Monday, August 19, 2013

အချိန်ကျရောက်ပြီဖြစ်ပါ၍..



တစ်နိုင်ငံလုံး အပစ်ရပ်ပြီး ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေကြလို့ အလှမ်းမဝေးတော့သည့်အနေအထား တွေ့နေကြရပါတယ်။ ဒါပေမဲ့ ပန်းတိုင်မဖြစ်နိုင်သေးပါ။ စစ်အစိုးရလက်ထက်ကလည်း အခုလိုငြိမ်းချမ်းရေး ဆွေးနွေးအောင်မြင်ခဲ့တာ ၁၇ ဖွဲ့လို့ ဂုဏ်ယူစွာပြောတတ်၏။ ဒါပေမဲ့ အဆုံးမသတ်သေးတဲ့ ဇာတ်လမ်းများ ဘာကြောင့် ကျန်နေရတာလဲ…? ငါသည် ယခုလွတ်လပ်သော နိုင်ငံသားတစ်ဦးဖြစ်ပေမဲ့ တစ်ချိန်က ဆန့်ကျင်ဘက် လက်နက်ကိုင် တစ်ဦးဖြစ်ခဲ့၏။ ဆန့်ကျင်ဘက်ထဲမှာတောင်မှ သီးခြား ခွဲထွက်ပြီး မတူညီတဲ့ ရပ်တည်မှုနဲ့ မိသားစုအလိုက်ရှင်သန်ခဲ့လို့ အခုအခါအေးချမ်းသောဘဝကို ပိုင်ဆိုင်နေသော်လည်း ငါ၏ ရောင်းရင်းများမူကား ငြိမ်းချမ်းရေးယူခဲ့ပေမဲ့လည်း အဲဒီဘ၀ထဲမှာ ရုံးမထွက်နိုင်လို့ဘဝပျက်သူများစွာ ဖြစ်နေကြောင်းကြားရ၏။ ဒါ့ကြောင့်ယခုကဲ့သို့ အချိန်အခါကောင်းတွင် အစိုးရကော၊ တိုင်းရင်းသား လက်နက်ကိုင်တွေကော Master Plans များ ချမှတ်ဖို့လိုပါလိမ့်မယ်လို့ ၂ ဘက်အမြင်နဲ့ အကောင်းဆုံး အကြံ ပြုလိုတာကတော့ ဒီအချက်တွေ အရင်စဉ်းစားပြင်ဆင်သင့်ပါတယ်။ အဲဒါတွေကတော့ ……. 

၁။ ဒီအဖွဲ့အစည်းတွေ ဘာနဲ့ရပ်တည်ခဲ့ကြတာလဲ။ 

၂။ ငြိမ်းချမ်းရေးရပြီး ဘယ်လိုဆက်ပြီး ရပ်တည် ကြမှာလဲ။ 

ပထမမေးခွန်းအတွက် အဖြေအားလုံး သိပါလိမ့်မယ်။ ငါတို့အဖွဲ့တွေအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေ အဓိကရပ်တည်ရှင်သန်နေထိုင်ခဲ့တာ မူးယစ်ဆေးဝါးအပါအဝင် မှောင်ခိုလုပ်ငန်းမျိုးစုံ နဲ့ပါ။ သယံဇာတအလွန်ပေါတဲ့ ဒီနိုင်ငံကြီးမှာ နှစ်ပေါင်း ၆၀ ကျော်အတွင်း လုပ်ခဲ့တာတွေက အခုရှိလှ အကြွင်းအကျန်ပေါ့။ မူးယစ်ဆေးဝါး၊ ကျောက်စိမ်းနဲ့ ဓာတ်သတ္တုများ၊ သစ်နဲ့ ကျွဲ၊ နွား၊ ကားမကျန် ဂဏန်းနဲ့ လူပါ မှောင်ခိုခဲ့ကြတာလေ။ ပြည်သူပိုင်ပစ္စည်းဆိုတာ ဘာအဓိပ္ပါယ်လဲငါတို့မသိခဲ့ဘူး။ ဆက်ကြေးကောက်ပြီး စားချင်သလိုစား လုပ်ချင် သလိုလုပ်၊ မူးမယ် ပျော်မယ် အနိုင်ကျင့်မယ်နဲ့ တစ်ခါတစ်လေတော့ ငတ်လိုက်၊ ပြတ်လိုက်၊ ပြေးလိုက် လွှားလိုက် ဘုရားကျောင်းဆိုတာတောင် မေ့ခဲ့ကြတဲ့ဘဝမှာ ဥပဒေဆိုတာ ဝေလာ ဝေးပေါ့ ….. မူးယစ်ဆေးဝါးအရောင်းအဝယ် မှောင်ခိုလုပ်တာမကလို့ သုံးစွဲသူဘဝဟာ ကောင်းကင်ဘုံရဲ့ စည်းစိမ်တစ်ခုလို ယစ်မူးခဲ့ကြတယ်။ ငါတို့လူကြီးတွေ မသိဘူးထင်လား သူတို့တွေက ငွေတွေတစ်ပုံကြီး ယူပြီး ဟိုဘက်ကမ်းမှာ မိသားစုလိုက် နေလို့ ငါတို့ကို အရက်၊ မူးယစ်ဆေး သုံးစွဲစေတာ welfare လုပ်ပေး တာတဲ့၊ ငါတို့အတွက် ထွက်ပေါက်တဲ့၊ တစ်ခါတစ်လေတော့ ရဲဆေးတဲ့လေ။ ငါတို့သေသွားလို့လဲ သူတို့ အတွက် ဘာထိခိုက်မှာလဲ။ ကြာတော့ငါတို့လဲ သဘောပေါက်ပါတယ်။ ဒီလိုနဲ့ လူကြီးတွေဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းပေါ် ရောက်ခဲ့တယ်လေ။ ငါတို့လိုပဲ တစ်ခြားလက်နက်ကိုင် တိုင်းရင်းသားတွေဟာ လူမျိုး သာကွဲသွားတယ် ကျင်လည်ခဲ့တဲ့ဘဝက အတူတူပဲဆိုတာ သိခဲ့ရတယ်…။ 



