လူတိုင်း နေရာတိုင်းတွင် ဒီမိုကရေစီ ဒီမိုကရေစီ ဟူ၍အသံများ
အားကျယ်လောင်စွာ ကြားရစမြဲ ဖြစ်ပါသည်။ဒီမိုကရေစီ ဆိုသည်မှာအများ ပြည်သူ
သဘောဆန္ဒဖြင့် ရွေးချယ် အုပ်ချုပ်စေခြင်းလို့ အဓိပ္ပယ် အလွယ်
မှတ်ယူရပါမည်။ယခုမျက်မှောက် ခေတ်တွင် နိုင်ငံအများအပြား သည်ဒီမိုကရေစီ
နိုင်ငံများအဖြစ်သို့အလျှင်အမြန်ကူးပြောင်းလာလျှက်ရှိပါသည်။ဤအကြောင်းအချင်းအရာ
ကို ကြည့်ချင်းအားဖြင့် ဒီမိုကရေစီ ဆိုသည်မှာ လူသားတို့
လိုချင်မက်မောစရာထဲမှတစ်ခုဖြစ်သည့် အုပ်ချုပ်ရေး နည်းစနစ် တစ်ခု ဖြစ်သည်မှာ
မငြင်းသာပေ။ထို့အတူ ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူတို့ဆန္ဒ
ကို အနည်းအများ ခွဲခြား၍ စနစ်ရှိလှသော နည်းစနစ် ဟု ဆိုခဲ့ကာ ကျွန်တော် တို့သည်ပြည်သူလူထု ဆိုသည့်အကြောင်းအခြင်းအရာ ကို ထည့်သွင်းစဉ်းစား စရာ တစ်ချက်ဖြစ်လာပါသည်။
ပြည်သူလူထုဆိုသည့်စကားလုံးတွင်လူတန်းစားအမြောက်အများ စီးမြောပါဝင်နေကြပေသည်။ထို့နှင့်
အတူ၎င်း တို့၏ အသိပညာ အတတ်ပညာ ဆိုင်ရာစသည့်ကိစ္စရပ်များ ကို လည်း အသိတရား ဖြင့် သတိထားစဉ်းစားဖို့လိုလာပါသည်။ကြားဖြတ်၍ ပြောရမည်ဆိုလျှင်အချို့သောသူများသည် ဒီမိုကရေစီ ဆိုသည်မှာ လိုတရ နတ်ရေကန်တစ်ခု အလားမျက်လုံးထဲ မြင်ယောင်ကြည့်ကာ ပုံဖော်နေကြသလားဟုပင် ထင်မှတ်ရလေသည် ။ကျွန်တော် သိသော ဒီမိုကရေစီဆိုသည်မှာ"အခွင့်အရေးဟင်းအိုးကြီး "မဟုတ်ပေ ။ အများပြည်သူ ဆန္ဒဖြင့်ရွေးကောက်တင်မြောက်သည့် အစိုးရနှင့် တာဝန်သိ တတ်သောပြည်သူတို့ စည်းဝါးကျကျ ပူးပေါင်းဆောင်ရွက်ကြသည့် အုပ်ချုပ်ရေး စနစ်ဟု ဖွဲ့ဆိုသော် မှားအံ့မထင်ပေ။ထို့ကြောင့် အစိုးရနှင့် ပြည်သူတို့သည် ဟန်ချက်ညီကြဖို့လိုသည်။ထို့ကြောင့် မဲဆန္ဒပေးခွင့်ရသော ပြည်သူသည် များစွာအခရာကြလာပေသည်။ပြည်သူတို့သည်အကြောင်းအကျိုး၊အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်သော အရည်အချင်းရှိရန်အထူးလိုအပ်ပါသည်။
သို့မှသာ လည်ပတ်နေတဲ့ပင်နယံ အသွားကဲ့သို့ ပြည်သူ နှင့် အစိုးရ ဟန်ချက်ညီကြပေလိမ့်မည်။ သို့မဟုတ်ပါလျှင် အစိုးရသည်မည်မျှပင်ကောင်းအောင် လုပ်နေစေကာမူ ဟန်ချက်မညီမျှ၍ ဗရုတ်သုတ်ခ ဒီမိုကရေစီ သာ ရကြမည်ဖြစ်သည်။ထို့ကြောင့်ဒီမိုကရေစီ ထူထောင်သော နိုင်ငံရှိ နိုင်ငံသားတိုင်းသည် ရာခိုင်နှုန်း အများစု မှာ ပညာဖြင့် ဆင်ခြင် ဆောင်ရွက်နိုင်စွမ်း ရှိဖို့လိုသည်မှာ ပကတိ အရှိတရား ဖြစ်ပါသည်။ဒါ့ကြောင့် ဘယ်လောက်ပဲ ဒီမိုကရေစီ လိုချင်ပါတယ် ပြောပြော ၊ ဘယ်လောက်ပဲ
ဒီမိုကရေစီ ရနေပါတယ် ပြောပြော ပညာမဲ့ လက်ထဲက ဓာတ်လုံးဟာ သူ့ကို ဆိုးကျိုးပေးမယ့် အဆိပ်လုံး တစ်လုံးပဲ ဖြစ်ပါလိမ့်မည်။
ဒါကြောင့် နိုင်ငံတစ်ခုမှာပညာရေးကိုအုတ်မြစ်မချပဲ ခေတ်မီတိုးတက်သောဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့...
