အဘ သခင်ကိုယ်တော်မှိုင်းသည် ပြည်ခရိုင်
ရွှေတောင်မြို့နယ် ဝါးလယ်ရွာနေ အဖဦးစံထွန်း၊ အမိဒေါ်အုန်းတို့၏ သားဖြစ်ပြီး
သက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက်
ကြာသပတေးနေ့၌ ဖွားမြင်ခဲ့ပါသည်။
ငယ်စဉ်အရွယ်က ကျီးသဲလေးထပ် ဆရာတော်ထံတွင် တစ်ဆယ့်ကိုးနှစ်သား အရွယ်အထိ
ရှင်သာမဏေ ဘဝဖြင့် ပညာသင်ယူခဲ့ပြီး အထက်အညာ ဒေသများဖြစ်သော မုံရွာ၊
ပဒုံ(အလုံ)၊ ရွှေဘို၊ ဘုတလင်၊ မောင်းထောင် အစရှိသော မြို့များတွင်
လှည့်လည်ကာ ပညာဗဟုသုတများကို လိုလားစွာ လုံ့လ ဝီရိယပြု၍ ဆည်းပူး
သင်ကြားခဲ့သည်။
ပဉ္စင်းဘဝသို့ တက်မည်ဟု
ကြံစည်စိတ်ကူးသော်လည်း ပဉ္စင်းဖြစ်ရန် အထုံမပါသည့် အလျောက် စိတ်ကူးကြံစည်
နေဆဲတွင် ဖခင် ကွယ်လွန်ခဲ့သဖြင့် မိခင်ကို လုပ်ကိုင် ကျွေးမွေးရန်
တာဝန်ရှိလာကာ ရှင်လူထွက်၍ မိခင်ထံ ပြန်ခဲ့ရသည်။ ထို့နောက် ရန်ကုန်မြို့သို့
ရောက်ရှိခဲ့ပြီး ဇမ္ဗူ့ကျက်သရေ ပုံနှိပ်တိုက်တွင် စတင်
အလုပ်လုပ်ကိုင်ခဲ့သည်။ ထိုကဲ့သို့ အလုပ်လုပ်နေစဉ် စာပေ ဝါသနာကြီးခဲ့သူ
ပီသစွာ ပြဇာတ်စာပေ ၈ဝ ကျော်ကို ရေးသားခဲ့သည်။ ရန်ကုန် သတင်းစာတိုက်မှ
ကန်ထရိုက် ယူထားသော ပုလိပ်ဂေဇက် သတင်းစာတွင် အယ်ဒီတာအဖြစ် လည်းကောင်း၊
မော်လမြိုင်မြို့မှ ထုတ်ဝေသော မြန်မာတိုင်းမ် သတင်းစာတွင် အယ်ဒီတာအဖြစ်
လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ပုံနှိပ်တိုက်တွင် အလုပ်လုပ်နေစဉ်
''ဆရာလွန်း'' ဟူသော အမည်ဖြင့် မော်လမြိုင် ရာဇဝင် ဝတ္ထုစာအုပ်ကို ရေးသား
ပုံနှိပ်ခဲ့သည်။
ဆရာကြီး၏ အရွယ်သည် ထိုစဉ်အခါက
အသက်သုံးဆယ်မျှသာ ရှိသေးသည်။ ဆရာလွန်း အမည်ဖြင့် ရေးသားခဲ့သော မော်လမြိုင်
ရာဇဝင်ဝတ္ထုမှာ အလွန်ရှေးကျပြီး အဆင့်မြင့်သော စာအုပ် ဖြစ်ခဲ့သောကြောင့်
ဆရာကြီး ရေးသားခဲ့သော ကျမ်းစာအုပ်ပေါင်း သုံးဆယ်ကျော် အနက် ထင်ရှားသော
စာအုပ်ဖြစ်ခဲ့သည်။ ဆရာကြီးသည် အသက် ၂၁ နှစ် အရွယ်တွင် အိမ်ထောင်ပြုခဲ့ပြီး
အသက် ၄ဝ ကျော် အရွယ်တွင် ဇနီးဖြစ်သူ ကွယ်လွန်သွားခဲ့၏။ အရွယ်ကောင်းတုန်း
အချိန် အိမ်ထောင် ပျက်ခဲ့သော်လည်း နောက်ထပ် အိမ်ထောင်သစ် မထူထောင်ဘဲ
နေခဲ့၏။ မစ္စတာ မောင်မှိုင်း အမည်ခံယူခဲ့ခြင်း။
