Monday, August 19, 2013

ရှမ်းမူအခြေခံ ဖက်ဒရယ် ပြည်ထောင်စုလား၊ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုလား၊ ရှစ်ပြည်နယ် အရေးနှင့် ဗမာပြည်နယ် သတ်မှတ်ရေး ကိစ္စအပေါ် သဘောကွဲလွဲမှုများရှိ


မြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသား လူမျိုးများ အရေအတွက်
၁။ ဗမာ ၆၈ ရာခိုင်နှုန်း
၂။ ရှမ်း ၉ ရာခိုင်နှုန်း
၃။ ကရင် ၇ ရာခိုင်နှုန်း
၎။ ရခိုင် ၃ .၄ ရာခိုင်နှုန်း
၅။ ဗမာ-တရုတ် ၂ .၅ ရာခိုင်နှုန်း
၆။ မွန် ၂ ရာခိုင်နှုန်း
၇။ ကချင် ၁ .၅ ရာခိုင်နှုန်း
၈။ ကယား ၀ .၇၅ ရာခိုင်နှုန်း
၉။ ဗမာ-အိန္ဒိယ ၁ .၂၅ ရာခိုင်နှုန်း
၁၀။ အခြား ၄ .၅ ရာခိုင်နှုန်း
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများပြ မြေပုံ (Graphic:The New York Times)
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးချိန်တွင် ၁၉၆၁ ခုနှစ် "ရှမ်းမူ" ကို အခြေခံသော ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးနှင့်အတူ ရှစ်ပြည်နယ်အရေးနှင့် ဗမာပြည်နယ် သတ်မှတ်ရေးကို တိုင်းရင်းသား အဖွဲ့အစည်းအချို့က ပြောဆိုမှုများ ရှိလာခဲ့ပါသည်။
လက်ရှိအချိန်တွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းခဲ့သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က "ရှမ်းမူ" ကို အခြေခံသော ရှစ်ပြည်နယ်စနစ် ဖက်ဒရယ်ဖွဲ့စည်းပုံအသစ် ရေးဆွဲရန် ဆန္ဒရှိနေပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရာ၌ အမျိုးသားပြည်နယ်များ ပြင်ဆင်ဖွဲ့စည်းရန် ဆန္ဒရှိနေပါသည်။ မကြာသေးမီက ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားတွင်လည်း ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးအတွက် အာမခံချက်ရှိသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွက်ရေးကို အချက်တစ်ချက် အနေဖြင့် တောင်းဆိုခဲ့ပါသည်။
တိုင်းရင်းသား အဖွဲ့အစည်း အချို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာသော လွှတ်တော်ဖွဲ့စည်းပုံတွင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်များ အချိုးကျပါဝင်မှု နည်းပါးနေခြင်းကို အကြောင်းပြုပြီး ရှစ်ပြည်နယ်အရေးနှင့် ဗမာပြည်နယ် သီးခြားသတ်မှတ်ရေးကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလာခြင်း ဖြစ်ပါသည်။
"ဗမာပြည်နယ် သတ်မှတ်ရေး ဆိုတာတော့ ရှမ်းမူအရ ဆိုရင်တော့ ကယ်လီဖိုးနီးယားနဲ့ ၀ါရှင်တန်ဒီစီပေါ့။ အဲဒီမှာလည်း ဒီထက်ငယ်တဲ့ ပြည်နယ်လေးတွေ ရှိပါတယ်။ အင်မတန်ငယ်တဲ့ ပြည်နယ်လေးတွေတောင်မှ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးစီ ပေးကြတယ်။ ဥပမာ ပြည်နယ် ၅၀ ဆိုရင် ကိုယ်စားလှယ် ၁၀၀ ပေါ့။ အဲလိုနည်းနဲ့ သွားကြတာကိုး။ အခုလည်း ဗမာက ဘယ်လောက်ပဲကြီးကြီး ကိုယ်စားလှယ်မျှတူ သွားသင့်တယ်။ အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) မှာက ဗမာအများစု ဖြစ်နေတဲ့အတွက် ဗမာက အမြဲတမ်း နိုင်တယ်။ ခင်ဗျားတို့ ဘယ်လိုခေါ်လဲ။ အထက်လွှတ်တော်လို့ ခေါ်မလား၊ အောက်လွှတ်တော်လို့ ခေါ်မလား။ အဲဒီတော့ ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု ထိန်းညှိတဲ့ သဘောပါ။ ငါက လူနည်းစု၊ ငါများရမယ်ဆိုတာ မပါပါဘူး။ အောက်မှာက ဗမာအမြဲတမ်း နိုင်တာပဲ။ အပေါ်မှာက လူနည်းစု များသည့်တိုင်အောင် ဗမာကလည်း မရှုံးပါဘူး။ ဒါညှိတဲ့ သဘောပဲ" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါသည်။
၁၉၆၂ ခုနှစ်မှာ ရှမ်းမူဆိုပြီး တင်လာတယ်။ ဒီကိစ္စကို အကြောင်းပြုပြီး စစ်တပ်က အာဏာသိမ်းတယ်၊ အာဏာသိမ်းပြီးတော့ ၁၉၆၄ မန္တလေးမှာ မြန်မာလူထု သဘောထားဆိုပြီး လုပ်တာရှိတယ်။ အဲဒီနောက်တော့ ရှမ်းမူကို နိုင်ငံရေးနည်းအရ ချေဖျက်တဲ့ အနေနဲ့ မြန်မာကို တိုင်းခုနစ်တိုင်း ခွဲလိုက်တယ် . . . . .

"၁၉၆၂ မှာ တောင်ကြီးဖက်ဒရယ်မူတို့၊ ဦးနေ၀င်း လက်ထက်မှာ ခုနစ်ပြည်နယ် ခုနစ်တိုင်းဆိုတဲ့ဟာတွေက ဟိုးမူလ ပြည်နယ်ပြည်မမူနဲ့ သိပ်မကွာဘူး။ ဒါပေမဲ့ နည်းနည်း အခေါ်အဝေါ် ပြောင်းတာပဲ ဖြစ်သွားပြီးတော့ အမျိုးသား တန်းတူရေးဆိုတဲ့ ပေါ်လစီနဲ့ကျတော့ တစ်ခုမှ မအပ်စပ်ဘူး ဖြစ်နေတယ်။ ဒါကြောင့် အမျိုးသားတန်းတူရေး ပေါ်လစီနဲ့ အပ်စပ်ချင်တယ်ဆိုရင် တိုင်းရင်းသား လူမျိုးတစ်မျိုးဖြစ်တဲ့ ဗမာလူမျိုးကလည်း ဗမာအမျိုးသား ပြည်နယ်တစ်ရပ် လိုအပ်လာမယ်။ အဲဒီအပေါ်မှာ သီအိုရီအရ စဉ်းစားတာပေါ့" ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒုတိယ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

မအောင်မြင်ခဲ့သော ရှမ်းမူ
ဗမာပြည်နယ် သီးခြားသတ်မှတ်ရေးနှင့် ရှစ်ပြည်နယ် အခြေခံမူသည် ၁၉၆၁ ခုနှစ်မှ လက်ရှိအချိန်အထိ ခေတ်အဆက်ဆက် တောင်းဆိုခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့သော အဆိုတစ်ခု ဖြစ်ခဲ့ပါသည်။
O-19-8
P-19-8


၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံ ကျင်းပခဲ့ခြင်းနှင့် ၁၉၆၂ တော်လှန်ရေးကောင် စီအစိုးရ အာဏာသိမ်းခဲ့ခြင်းကို ဖော်ပြခဲ့သော သတင်းများ

"ဖက်ဒရယ်ရဲ့ အစလို့ ပြောနိုင်တဲ့ ပင်လုံမှာတောင် နယ်မြေခွဲဝေမှုနဲ့ ပတ်သက်ပြီး ကချင်တွေနဲ့ ညှိလို့မရလို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပြန်မယ်ဆိုပြီး ဖြစ်ခဲ့တာ ရှိတယ်။ နောက်တော့မှ ကချင်ခေါင်းဆောင်တွေ ဘက်ကလည်းလျှော့၊ ဗိုလ်ချုပ်ဘက်ကလည်း လျှော့နဲ့ ဖြေရှင်းခဲ့ရတယ်။ ဆိုလိုတာက ဖက်ဒရယ်လို့ ပြောနေကြပေမယ့် သိပ်တော့လွယ်လှတာ မဟုတ်ဘူး။ နောက်တော့ ၁၉၆၂ ခုနှစ်မှာ ရှမ်းမူဆိုပြီး တင်လာတယ်။ ဒီကိစ္စကို အကြောင်းပြုပြီး စစ်တပ်က အာဏာသိမ်းတယ်၊ အာဏာသိမ်းပြီးတော့ ၁၉၆၄ မန္တလေးမှာ မြန်မာလူထု သဘောထားဆိုပြီး လုပ်တာရှိတယ်။ အဲဒီနောက်တော့ ရှမ်းမူကို နိုင်ငံရေးနည်းအရ ချေဖျက်တဲ့ အနေနဲ့ မြန်မာကို တိုင်းခုနစ်တိုင်း ခွဲလိုက်တယ်" ဟု ဟံသာဝတီ ဦးဝင်းတင်က ပြောကြားသည်။
၁၉၆၁ ခုနှစ် တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့သော ညီလာခံ၌ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး (ရှမ်းပြည်နယ်ဆိုင်ရာ) ကြိုးကိုင်ကော်မတီမှ "ဖက်ဒရယ်မူ" စာတမ်းကို တင်သွင်းခဲ့ပြီး ဗမာပြည်နယ် ဖွဲ့စည်းရေး (ရှစ်ပြည်နယ်မူ) ကို တရားဝင် ထုတ်ပြန်ခဲ့သည်။
ထိုအချိန်က ကန့်ကွက်မှုများ ရှိခဲ့သည့်နည်းတူ ရှမ်းမူသည် အပြောလွယ်သလောက် လက်တွေ့ဖော်ဆောင်ရန် ခက်ခဲပြီး "ဗမာမုန်းတီးရေး စိတ်ဓာတ်" ကို အခြေခံသည်ဆိုသော တုံ့ပြန်ချက်များ ရှိခဲ့သည်။
၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နှင့် မတ် ၁ ရက်များတွင် ရန်ကုန်မြို့ အသံလွှင့်ခန်းမ၌ ပြုလုပ်သော ဖက်ဒရယ်မူ ဆွေးနွေးခြင်း လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲတွင် ပြည်နယ်များ ညီညွတ်ရေး အဖွဲ့ချုပ်ဥက္ကဋ္ဌ စ၀်ခွန်ချိုက "ရှမ်းမူ" ကို အခြေခံသော ဖက်ဒရယ်မူကို ထောက်ခံတင်သွင်း ခဲ့ပါသည်။
အဆိုပါ "ရှမ်းမူ" ကို ဒူဝါဇော်လွန်း၊ ကပ္ပတိန်မန်းတုံးနုံး၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦးစိန်တို့က ထောက်ခံဆွေးနွေးခဲ့ပြီး ပမညတပါတီမှ သခင်ချစ်မောင်၊ ဖဆပလပါတီမှ ဦးဗဆွေတို့က မထောက်ခံသည့်ဘက်မှ ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ထိုအချိန်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သော ပထစ (ပြည်ထောင်စု အဖွဲ့ချုပ်အစိုးရ) ကိုယ်တိုင် "ရှမ်းမူ" ကို လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။
ပထစအစိုးရလက်ထက် နိုင်ငံရေး အဖွဲ့အစည်းများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများအကြား "ရှမ်းမူ" ကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စုကိစ္စရပ် အပြန်အလှန် ပြောဆိုမှုများ ပြင်းထန်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ် မတ် ၂ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းဦးဆောင်သော တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီး ၀န်ကြီးချုပ် ဦးနုအပါအ၀င် အစိုးရ၀န်ကြီးများ၊ ဖက်ဒရယ်မူနှင့် ပတ်သက်သော လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲတွင် ပါဝင်ခဲ့သော တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် ဥက္ကဋ္ဌများကို ဖမ်းဆီးလိုက်ပါသည်။
ထို့အပြင် တော်လှန်ရေးကောင်စီ လက်ထက်မှ နောက်ပိုင်းကာလ တစ်လျှောက်တွင် ဖက်ဒရယ်ကို ဆွေးနွေးခွင့်များ ပိတ်ပင်ခဲ့သည်။ အခြားတစ်ဖက်တွင်လည်း တိုင်းရင်းသားများ၏ "ဗမာမုန်းတီးရေး စိတ်ဓာတ်" မှာ ပိုမိုပြင်းထန်လာပြီး လက်ရှိအချိန်တွင်လည်း ဗမာမုန်းတီးရေး စိတ်ဓာတ်ကို အခြေခံသည်ဟု ဝေဖန်ခြင်းခံခဲ့ရသော "ရှမ်းမူ" ဆင့်ပွားဖက်ဒရယ်မူကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလာခဲ့ခြင်း ဖြစ်ပါသည်။

