုပေါင်းအမှု၏ ထက်ဝက်ကျော် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

ယင်းကဲ့သို့ မန္တလေးတိုင်းဒေသကြီးအတွင်း လစဉ်အလိုက် ဖြစ်ပွားသော မုဒိမ်းမှုများတွင် သက်ငယ် မုဒိမ်း ဖြစ်ပွားမှုများ တိုးလာသဖြင့် မှုခင်း ကျဆင်းရေး ဟောပြောပွဲများ ကျေးရွာအဆင့်ထိ ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံးမှ ထပ်မံသိရသည်။

သက်ငယ် မုဒိမ်း ဖြစ်ပွားမှုသည် မြို့ပေါ်များထက် ကျေးရွာများတွင် ပိုမို ဖြစ် ပွားတတ်သဖြင့် ယင်းသို့ မူခင်း ကျဆင်းရေး ဟောပြောပွဲများ ပြု လုပ်ခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး ရဲမှူး ဦးစိုးငြိမ်းက ပြော ကြားသည်။

အဆိုပါ မူခင်း ကျဆင်းရေး ဟောပြောပွဲတွင် သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ ဥပဒေ အရာရှိ များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သက်ငယ်မုဒိမ်းမှု များ လျော့နည်း ကျဆင်းရေး ပညာပေး ဆွေးနွေးမှုများ ပြုလုပ်လာကြောင်း မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှူး ဦးဇော်တင်မိုးက ပြော ကြားသည်။

“သက်ဆိုင်ရာ ခရိုင် ပညာရေးမှူးတွေက တစ်ဆင့် စာသင်ကျောင်းတွေမှာ ဆရာမတွေက ကျောင်းသား၊ ကျောင်းသူတွေကို ဂရုတစိုက် စောင့်ရှောက် ဖို့ ကျောင်းဆင်းချိန်မှာ မသိတဲ့သူဆိုရင် ပြန်ထည့်ပေးတာတွေ မလုပ်ဖို့ မှာကြားထားပါတယ်” ဟု ဦးဇော်တင်မိုးက ထပ်မံ ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း မုဒိမ်းမှု ၆၀ မှု ဖြစ်ပွားခဲ့ပြီး၊ သက်ငယ် မုဒိမ်း ၃၁ မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးစာရင်းများအရ သိရသည်။

မြန်မာ တစ်နိုင်ငံလုံးတွင်၂၀၀၃ ခုနှစ် မှ ၂၀၁၃ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း မုဒိမ်းမှု ၄၆၉၈ မှု ဖြစ်ပွားခဲ့ရာ သက်ငယ် မုဒိမ်း ပြုကျင့်ခံရမှု ၂၃၀၂ မှု ရှိပြီး ၄၈ ဒသမ ၉၉ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သက်ငယ် မုဒိမ်းမှုများ ဖြစ်ပွားမှု သုံးသပ်ချက်များအရ သိရသည်။

၁၀ နှစ်တာ ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သက်ငယ် မုဒိမ်း ဖြစ်ပွားမှုမှာ နေပြည်တော်တွင် ၅၈ မှု၊ ကချင်ပြည်နယ်တွင် ၁၀၃ မှု၊ ကယားပြည်နယ်တွင် ၁၀ မှု၊ ကရင်ပြည်နယ် တွင် ၅၂ မှု၊ ချင်းပြည်နယ်တွင် ၁၆ မှု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၅၁ မှု၊ တနင်္သာရီတိုင်းဒေသကြီး တွင် ၉၄ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၃၂ မှု၊ မကွေးတိုင်းဒေသကြီးတွင် ၁၁၄ မှု၊ မန္တလေးတိုင်း ဒေသကြီးတွင် ၂၄၉ မှု၊ မွန်ပြည်နယ်တွင် ၁၀၀ မှု၊ ရခိုင်ပြည်နယ်တွင် ၉၀ မှု၊ ရန်ကုန်တိုင်းဒေသကြီး တွင် ၄၉၉ မှုနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၃၈၆ မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

မုဒိမ်းမှု ကျူးလွန်ခံရသည့် အသက်အရွယ်များမှာ နှစ်နှစ်မှ ငါးနှစ်ထိ ၁၆၇ ဦး၊ ခြောက်နှစ်မှ ၁၀ နှစ် အထိ ၅၃၁ ဦး၊ ၁၁ နှစ်မှ ၁၃ နှစ်အထိ ၇၃၇ ဦး၊ ၁၄နှစ် အထက် ၈၆၇ ဦး ရှိပြီး ကျူးလွန်သူများတွင် အရပ်သား (သူစိမ်း) ၁၉၄၈ ဦး၊ ဝန်ထမ်း ၁၄ ဦး၊ တပ်မတော်သား ၂၉ ဦး၊ သံဃာ ၃၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ကျောင်းသား ၁၁ ဦး၊ ဖခင် ၈၅ ဦး၊ ပထွေး ၁၁၇ ဦးနှင့် ဆွေမျိုး ၁၂၂ ဦးတို့ ဖြစ်ကာ အဆိုပါ ကျူးလွန်သူများထဲတွင် အသက် ၁၆ နှစ်အောက် ကလေးသူငယ် ၇၆ ဦး ပါဝင်ခဲ့ကြောင်း အဆိုပါ ရုံးမှတ်တမ်း များအရ ထပ်မံ သိရသည်။

The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...