ဆရာကြီးသည် ''မစ္စတာမောင်မှိုင်း'' ဟူသော
အမည်ကို မခံယူမီက ဆောင်းပါးဆရာ၊ ပြဇာတ် ဆရာလည်းဖြစ်ခဲ့ရာ ''မောင်လွန်း''
အမည်ဖြင့်သာရေး၍ ဆောင်းပါးများ ရေးသားသော ကလောင်အမည်မှာ ''မောင်သမာဓိ''
ဖြစ်သည်။ ဝိုင်အမ်ဘီအေ အသင်းများ ပေါ်ပေါက်ချိန်၌ အသင်းဝင်လည်းဖြစ်၊
ဆရာကြီးထံ ကဗျာစာပေ သင်ကြားနေသူလည်း ဖြစ်သော ဦးမေအောင်၏
ခေါင်းဆောင်မှုဖြင့် အစည်းအဝေးများသို့ တက်ရောက် ရသောအခါ ခေါင်းဆောင်သူ
လူတစ်စုမှာ မျက်နှာဖြူအလိုကျ မိမိတို့၏ အမည်များကို ''မစ္စတာ'' တပ်၍
ပြောလေ့ရှိသည်ကို နားကြားပြင်းကတ်ကာ အတွေးတစ်ခု ဝင်သွားခဲ့သည်။
မျက်နှာဖြူ အလေ့အထကို ဗန်းတင်ကာ မိမိတို့
မိရိုးဖလာ အမည်ရှေ့က ဦး၊ကို၊ မောင်များကို ဖျောက်၍ မစ္စတာတပ် နေသည်ကို
ချိုးရန် သတင်းစာ တစ်စောင်ထဲ၌ ''ဗိုလ်ဋီကာ'' ကို ရေးသားလိုက်ရာ ကလောင်ကို
''မစ္စတာမောင်မှိုင်း'' ဟူသော အမည်တပ်လိုက်၏။ ထိုအခါ ပြည်တွင်း မစ္စတာများက
သတင်းစာတိုက်သို့ လာပြီး''မစ္စတာ'' ဆိုသောစကားကို အလွဲသုံးစား
ပြုရမည်လားဆိုကာ ရေးသားသူ ဆောင်းပါးရှင်ကို မေးမြန်းကြရာ အမှန်ကို
သိသွားသောအခါ ''မောင်မှိုင်း'' အမည်ခံယူသူ ဆရာကြီးမှာ အကြိမ်းအမောင်း
ခံခဲ့ရရှာလေသည်။ ဆရာကြီးကလည်း ''မစ္စတာမောင်မှိုင်း'' ကလောင်အမည်နှင့်ပင်
ဆောင်းပါး ပေါင်းများစွာကို ရေးသားခဲ့ရာ ''မစ္စတာကြီး''များနှင့်
အတော်အတိုက်အခံ ဖြစ်ခဲ့ရပြီး သတင်းစာထဲ၌ပင် အပြန်အလှန် ''မစ္စတာ'' ချင်းထပ်
အရေးအသားများ ရှိနေခဲ့ပြီး အချိန်ကြာသော် အားကုန်ကာ ပြတ်တောက်
မှေးမှိန်သွားသည်အထိ ဖြစ်ခဲ့ရလေသည်။
သခင်ကိုယ်တော်မှိုင်းဘွဲ့ကို ခံယူခြင်း။
ဆရာကြီးသည် တို့ဗမာ အစည်းအရုံးမှ ဦးစီး ခေါင်းဆောင်ပြု၍
ရေနံချောင်းမြို့တွင် ကျင်းပသည့် ကွန်ဖရင့်ကြီးသို့ တက်ရောက်
အားပေးရာမှအပြန် သခင်တပ် လူငယ်များ၏ ဆန္ဒ၊ ဝါဒများကို နှစ်သက်
သဘောကျခြင်းဖြစ်ကာ ''သခင်'' စိတ်ဝင်လာသည်နှင့် မိမိအမည်ကို တိုင်းသိ၊
ပြည်သိ ကြေညာသည့် သဘောဖြင့် ''သခင်ကိုယ်တော်မှိုင်း'' ဟု ကလောင်အမည်ခံကာ
တို့ဗမာ အစည်းအရုံးနှင့် သက်ဆိုင်သော ရနံချောင်းမြို့ တို့ဗမာ
ကွန်ဖရင့်ဘွဲ့ ကဗျာလေးချိုးကြီးကို စပ်ဆိုခဲ့သည်မှာ...