ဒုတိယမေးခွန်းအတွက် အသင်တို့ဘယ်လိုစီစဉ်ထားကြပါလဲ…….။ မူးယစ်ဆေးဝါးနဲ့ယစ်မူး၊ နစ်မွန်း နေတဲ့ဘဝ၊ လက်ကြောတင်းအောင် အလုပ်မလုပ်ပဲ ရေသာခို အချောင်လိုက် နေခဲ့တဲ့ဘဝ၊ လက်နက်ပြ အနိုင်ကျင့်တဲ့ အာဏာရှင်ဘဝ၊ စည်းနဲ့ဘောင်နဲ့မရှိပဲ ဥပဒေမဲ့ ထင်တိုင်းကျဲခဲ့တဲ့ဘဝ….. ဒါတွေကို အလွယ်တစ်ကူ စွန့်လွှတ်နိုင်မယ် အသင်ထင်ပါသလား….? တစ်နေ့က ငါတို့ဘော်ဒါဟောင်းကြီးဖြစ်တဲ့ KNU (ဌေးမောင်) ရဲ့ ရင်း(၇၀၈)က အရာရှိတွေ ဘားအံနားမှာ ကားတစ်စီးထဲ အတူတူစီး လည်ကြ ပတ်ကြရင်း အချင်းချင်း ပစ်ကြသတ်ကြပြီးတော့ ကိုယ့်ကိုကိုယ်ပြန်ပစ်သတ်ကြနဲ့ ဖြစ်သွားတာ ကြားမိကြမှာ ပေါ့..။ အရက်နဲ့ ရာဘ ၂ ပင်လိမ်သွားတာ လို့ကြားရတာဘဲ…အနီးဆုံး ဖြစ်ရပ်တစ်ခုကို ဖော်ပြတာပါ…။အခြားတိုင်းရင်းသား နယ်မြေတွေမှာလည်း ဒီ….မူးယစ်ဆေးပြသနာက အခုလို အားလုံးကို ခြိမ်းခြောက်နေပါပြီ.. ဒါ့ကြောင့်ငြိမ်းချမ်းရေးရပြီး ဘယ်လိုရပ်တည်မလဲဆိုတာ မေးခွန်းကို မဖြေခင် လက်နက်ပြအနိုင်ကျင့်၊ လူသတ်၊ အဓမ္မလူသစ်စု၊ ဆက်ကြေးကောက်၊ ဘိန်းဖြူအပါအဝင် မူးယစ်ဆေးသုံးစွဲ ခြင်းနှင့် မှောင်ခိုလုပ်ခြင်းတွေကို အခုအချိန်အထိ ဆက်လုပ်နေဦးမယ်ဆိုရင်တော့ အမှန်တကယ် ငြိမ်းချမ်းရေး အတွက် အဟန့်အတားဖြစ်နေဦးမယ်ဆိုတာ အားလုံးကို သတိပေးလိုတယ်။ ဒီအချိန်မှာ ဒါတွေစွန့်လွှတ်ပြီး ငြိမ်းချမ်းစဉ်လုပ်ဆောင်ရမယ့် အလုပ်တွေအတွက် ပြင်ဆင်ပါ… အမှန်တကယ် ဥပဒေဘောင် အတွင်း ကနေ ရပ်တည်နိုင်မဲ့စီမံကိန်းတွေ အစိုးရနဲ့ညှိနှိုင်းပါ… ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုလည်း သဘောရိုးနဲ့ ဦးတည်ကြပါလို့ ……………..။ 

သိုးမည်းဟောင်းကြီး


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...