ဆိုသည့် ကြွေကြော်သံတွေဟာအဆန်မပါအသံသာမြည်တဲ့သင်္ကြန်အမြောက်ကိန်းနည်းတူပဲ ဖြစ်သည်။
ဒါကြောင့် ခေတ်လူငယ်တွေသည်ပညာကိုအပတ်တကုတ်ရှာဖွေကြရန်၊လက်ဆင့်ကမ်းကြရန် မေတ္တာရပ်ခံ
လိုပါသည်။ ဒါဖြင့် ဆက်စပ်၍ ဟိုတနေ့ က ၈၈ ရဲ့ ၂၅ နှစ်မြောက် အခမ်း အနား နေ့တွင် ကျောင်းနေအရွယ်ကလေးများကို ဆိုင်းဘုတ်ကိုင် တန်းစီးလှည့်လည်နေတဲ့ ပုံများနှင့်တွေ့ ရတော့ အတော် စိတ်မကောင်းဖြစ်မိပါသည်။ ဘာကြောင့် နိုင်ငံရေးသမားလို့ ခေါ်တဲ့ လူတစု ဟာ ကျောင်းနေအရွယ် ကလေးတွေကို အသုံးချနေပါသလဲ ။ဝါဒမှိုင်းတိုက်နေပါသလဲ ကျွန်တော် ဖြင့် စဉ်းစား၍ မရပါ။နိုင်ငံရေးသမားများ နိုင်ငံရေး လုပ်သည်ကိုမဝေဖန်လိုပါ.၊ သို့သော် ကျောင်းနေအရွယ် ကလေးများကို ဖြင့် စာကလေးသိုက်နဲ့ သပွတ်အူ ဇာတ်ထဲ ဆွဲမထည့်စေချင်သည်မှာအမှန်ပင် ဖြစ်ပါသည်။
ယနေ့ မြန်မာနိုင်ငံတွင် မည်ကဲ့သို့ ဖြစ်နေသနည်း ။ စဉ်းစားစရာ ဖြစ်ပါသည်.။ ဟိုနိုင်ငံမှာ ဟိုအခွင့်အရေး ရတယ် ၊ဒီနိုင်ငံမှာ ဒီအခွင့်အရေး ရတယ် ဖြင့် လက်ညှိုးထိုး၍ ညွှန်းဆိုကြပါသည်။ အမှန်စစ်စစ် ထိုနိုင်ငံများ၏ ဒီမိုကရေစီ သက်တမ်းကို သူတို့ မသိကြခြင်းလား ၊ မသိခြင်ယောင် ဆောင်နေခြင်းလား ကျွန်တော်မသိနိုင်ပေ ။ သူကိုယ်သူ ဒီမိုကရေစီ ဘိုးအေကြီးလို့ ခံယူနေသည့် အမေရိကန် သည်ပင်ဤအခြေအနေမျိုးရောက်ရန် ဆယ်စု နှစ် ၂၀ နီးပါးမျှ ဖြတ်သန်းခဲ့ရ သည်ဟု ဖတ်မှတ်ဖူးပါသည်။ဒါတောင် အမေရိကန် မှာ ဒီမိုကရေစီ အပြည့်အ၀ ရနေပြီ ၊ လူ့အခွင့်ရေးတွေ အပြည့်အ၀ ရနေပြီလို့ မထင်ပါနှင့် ။ နေ့စဉ်ခိုးဆိုးလုယက်မှုတွေ ၊ ဆင်းရဲချမ်းသာ ကွာဟ မှုတွေ မြောက်များစွာ ရှိနေတုန်းဆိုတာ မမေ့စေလိုပါ။
အချုပ်ဆိုရသော်ဒီမိုကရေစီအရင်းအမြစ်အစစ်အမှန်မှာပညာရေးသာ ဖြစ်ပါသည်။တနည်းအားဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်တွင် ပညာတတ်သော ၊ ဆင်ခြင် ဝေဖန် နိုင်စွမ်းရှိသော ပြည်သူလူထု အားကောင်းရန်အထူးလိုအပ်ပါသည်။သို့မဟုတ်လျှင် ဆင်ခြင်တုံတရား မဲ့သော နိုင်ငံ၌ ဒီမိုကရေစီ သည် ဗရုတ်သုတ်ခ ကို သာ ဖြစ်စေပါလိမ့်မည်။

0 comments:
Post a Comment