ရှုပ်ထွေးမှုသို့ ဦးတည်လာသော ရှစ်ပြည်နယ်  
ပင်လုံမူအရ ရှမ်းနယ်မြေ၊ ကချင်နယ်မြေ၊ ကရင်နီနယ်မြေ၊ ချင်းနယ်မြေတို့ကို ဗမာပြည်မနှင့် ပူးပေါင်းကာ ပြည်ထောင်စုအဖြစ် ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြည်နယ်ခုနစ်ခု၊ တိုင်းခုနစ် စုစုပေါင်း ၁၄  ခုဖြင့် ပြည်ထောင်စု ဖွဲ့စည်းပုံကို ပြောင်းလဲခဲ့ပါသည်။ ပြည်ထောင်စု ဖွဲ့စည်းပုံအရ တိုင်းနှင့်ပြည်နယ် ၁၄ ခုကို နှစ်ကာလရှည်ကြာ ကျင့်သုံးခဲ့ပြီး အုပ်ချုပ်ရေးပိုင်း အသားကျနေချိန်တွင် ပြည်ထောင်စုပုံစံကို ပြောင်းလဲသတ်မှတ်ရန်မှာ မလွယ်ကူသော အခြေအနေ တစ်ရပ်အဖြစ် ရှုမြင်ကြပါသည်။
ပြည်ထောင်စု ဖွဲ့စည်းပုံကို နယ်မြေဒေသအလိုက် ခွဲခြားခြင်း မဟုတ်ဘဲ လူမျိုးစုအနေဖြင့် ခွဲခြားမည် ဆိုပါကလည်း တိုင်းရင်းသားမျိုးနွယ်စု (၁၃၅) မျိုး နေထိုင်နေသည့် မြန်မာနိုင်ငံတွင် ရှုပ်ထွေးမှုများ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
လူမျိုးစု အနေအထားဖြင့် ကြည့်မည်ဆိုပါက တစ်နိုင်ငံလုံး အတိုင်းအတာအရ ဗမာတိုင်းရင်းသား အရေအတွက်မှာ ၆၈ ရာခိုင်နှုန်းဖြင့် အများဆုံးရှိနေပြီး ရှမ်းတိုင်းရင်းသား အရေအတွက်မှာ ကိုးရာခိုင်နှုန်းနှင့် ကရင်တိုင်းရင်းသား အရေအတွက်မှာ ခုနစ်ရာခိုင်နှုန်း၊ ရခိုင်တိုင်းရင်းသား အရေအတွက်မှာ ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိနေပါသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီးအဖြစ် ပြောင်းလဲလိုက်သော တိုင်းခုနစ်တိုင်းတွင် ဗမာအများဆုံး နေထိုင်လျက်ရှိနေပြီး ကျန်ရှိသော တိုင်းရင်းသား ပြည်နယ်များတွင် ဗမာတိုင်းရင်းသားများအပြင် ဗမာသွေးနှော တိုင်းရင်းသားများစွာ နေထိုင်နေကြပါသည်။
"ရှုပ်ထွေးသွားတာပေါ့။ ကျွန်တော်လက်မခံဘူး။ တိုင်းပြည်တစ်ခုလုံး အနေနဲ့က ဗမာပြည်မကြီး အနေနဲ့ပဲ ရှိနေရမယ်။ ဒီထဲမှာ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ် ဒီလိုဟာမျိုးလာပေါ့။ လက်ရှိအတိုင်းပေါ့။ ဗမာကပြည်နယ်လေး တစ်ခုအနေနဲ့ ဗဟအစိုးရ ဖွဲ့မယ်ဆိုရင် ဒါဟာသိပ်ပြီး လက်ခံနိုင်၊ လက်ခံသင့်တဲ့အရာ မဟုတ်ဘူး" ဟု အသက် ၉၂ နှစ် အရွယ်ရှိ ၀ါရင့်နိုင်ငံရေး သမားဟောင်းကြီး သခင်ချန်ထွန်းက ပြောပါသည်။
"နိုင်ငံတော်ကို တည်ဆောက်ဖို့ ကြိုးစားနေတဲ့ လူတွေက အတိတ်ပေါ်မှာ အခြေခံပြီး တည်ဆောက်ဖို့ ကြိုးစားနေတယ်။ အတိတ်ကာလတုန်းက သူတို့ဘုရင်နဲ့၊ သူတို့စော်ဘွားတွေနဲ့ သူတို့အုပ်ချုပ်သူနဲ့ သူတို့နေထိုင် ခဲ့ကြတယ်။ ဒါကြောင့် ဒီနေရာမှာ အရင်အတိုင်းပဲ ရှိရမယ် ဆိုတာလေ။ ဒါကိုကျွန်တော် လေးစားပါတယ်၊ တိုင်းရင်းသား တန်းတူညီမျှရေးတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို။ သို့သော် ကာလအလိုက် ပြောင်းလဲနေတယ်။ ပစ္စုပ္ပန်ကာလမှာရှိတဲ့ လူဦးရေ အချိုးအစားအရဆိုရင် အချို့က တိုင်းရင်းသား နာမည်နဲ့ ပြည်နယ်ကို ဖွဲ့စည်းထားပေမယ့် အထဲမှာ အခြားလူမျိုးစုတွေ ရှိတယ်။ ဥပမာဆိုရင် ကချင်ပြည်နယ်ထဲမှာ ကချင်ကတစ်ဝက်လောက်ပဲ ရှိတယ်။ အခြားရှမ်းတွေ၊ မျိုးနွယ်စုတွေက တစ်ဝက်လောက် ရှိနေတယ်။ ကျွန်တော် ဆိုလိုတာက လက်မခံဘူးလို့ ပြောတာမဟုတ်ဘူး။ သတိထားဖို့ ပြောတာပါ" ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြားသည်။

ရှစ်ပြည်နယ် (သို့မဟုတ်) ၁၂ ပြည်နယ်
ရှစ်ပြည်နယ်နှင့် ဗမာပြည်နယ် သီးခြားသတ်မှတ်ရေး ကိစ္စသည် ခေတ်အဆက်ဆက် အောင်မြင်မှု မရရှိခဲ့သော အဆိုဖြစ်ခဲ့ခြင်းကြောင့် ပြည်ထောင်စုကို ရှစ်ပြည်နယ်နှင့် အထက်ဖွဲ့စည်းရေး ပုံစံကို တိုင်းရင်းသား အဖွဲ့အစည်းအချို့က တင်ပြမှုများ ရှိလာခဲ့သည်။
၂၀၀၈ ခုနှစ်အတွင်းက ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေး (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းကော်မတီက ၎င်းတို့ရေးဆွဲခဲ့သည့် မူကြမ်းတွင် ဖက်ဒရယ် ပြည်ထောင်စုတွင် အမျိုးသားပြည်နယ် ၁၂ ပြည်နယ်  ဖွဲ့စည်းရန် သတ်မှတ်ခဲ့သည်။ ပြည်ထောင်စု၏ လက်ရှိဖွဲ့စည်းပုံဖြစ်သော ပြည်နယ်နှင့် တိုင်း ၁၄ ခုကို ဖျက်သိမ်းပြီး ကချင်အမျိုးသားပြည်နယ်၊ ကရင်အမျိုးသား ပြည်နယ်၊ ကရင်နီအမျိုးသား ပြည်နယ်၊ ချင်းအမျိုးသား ပြည်နယ်၊ ဗမာအမျိုးသား ပြည်နယ်၊ မွန်အမျိုးသား ပြည်နယ်၊ တနင်္သာရီ အမျိုးသားများ ပြည်နယ်၊ ရခိုင်အမျိုးသား ပြည်နယ်၊ ရှမ်းအမျိုးသား ပြည်နယ်၊ ဧရာဝတီအမျိုးသားများ ပြည်နယ်နှင့် အမည်ဖော်ပြခဲ့ခြင်း မရှိသေးသော အခြားအမျိုးသား ပြည်နယ်နှစ်ခု အပါအ၀င် အမျိုးသားပြည်နယ် စုစုပေါင်း ၁၂ ခု ဖွဲ့စည်းရန် သတ်မှတ်ခဲ့သည်။
Q-19-8
၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်သော လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲမြင်ကွင်း (ဓာတ်ပုံ - ဟံသာဝတီသတင်းစာ ၂၅-၂-၁၉၆၂ ထုတ်)
"ကျွန်တော်တွေ့တာကတော့ တိုင်းခုနစ်တိုင်း၊ ပြည်နယ်ခုနစ်ပြည်နယ် အခုကျတော့ တိုင်းဒေသကြီး ခုနစ်ခုနဲ့ ပြည်နယ်ခုနစ်နယ် ဒီမူတွေအားလုံးက ပြည်ထောင်စု မဟုတ်သေးတာကို တွေ့ရတယ်လေ။ ဒါကြောင့် တောင်ကြီးမူလို ရှစ်ပြည်နယ်မူ ဆိုရင်လည်း ethnic base မဟုတ်ဘဲနဲ့ multiethnie နယ်တွေမှာ အခက်အခဲ ရှိပါတယ်။ ဒါကြောင့် multiethnie ပြည်နယ်တွေနဲ့ ethnic base ပြည်နယ်တွေပါ ပါလို့ရှိရင် ကျွန်တော်သိတာတော့ အကြမ်းဖျင်းပေါ့လေ။ ကျွန်တော်တို့ တိုင်းပြည်မှာ ခုနစ်ပြည်နယ်ကနေ ၁၅ ပြည်နယ် ဒီလောက်ပဲ ရှိနိုင်တယ်ဗျ" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
၁၂ ပြည်နယ် (သို့မဟုတ်) ၁၅ ပြည်နယ် သတ်မှတ်ရန် ကြိုးစားမှုမှာလည်း ပို၍ရှုပ်ထွေးစေသော အခြေအနေများကို ဦးတည်စေသည်ဟု သုံးသပ်ကြပါသည်။

