Friday, August 23, 2013

KIA မှ အမည်စာရင်းကောက်ထားသော ဒေသခံလူငယ်များအား လူသစ်အဖြစ်ခေါ်ဆောင်မည်ဟု သတင်းများ ထွက်ပေါ်



သြဂုတ်လ ၂၁ ရက် ၂၀၁၃

       ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ဇွန်လမှစ၍ အမည်စာရင်းကောက် ထားသော ဒေသခံ ကချင် လူငယ် များ အား လူသစ်အဖြစ် KIA အဖွဲ့မှ လာရောက်ခေါ်ဆောင်မည်ဟု သြဂုတ် ၁၉ ရက်နေ့ တွင်ယင်း မြို့နယ်၌ သတင်းများ ထွက်ပေါ် လျက်ရှိ သည်။
 အဆိုပါကိစ္စနှင့်ပတ်သက်၍ မြို့ခံဝန်ထမ်းတစ်ဦးက “အဲဒီလိုအမည် စာရင်း ကောက်ခိုင်းတာတော့ လွန်ခဲ့တဲ့ နှစ်လလောက် ကတည်း က သိခဲ့တာပါ။ ပယင်းမှော်ထဲမှာ အမည်စာရင်းလာကောက်လို့ တစ်ချို့လူငယ်တွေ ပြန်ပြေးလာကြတာရှိတယ်။ အခုလည်း ကြားရပြန်ပြီ၊ လူငယ်တွေကိုပဲရွေးပြီး လူသစ်စုနေတာတော့ မဖြစ်သင့် တော့တဲ့ကိစ္စပဲလေ၊ ဒီလို ကိစ္စတွေဘယ်တော့ မှ ပျောက်မလဲ မသိပါဘူး” ဟု ပြောပြသည်။
            “ဒီလကုန်ရင် အမည်စာရင်းကောက်ထားတဲ့ လူငယ်တွေကို ကချင် လွတ်မြောက်ရေးတပ်က လာခေါ်မယ်လို့ သိရပါတယ်။ လူသစ် လုပ်ရမယ်ဆိုတော့ ကလေးတွေလည်း ကြောက်နေကြတာပေါ့၊ သူတို့စိတ်ပါလို့ လုပ်ချင် တယ်ဆိုရင်တော့ ပြောစရာမရှိပါဘူး။ အခုလိုအလိုဆန္ဒမတူဘဲ အတင်းလူသစ်လုပ်ခိုင်းတာကတော့ မတရားဘူး ပေါ့။ ပြီးရင် ပြန်ပြေးလာကြတာပဲ၊ သူတို့ဘ၀တွေပဲ နစ်မွန်းတာလေ၊ အချို့ ဆိုရင် ကျောင်းတက်နေတဲ့ အရွယ်ပဲ ရှိသေးတာ” ဟု မိုင်းခွန်ရွာတွင် နေထိုင်သော အမည်စာရင်းပေးခံထား ရသည့် လူငယ်တစ်ဦး၏ ဖခင်ရွာသား တစ်ဦးက ပြောပြသွားသည်။
        ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ ယခုကဲ့သို့တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ဒေသခံ လူငယ်များအား လူသစ်အဖြစ်သြဂုတ် လကုန်တွင် လာရောက်ခေါ်ဆောင်မည်ဟု သတင်းများထွက်ပေါ်နေ၍ ဒေသခံမိဘများမှာ စိတ်ထိခိုက်နေ ကြကြောင်း၊ ကျောင်းနေ အရွယ် အချို့လူငယ်များမျာ အခြားမြို့၊ ရွာများ၌ သွားရောက်ပညာ သင်ကြား နေရကြောင်း၊ လူသစ်အဖြစ် မလုပ်လိုသော ဒေသခံကချင်လူငယ်အချို့မှာ နေရပ် ကိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြပြီး ကြုံရာအလုပ်ကို လုပ်ကိုင်စားရမည့် အခြေအနေများနှင့် ရင်ဆိုင် နေကြရကြောင်း ဒေသခံတိုင်းရင်းသားများ၏ ပြောပြချက်အရ သိရှိရပါသည်။

ခွန်နော်

ကချင်နေစဉ်သတင်း 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...