၁၄ ပြည်နယ် ၁၄ ယူနစ်
တိုင်းရင်းသား အဖွဲ့အစည်း အချို့က ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရာ၌  ရှစ်ပြည်နယ်နှင့် ဗမာပြည်နယ် သီးခြားသတ်မှတ်ရေးကို ပြောဆိုလာချိန်၌ ကျန်ရှိသော တိုင်းရင်းသား အင်အားစုများ ရှိထားပြီးဖြစ်သော ပြည်နယ်နှင့် တိုင်း ၁၄ ခု ပုံသဏ္ဌာန်ကို မဖျက်ဘဲ တိုင်းဒေသကြီးများကို ပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်သည့် ၁၄ ပြည်နယ်၊ ၁၄ ယူနစ်ပုံစံ လိုလားကြောင်း ပြောဆိုမှုများ ရှိနေပါသည်။
"ကျွန်တော်တို့က ရှစ်ပြည်နယ်မူကို မကိုင်ဘူး။ ကျွန်တော်တို့က ၁၄ ယူနစ်ပေါ့။ တိုင်းဒေသကြီး ဆိုတာတွေကို ၁၄ ပြည်နယ် လုပ်လိုက်။ လုပ်ပြီးတော့ အဓိကက ဘာလိုလဲဆိုရင် တန်းတူရည်တူ အခွင့်အရေး ရရှိဖို့နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်က အရေးအကြီးဆုံးပဲ။ တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပုံစံ ဖြစ်ရမယ်" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။
"နောက်တစ်ခုက အခုစိုးရိမ်ကြတဲ့ ခုနစ်ပြည်နယ်၊ ရှင်းရှင်းပြောရရင် တိုင်းဒေသကြီးက ညီအစ်ကို ဗမာတွေက အများစုနေတယ်။ တိုင်းဒေသကြီးက ခုနစ်ခု၊ အမျိုးသား လွှတ်တော်မှာဆိုရင် ပြည်နယ်လည်း ခုနစ်ခု။ ဒါဆိုရင် ဘယ်လိုမှ Balance လုပ်လို့ မရဘူးလို့ ပြောကြတယ်။ အဲဒါကို ဗမာဖြစ်တဲ့ ညီအစ်ကိုတွေက သဘောထား ကြီးရမယ်။ အခုက အမျိုးသားလွှတ်တော် အတွက်ဆိုရင် တပြည်နယ်ကို ၁၂ ဦးစီမလား။ တစ်ကယ်လို့ Check and Balance ဖြစ်ချင်တယ်ဆိုရင် တိုင်းရင်းသားတွေနေတဲ့ ပြည်နယ်တွေမှာ ၁၈ ဦးစီပေးလိုက်။ ဗမာလူမျိုးတွေနေတဲ့ ပြည်နယ်တွေကို ၁၂ ဦးပဲ ယူလေ။ ဒါဆိုရင် အမျိုးသား လွှတ်တော်က Check and Balance ဆိုတဲ့ဟာက ဖြစ်သွားမယ်" ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားခဲ့သည်။
တိုင်းဒေသကြီး ခုနစ်ခုက ပြည်နယ်အဖြစ် သတ်မှတ်ပြီး ၁၄ ပြည်နယ် လုပ်ဆောင်မည့် အပိုင်းကို ရှစ်ပြည်နယ် လက်ခံသူများက လက်မခံနိုင်ကြောင်း ပယ်ချမှုများ ရှိပါသည်။
ရှမ်းမူ (ရှစ်ပြည်နယ်မူ) ကို အရင်တုန်းကလည်း သိပ်မထောက်ခံကြဘူး။ ဘာလို့ မထောက်ခံလဲဆိုတော့ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှမှုကို မဖြေရှင်းချင်လို့ မဟုတ်ဘူး။ တိုင်းရင်းသားတွေ တန်းတူညီမျှဖို့အတွက် ဒီပုံစံနဲ့ ဖြေရှင်းဖို့ မလိုဘူးလို့ ယူဆလို့ . . . . .
သို့သော် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီး တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ရပိုင်ခွင့်ကို အကောင်အထည် ဖော်ပေးနိုင်သည့် အာမခံချက် ရှိမည်ဆိုပါ ၁၄ ပြည်နယ် မဟုတ်သော ၁၄ ယူနစ် အဆိုကို လက်ခံဆွေးနွေးမည်ဟု ရှစ်ပြည်နယ် လိုလားသူများက ပြောကြားပါသည်။
"အမျိုးသား လွှတ်တော်မှာ တိုင်းရင်းသားတွေ ရထားတဲ့ အချိုးကို ပြင်ပေးမယ်။ ဥပမာအားဖြင့် တိုင်းဒေသကြီး တစ်ခုက နေရာ ၁၂ နေရာ ရထားတယ်။ တိုင်းရင်းသား ပြည်နယ်တွေကိုလည်း နေရာ ၁၂ နေရာ ပေးထားတယ်။ အဲဒီအချိုးကို တိုင်းဒေသကြီးတွေက ၁၂ နေရာပဲယူ၊ တိုင်းရင်းသားတွေကို ၁၅ နေရာ၊ ၂၀ စသဖြင့် ပိုရအောင် တိုးပေးမယ်။ အဲဒီဟာကို တိုးပေးပြီး တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကိုလည်း အာမခံမယ်ဆိုရင် ၁၄ ယူနစ် ကိစ္စကို ကျွန်တော်တို့လက်ခံပြီး ဆွေးနွေးမယ်။ ဒါပေမဲ့ တိုင်းဒေသကြီးတွေကို ပြည်နယ်အဖြစ် ပြောင်းလဲတာကိုတော့ မလိုချင်ဘူး။ လက်ရှိအတိုင်းတိုင်းနဲ့ ပြည်နယ် ၁၄ ခု အတိုင်း ဆက်ပြီးသတ်မှတ် ပေးထားရမယ်" ဟု ရှစ်ပြည်နယ်မူကို ထောက်ခံသော တိုင်းရင်းသားခေါင်းဆောင် တစ်ဦးက ပြောကြားပါသည်။
  
ဗမာတိုင်းရင်းသားများ၏ သဘောထား
ဗမာကို ပြည်နယ်အဖြစ် သတ်မှတ်ရေးကိစ္စမှာ လူများစု ဗမာတိုင်းရင်းသားများ၏ သဘောထားအပေါ်တွင် မူတည်နေပါသည်။
"ရှစ်ပြည်နယ် လုပ်မယ်ဆိုတာကို ဗမာတွေက လက်မခံဘူး။ လူမျိုးစု အနေနဲ့ကလည်း ရှစ်မျိုးလား။ အစိုးရ လုပ်ထားတဲ့ ၁၃၆ မျိုးလား။ အဲဒါကလည်း ပြဿနာတစ်ခု ဖြစ်နေတယ်" ဟု ဦးဝင်းတင်က ဆိုပါသည်။
"ရှစ်ပြည်နယ် jပည်ထောင်စုဆိုတဲ့ ဟာမျိုးက လက်ရှိအခြေအနေနဲ့ နည်းနည်း အလှမ်းကွာဝေးနေတယ်။ အဓိကကတော့ အခုတိုင်းဒေသကြီး ခုနစ်ခုက ပြောရမယ်ဆိုရင်တော့ နောင်တော် ဗမာအမျိုးသားများက အများစုနေတဲ့ ဒေသပေါ့။ အရင်က ပြည်မပေါ့ဗျာ။ ဒါကို တိုင်းဒေသကြီး ခုနစ်ခု ပြန်ခွဲလိုက်တာပေါ့။ အဲဒါကို တိုင်းဒေသကြီး ခုနစ်ခုအဖြစ် သဘောထားမလား။ ပြည်နယ်လေး တစ်ခုအဖြစ် လျှော့ချမလား။ အဓိကကတော့ ကာယကံရှင် ဗမာအမျိုးသားများရဲ့ စနစ်အရပါပဲ။ သူတို့ရဲ့ သဘောထားအပေါ်မှာလည်း အများကြီး မူတည်လိမ့်မယ်လို့ ထင်တယ်" ဟု ကချင်နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာတူးဂျာက ပြောကြားသည်။

"ရှမ်းမူ (ရှစ်ပြည်နယ်မူ) ကို အရင်တုန်းကလည်း သိပ်မထောက်ခံကြဘူး။ ဘာလို့ မထောက်ခံလဲဆိုတော့ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှမှုကို မဖြေရှင်းချင်လို့ မဟုတ်ဘူး။ တိုင်းရင်းသားတွေ တန်းတူညီမျှဖို့အတွက် ဒီပုံစံနဲ့ ဖြေရှင်းဖို့ မလိုဘူးလို့ ယူဆလို့။ ဆိုလိုတာက ရှစ်ပြည်နယ်၊ ကိုးပြည်နယ် စတဲ့ဖြေရှင်းမှုမျိုး မလိုအပ်ဘူး။ မြန်မာပြည်မှာ နေကြတဲ့ ပုံစံက လူမျိုးပေါင်းစုံ အတူနေထိုင်တာ ဖြစ်တယ်။ ဥပမာ ပြောရရင် တို့တွေနေတဲ့ ဧရာဝတီတိုင်းပေါ့။ ကရင်နဲ့ဗမာက လူဦးရေ အတူတူပဲ။ အဲဒါဆိုရင် ကရင်ပြည်နယ် ပြောမလား၊ ဗမာပြည်နယ်ပဲ ပြောမလား၊ အဲဒီမှာ စကားပြောစရာတွေ အများကြီး ဖြစ်လာတယ်။ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဒီလိုပုံစံ ရှိတယ်။ ဒါကြောင့် သဘောမကျဘူး။ ဒါပေမဲ့ တိုင်းရင်းသားတွေ တန်းတူညီမျှ ဖြစ်ရေးကိုတော့ သဘောတူတယ်။ တန်းတူညီမျှတော့ ဖြစ်ရမယ်။ တန်းတူညီမျှဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရမှာ ဖြစ်တယ်" ဟု ၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂခေါင်းဆောင် ဦးလှရွှေက ပြောကြားသည်။
"ကျွန်တော်တို့ လိုချင်တာက ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ထူထောင်ဖို့ပေါ့။ ဖက်ဒရယ်ရဲ့ အနှစ်သာရကိုက ကိုယ့်မူ၊ ကိုယ့်မြေ၊ ကိုယ့်ပြဋ္ဌာန်းခွင့်နဲ့ နေဖို့ဆိုတော့ ပြည်နယ်ကိစ္စ ဆိုတာက ဗမာတိုင်းရင်းသားတွေ ပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ဟာသူတို့ ခုနစ်ပြည်နယ်နဲ့ နေမလား၊ ရှစ်ပြည်နယ်နဲ့ နေမလား။ သူတို့ကြမ္မာ သူတို့ဖန်တီးမယ်လေ။ အဲဒါ ကျွန်တော်တို့ရဲ့ အမြင်ပဲ။ ကျွန်တော်တို့က လူသစ်တွေဆိုတော့ အိုင်ဒီယာသစ်တွေနဲ့ ချဉ်းကပ်တယ်။ လူဟောင်းတွေကျတော့ အိုင်ဒီယာ ဟောင်းတွေနဲ့ပဲ ဒီယန္တရားကို လည်ပတ်ဖို့ ကြိုးစားနေတယ်" ဟု ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြားသည်။
ရှစ်ပြည်နယ်မူကို ဗမာတိုင်းရင်းသားများက လက်မခံပါက လက်ခံနိုင်သည်အထိ ဆွေးနွေးမည်ဟု ဦးခွန်ထွန်းဦးက ပြောကြားသည်။
"လက်မခံနိုင်ဘူး ဆိုရင်တော့ လက်ခံနိုင်သည်အထိ စားပွဲဝိုင်းမှာ ဆွေးနွေးရမှာပဲလေ။ (တပ်မတော်က) အာဏာသိမ်းဖို့ စဉ်းစားမယ် ဆိုရင်လည်း လုပ်မယ်ဆို လုပ်လို့ရတာပဲ။ ဒါပေမဲ့ သူ့ရဲ့ဘေးထွက်ဆိုးကျိုးက ရှိဦးမယ်။ ကျွန်တော်တို့က ထွက်ပြေးလို့ မရဘူး။ ဖမ်းမယ်ဆိုလည်း လိုက်သွားရုံ ရှိတာပဲ" ဟု ဦးခွန်ထွန်းဦးက ဆိုပါသည်။

စစ်မှန်သော ဖက်ဒရယ်သည်သာ အဓိက
"ရှမ်းမူ" ကို အခြေခံသော ဖက်ဒရယ်မူအရ ရှစ်ပြည်နယ် သတ်မှတ်ရေးနှင့် ဗမာပြည်နယ် သီးခြားသတ်မှတ်ရေးကို တောင်းဆိုမှုများ ရှိနေချိန်တွင် စစ်မှန်သော ဖက်ဒရယ်မူ၏ အနှစ်သာရဖြစ်သော တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုသာ ရရှိမည် ဆိုပါက ရှစ်ပြည်နယ်ကိစ္စနှင့် ဗမာပြည်နယ် သီးခြားသတ်မှတ်ရေးတို့မှာ အရေးမပါသော အခြေအနေတစ်ရပ် ဖြစ်မည်ဆိုသော သုံးသပ်မှုများ ရှိပါသည်။
"ရှစ်ပြည်နယ်ပဲဖြစ်ဖြစ်၊ ဒီမိုကရက်တစ် ဖယ်ဒရယ် ပြည်ထောင်စုလို့ပဲ ဖြစ်ဖြစ် ပြောချင်တာက တန်းတူညီမျှရဖို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရဖို့ကို လိုချင်တယ်" ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းဇေယျာက ပြောကြားသည်။
တချို့ဖက်ဒရယ်စနစ် တိုင်းပြည်တွေမှာ ဒီမိုကရက်တစ် စနစ်ကို မသုံးဘဲနဲ့ အာဏာရှင်စနစ်တို့၊ ဆိုရှယ်လစ် ကွန်မြူနစ်စနစ်တို့၊ တစ်ပါတီစနစ်တို့လို သုံးတဲ့အတွက် တချို့ဖက်ဒရယ် တိုင်းပြည်တွေက ပြိုကွဲခဲ့ရတာ ရှိတယ်။ ဒါက နိုင်ငံရေး စနစ်အမှားကြောင့် ဖြစ်တာ။ ဒါကြောင့် ကျွန်တော်တို့က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် နိုင်ငံရေး စနစ်ကိုလည်း အမှားခံလို့ မရဘူး။ နိုင်ငံရေး စနစ်ကလည်း ဒီမိုကရက်တစ် နိုင်ငံရေးစနစ်ဖြစ်ဖို့ လိုတယ် . . . . .
"အရေးကြီးတာက ဘာလဲဆိုတော့ ဖက်ဒရယ်အဆင့် သွားဖို့က အာဏာခွဲဝေမှုက အဓိကပဲ။ ဗဟိုအစိုးရကနေ ပြည်နယ်အစိုးရကို အာဏာခွဲဝေရေး ပြေလည်သွားမယ်၊ မျှတသွားမယ်ဆိုရင် ကျေနပ်ကြမှာပဲ။ ကိုယ့်ပြည်နယ်မှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ပဲ။ အရေးကြီးတာက ပြည်နယ်သားတွေ သူတို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး အခွင့်အရေး ပေးနိုင်ဖို့ပါပဲ။ အဲဒါ ပေးလိုက်ရင် ကျန်တဲ့ပြဿနာတွေ သူ့ဟာသူ ပြေလည်သွားလိမ့်မယ်။ အခုအချိန်မှာ ဘာမှဒါတွေက မထင်ရှားသေးတဲ့ အချိန်ကျတော့ ဟိုဟာဖြစ်ရမယ်၊ ဒီဟာဖြစ်ရမယ်ဆိုပြီး ဆန္ဒတွေ ဖော်ထုတ်နေကြတာပေါ့။ ခုနပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအဆင့် ရောက်လာရင် ကျေနပ်သွားမယ့် လူတွေလည်း အများကြီး ရှိပါတယ်" ဟု ဒေါက်တာတူးဂျာက ဆိုသည်။
"ရှစ်ပြည်နယ်ပဲ ပြပြ၊ ဘယ်နှစ်ပြည်နယ်ပဲ ပြပြ၊ ငါးပြည်နယ် ပဲပြပြ၊ အရင်တုန်းက ငါးပြည်နယ်ပဲ ရှိတာကိုး။ ဘယ်လိုပဲပြပြ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူညီတူ အခွင့်အရေး မရှိရင် ဘာမှမထူးဘူး။ ကျွန်တော်တို့က တန်းတူညီတူ အခွင့်အရေး ရှိရမယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရမယ်။ ကိုယ့်ဒေသ ကိုယ့်အုပ်ချုပ်ပိုင်ခွင့် ရှိရမယ်။ အဓိကက ပြည်ထောင်စု လုပ်ပိုင်ခွင့်နဲ့ ပြည်နယ်လုပ်ပိုင်ခွင့်။ ပြည်ထောင်စု လုပ်ပိုင်ခွင့်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးက ပြည်ထောင်စု လုပ်ပိုင်ခွင့်ထား။ နိုင်ငံခြားရေးက ပြည်ထောင်စု လုပ်ပိုင်ခွင့်ထား။ ငွေရေးကြေးရေး၊ ပင်လယ်ရေကြောင်း၊ ပညာရေးတို့ကိုလည်း ပြည်ထောင်စုထား။ အဲဒီတော့ ပြည်ထောင်စု လုပ်ပိုင်ခွင့်ကို ငါးခုခြောက်ခုလောက်ထားပြီး ကျန်တာတွေအားလုံးကို ပြည်နယ်လုပ်ပိုင်ခွင့် ပေးလိုက်။ ဒါဆိုရင် တရားမျှတသွားမယ်။ ကျွန်တော်တို့ လိုချင်တဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လည်း ဖြစ်လာမယ်" ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး
"အခု ပြောနေတာတွေ အကုန်လုံးရဲ့ အချုပ်က ၂၀၀၈ အခြေခံ ဥပဒေပေါ် မူတည်တယ်။ ဒီအခြေခံ ဥပဒေအရ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ဒီတော့ အခြေခံဥပဒေကို ဘယ်လိုပြင်ကြမလဲ။ အားလုံးပါဝင်တဲ့ ညီလာခံကြီး တစ်ခုကို လုပ်ရမယ်။ ဒီညီလာခံ ဖြစ်ဖို့အတွက် ဘယ်လိုတောင်းဆိုမလဲ ဆိုတာကို အရင်ဆုံး စဉ်းစားဖို့ လိုတယ်။ အဲဒီညီလာခံကနေမှ ရလာတဲ့ အဖြေအရ လုပ်ကြရမှာပဲ ဖြစ်တယ်" ဟု ဦးဝင်းတင်က ဆိုပါသည်။
"အမှန်ကတော့ လက်ရှိရှိနေတဲ့ အခြေခံဥပဒေကို ဘာတွေဟာ ပြင်သင့်တယ်။ ဘာတွေဟာ မပြင်သင့်ဘူး ဆိုတာကို မြန်မာနိုင်ငံမှာ ရှိနေတဲ့ လူမျိုးစုံက ဆွေးနွေးပြီးတော့မှ ပြင်သင့်တာ ပြင်ဖို့ပဲ။ ဖွဲ့စည်းပုံ ဥပဒေ ခဏခဏ ဖျက်လိုက်၊ အသစ်ဆွဲလိုက် ဆိုရင်တော့ မကောင်းဘူး" ဟု သခင်ချန်ထွန်းက ပြောပါသည်။
"လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ တိုင်းရင်းသား လူမျိုးစုတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တန်းတူရည်တူ ခွင့်တွေကို တင်းပြည့်ကျပ်ပြည့် ရနိုင်သရွေ့၊ ရအောင် စနစ်တကျ ချဉ်းကပ်ဆောင်ရွက် သင့်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်တာ ဖြစ်ဖြစ်၊ အသစ်ရေးတာ ဖြစ်ဖြစ်မှာ အဲဒီ အခွင့်အရေးတွေကို တိတိကျကျ ဖော်ပြထားတာမျိုး ပါဝင်ဖို့ ၀ိုင်းဝန်းဆောင်ရွက် သင့်တယ်" ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။
ထို့အပြင် တိုင်းရင်းသား ခေါင်းဆောင်များ အနေဖြင့် မိမိတို့၏ လိုလားချက်များကို ပြင်းထန်သော အယူအဆများဖြင့် မတောင်းဆိုသင့်ဘဲ အားလုံးပါဝင်ပြီး နိုင်ငံရေး နည်းလမ်းအရ ပြုလုပ်သော စကားဝိုင်းများဖြင့် ဆွေးနွေးအဖြေရှာသင့်ကြောင်းနှင့် ပြင်းထန်သော အယူအဆများက ခရီးမပေါက်နိုင် ဖြစ်မည်ကို သတိထားသင့်ကြောင်း ပြောဆိုခဲ့ကြသည်။
တိုင်းရင်းသားများက ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရန် ခေတ်အဆက်ဆက် တောင်းဆိုခဲ့ရာမှာ လက်ရှိအချိန်တွင် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန်ဆိုသော တောင်းဆိုမှုများ ရှိနေပါသည်။ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုသည် အဓိပ္ပာယ် မကွဲပြားသော်လည်း ဒီမိုကရေစီကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု ပုံစံက ပိုမိုကောင်းမွန်ကြောင်း ပြောဆိုမှုများ ရှိပါသည်။
"ဒီဖက်ဒရယ် ဒီမိုကရက်၊ ဖက်ဒရယ် ပြည်ထောင်စုလို့ ပြောလိုက်တာက ဖက်ဒရယ် ပြည်ထောင်စုအတွင်းမှာ ကျင့်သုံးမယ့် နိုင်ငံရေး စနစ်ပေါ့။ Political System က Democratic System ကို သုံးမယ်လို့ ပြောလိုက်တဲ့ သဘောပါပဲ။ ဘာကြောင့်လဲဆိုတော့ တချို့ဖက်ဒရယ်စနစ် တိုင်းပြည်တွေမှာ ဒီမိုကရက်တစ် စနစ်ကို မသုံးဘဲနဲ့ အာဏာရှင်စနစ်တို့၊ ဆိုရှယ်လစ် ကွန်မြူနစ်စနစ်တို့၊ တစ်ပါတီစနစ်တို့လို သုံးတဲ့အတွက် တချို့ဖက်ဒရယ် တိုင်းပြည်တွေက ပြိုကွဲခဲ့ရတာ ရှိတယ်။ ဒါက နိုင်ငံရေး စနစ်အမှားကြောင့် ဖြစ်တာ။ ဒါကြောင့် ကျွန်တော်တို့က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် နိုင်ငံရေး စနစ်ကိုလည်း အမှားခံလို့ မရဘူး။ နိုင်ငံရေး စနစ်ကလည်း ဒီမိုကရက်တစ် နိုင်ငံရေးစနစ်ဖြစ်ဖို့ လိုတယ်" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါသည်။
"ကျွန်တော်တို့က သီအိုရီအရ ဆွေးနွေးတယ်ဆိုပေမယ့် ပြည်သူလူထုရဲ့ သဘောထားက အရေးကြီးလာတယ်။ ပြည်သူလူထုရဲ့ ဆန္ဒ၊ သူတို့ရဲ့ အသံ။ အရေးအကြီးဆုံးပဲဗျ။ ကျွန်တော်တို့ရဲ့ တိုင်းပြည်မှာ Permanent Constitution တစ်ခု ပေါ်လာဖို့ဆိုရင် ပြည်သူလူထုရဲ့ ပါဝင်ပတ်သက်မှုနဲ့ သူတို့ရဲ့အသံ၊ သူတို့ရဲ့ဆန္ဒ ရောင်ပြန်ဟပ်ဖို့ လိုတယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်တယ်" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက်ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်စနစ် ဖော်ဆောင်ရာ၌ ရှစ်ပြည်နယ်နှင့် ဗမာပြည်နယ် သတ်မှတ်ရေးကို မိမိတစ်ဦးတည်း၏ အမြင်ဖြင့် မပြောလိုကြောင်း ဆိုပါသည်။
"အဲဒါက ဆွေးနွေးယူရမှာပဲ။ အန်တီတစ်ယောက်တည်း သဘောထားနဲ့ ဘယ်လိုပြောလို့ ရမှာလဲ။ ဒီပုံစံကို ရှမ်းတိုင်းရင်းသားတွေအပြင် အခြားတိုင်းရင်းသားတွေရော ဘယ်လိုမြင်သလဲဆိုတာ ဟိုဘက်ဒီဘက် ညှိနှိုင်းဆွေးနွေး ရမှာပဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ  အခြေခံဥပဒေနှင့် လွှတ်တော်ကိုယ်စားလှယ် အချိုး
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်)ကို ဖွဲ့စည်းရာတွင် မြို့နယ်ကို အခြေခံ၍ လည်းကောင်း၊ လူဦးရေကို အခြေခံ၍ လည်းကောင်း မြို့နယ် ၃၃၀ မှ လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး စုစုပေါင်း ၄၄၀ ဦးဖြင့် ဖွဲ့စည်းရမည် ဖြစ်ပါသည်။ အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) ကို ဖွဲ့စည်းရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုစီမှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်စေပြီး သက်ဆိုင်ရာ ပြည်ထောင်စု နယ်မြေများ အပါအ၀င် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး၊ သက်ဆိုင်ရာ ပြည်ထောင်စု နယ်မြေများအပါအ၀င် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး စုစုပေါင်း ၂၂၄ ဦးဖြင့် ဖွဲ့စည်းရမည်ဟု ဖော်ပြခဲ့ပါသည်။
ထို့ကြောင့် လူဦးရေနှင့် မြို့နယ်အရ ရွေးချယ်ရသော ပြည်သူ့လွှတ်တော်၌ ရရှိသော လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို တိုင်းရင်းသားများဘက်က ကန့်ကွက်ခြင်း မရှိသော်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အရေအတွက်မှာ တိုင်းရင်းသားများအတွက် မျှတမှု မရှိကြောင်း ပြောဆိုမှုများ ရှိခဲ့ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုမှ ရွေးချယ်တင်မြှောက်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အရေအတွက် ၁၆၈ ဦးတွင် တိုင်းရင်းသား ဒေသများမှ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်မှာ ၈၄ ဦးသာ ပါဝင်ပြီး ကျန် ၈၄ ဦးမှာ ဗမာများ ဖြစ်နေသဖြင့် ထိုအရေအတွက်ကို မျှတမှုရှိစေရန် တိုင်းဒေသကြီးများကို ဖျက်သိမ်းပြီး ဗမာပြည်နယ် သီးခြားသတ်မှတ်ရန်နှင့် ရှစ်ပြည်နယ်ဖွဲ့စည်းရန် တောင်းဆိုမှုများ ရှိလာခဲ့ခြင်း ဖြစ်ပါသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လူဦးရေ၊ ခရိုင်၊ မြို့နယ်အလိုက်
စဉ် ပြည်နယ်/တိုင်းဒေသကြီး အကျယ်အ၀န်း (စတုရန်းမိုင်) လူဦးရေ ခရိုင် မြို့နယ်
၁။ ကချင်ပြည်နယ် ၃၄၃၇၉ .၂၂ ၁၂၅၄၃၈၁ ၁၈
၂။ ကယားပြည်နယ် ၄၅၂၉ .၅၆ ၂၇၆၆၉၃
၃။ ကရင်ပြည်နယ် ၁၁၇၃၀ .၈၅ ၁၃၄၇၇၃၂
၎။ ချင်းပြည်နယ် ၁၃၉၀၆ .၉၇ ၄၈၇၃၆၁
၅။ မွန်ပြည်နယ် ၄၇၄၇ .၇၆ ၂၅၁၈၁၅၂ ၁၀
၆။ ရခိုင်ပြည်နယ် ၁၄၂၀၀ .၀၈ ၂၆၄၉၈၀၂ ၁၇
၇။ ရှမ်းပြည်နယ် ၆၀၁၅၅ .၂၃ ၄၆၇၅၅၅၅ ၁၂ ၅၄
၈။ မကွေးတိုင်းဒေသကြီး ၁၇၃၀၅ .၃၂ ၄၇၇၀၉၀၅ ၂၅
၉။ မန္တလေးတိုင်းဒေသကြီး ၁၄၆၅၀ .၈၇ ၆၉၃၅၃၅၇ ၃၀
၁၀။ ရန်ကုန်တိုင်းဒေသကြီး ၃၉၆၇ .၈၆ ၅၉၀၇၂၈ ၄၅
၁၁။ စစ်ကိုင်းတိုင်းဒေသကြီး ၃၆၅၃၄ ၅၄၄၉၉၃၄ ၃၈
၁၂။ တနင်္သာရီတိုင်းဒေသကြီး ၁၆၇၃၅ .၅၆ ၁၃၂၈၈၁၃ ၁၀
၁၃။ ပဲခူးတိုင်းဒေသကြီး ၁၅၂၁၃ .၃၃ ၄၉၇၇၉၆၆ ၂၈
၁၄။ ဧရာဝတီတိုင်းဒေသကြီး ၁၃၅၂၅ .၁၈ ၇၀၅၁၃၄၈ ၂၆

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တိုင်းနှင့်ပြည်နယ်အလိုက်၏ ယှဉ်ပြိုင်အရွေးခံ ကြသူများ
(၁) ကချင် ၉၃
(၂) ကယား ၃၃
(၃) ကရင် ၅၁
(၄) ချင်း ၅၅
(၅) စစ်ကိုင်း ၂၄၂
(၆) တနင်္သာရီ ၄၅
(၇) ပဲခူး ၂၅၅
(၈) မကွေး ၁၇၀
(၉) မန္တလေး ၂၉၇
(၁၀) မွန် ၉၅
(၁၁) ရခိုင် ၁၅၂
(၁၂) ရန်ကုန် ၄၀၀
(၁၃) ရှမ်း ၂၀၄
(၁၄) ဧရာဝတီ ၂၀၄

စုစုပေါင်း ၂၂၉၆
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုးစု အခြေခံပါတီ ၃၆ ပါတီ၊ ကျောင်းသားလူငယ်ပါတီ ရှစ်ပါတီ၊ နိုင်ငံရေး သမားဟောင်းများပါတီ ၂၀ ပါတီ၊ နိုင်ငံရေး အရည်အသွေးစုံပါတီ ၂၉ ပါတီ၊ စုစုပေါင်း ၉၃ ပါတီ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ပါသည်။ ထိုသို့ ယှဉ်ပြိုင်ရာတွင် ကချင်ခြောက်ပါတီ၊ ကယားနှစ်ပါတီ၊ ကရင်သုံးပါတီ၊ ချင်းနှစ်ပါတီ၊ မွန်တစ်ပါတီ၊ ဗမာ ၅၇ ပါတီ၊ ရခိုင်ကိုးပါတီ၊ ရှမ်း ၁၂ ပါတီ၊ နာဂတစ်ပါတီ အစရှိသဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗမာပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မဲဆန္ဒနယ် အများဆုံးတွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်တင်မြှောက်ခံရသော ပါတီများနှင့် အနိုင်ရ ကိုယ်စားလှယ် အရေအတွက်
စဉ် ပါတီအမည် ကိုယ်စားလှယ်အရေအတွက်
၁။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၃၉၂ ဦး
၂။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၂၁ ဦး
၃။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ၁၁ ဦး
၎။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၁၀ ဦး
၅။ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ၅ ဦး
၆။ အမျိုးသား လူ့အခွင့်အရေးဒီမိုကရက်တစ်ပါတီ ၄ ဦး
၇။ ကချင်ပြည်နယ်အမျိုးသား ဒီမိုကရေစီကွန်ဂရက် ၃ ဦး
၈။ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၃ ဦး
၉။ အမျိုးသား ဒီမိုကရေစီပါတီ ၃ ဦး
၁၀။ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ၃ ဦး
၁၁။ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ် ၂ ဦး
၁၂။ ကယန်းအမျိုးသားများ စည်းလုံးညီညွတ်ရေး ဒီမိုကရေစီအဖွဲ့ ၂ ဦး
၁၃။ ဇိုမီး အမျိုးသားကွန်ဂရက် ၂ ဦး
၁၄။ နာဂတောင်တန်းဒေသတိုးတက်ရေးပါတီ ၂ ဦး
၁၅။ တအာဝ်း(ပလောင်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂ ဦး
၁၆။ ကမန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁ ဦး
၁၇။ ကရင်ပြည်နယ် အမျိုးသားများအဖွဲ့ချုပ် ၁ ဦး
၁၈။ ဒီမိုကရေစီပါတီ ၁ ဦး
၁၉။ ဒီမိုကရက်တစ် တက္ကသိုလ်ဘွဲ့ရနှင့် ကျောင်းသားဟောင်းများအဖွဲ့ ၁ ဦး
၂၀။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် ၁ ဦး
၂၁။ ပြည်ထောင်စု ဓနုအမျိုးသား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁ ဦး
၂၂။ ပြည်ထောင်စုအမျိုးသားများ ဒီမိုကရေစီပါတီ ၁ ဦး
၂၃။ မရာ ပြည်သူ့ပါတီ ၁ ဦး
၂၄။ မြိုခေါ်ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့ ၁ ဦး
၂၅။ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ ၁ ဦး
၂၆။ ရှမ်းပြည်နယ် ကိုးကန့် ဒီမိုကရက်တစ်ပါတီ ၁ ဦး
၂၇။ လားဟူ အမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ ၁ ဦး

၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အလိုက် ပါတီများမှ အရွေးချယ်ခံ ကိုယ်စားလှယ်များ









T-19-8

Eleven

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...