''တို့ဗမာတစ်ခွင်၊ သခင်ထိုအကျော်အမော်
ဂိုဏ်းတို့ဖြင့် မှို့ရတနာ၊ သဘင်အကြင် ဗြဟ္မစိုရ်၊ မော်ကသိုဏ်းတို့နှင့်
ပလ္လင်ဗဟိုသော် တနှိုင်းပေပ၊ ဇမ္ဗူသမိုင်းပျော်စရ အခြေ၊ အိုကွယ်...
သခင်ကိုယ်တော်မှိုင်းရယ်လို့ လူတိုင်းခေါ်ကြလေ...''
ဟူသော ကဗျာလေးချိုးရှည်ကြီးကို
စပ်ဆိုကြေညာ အမည်သစ် တည်ခဲ့သည်။ ထိုစဉ်အခါက မည်သည့် နိုင်ငံရေးဂိုဏ်းကိုမျှ
ပါဝင်အားပေး ကူညီခြင်းမရှိ။ မိမိဝါသနာ အလျောက် မိမိ ရေးသားလိုသည်ကိုသာ
ရေးသားခဲ့သည်။ သို့သော် တိုင်းပြည်အတွက်၊ ဗမာ့ လွတ်လပ်ရေးအတွက်
အလုပ်များနေသော သခင်များနှင့် ပူးပေါင်းကာ တိုင်းပြည်အတွက် အလုပ်လုပ်ကြဖို့
ဟောပြောခြင်းများကို ပြုလုပ်ခဲ့ဖူးပါသည်။ မြန်မာစာပေ စင်ကြယ်ရေးကို
ဦးဆောင်ခဲ့ခြင်း။ ဆရာကြီးအဖို့ အမျိုးသားရေး၊ ဘာသာရေး၊ တိုင်းရေးပြည်ရွာ
သာယာရေးအတွက် စာပေပညာဖြင့် ဖြည့်ဆည်းခဲ့သည်။ အချိန်အခါအရ မြန်မာစာပေ
မှေးမှိန်ကာ အရောင် နွမ်းလာသည်ကို သိရသဖြင့် အမျိုးသားကောင်း စားရေးကို
အကျိုးပြုမည့် မြန်မာစာ သန့်ရှင်းစင်ကြယ်ရေးကို အလေးထားသော ခေတ်တက်လူ
လူငယ်လူရွယ်များ ဖွဲ့စည်းထားသော ''မြန်မာစာပေ စင်ကြယ်ရေး အဖွဲ့ကြီး''တွင်
ဆရာကြီးသည် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံခဲ့ရသည်။
ဆရာကြီး၏ စိတ်ရင်းအမှန်သည်
အမျိုးသားစိတ်သာ ကိန်းသူဖြစ်ပြီး မိမိတို့ အမျိုးသားများ ကောင်းစားရေးအတွက်
ဆောင်ရွက်လုပ်ကိုင်လိုသော ဆန္ဒသာရှိသဖြင့် အမျိုးသားရေးနှင့် ဆန့်ကျင်ဘက်
လုံးလုံးဖြစ်သော အစိုးရအလုပ်များနှင့် အဂ္ဂမဟာပဏ္ဍိတ အစရှိသည့် ဘွဲ့ထူးများကို
မလိုလားသူဖြစ်၏။ တစ်မျိုးသားလုံး ကောင်းစားပြီး ကျွန်အဖြစ်မှ သခင်အဖြစ်
သို့ ရောက်စေရန်သာ လိုလားသူဖြစ်သည်။
မိမိငယ်စဉ် ကိုရင်ငယ် ကလေးဘဝက
မြန်မာနိုင်ငံ၏ နောက်ဆုံး ဘုရင်သီပေါ မင်းကြီးနှင့် မိဖုရား
စုဖုရားလတ်တို့အား ဗီရိုလှည်းနှင့် သယ်ဆောင်သွားသည်ကို မြင်လိုက်ရသည့်
မြင်ကွင်းသည် ကိုရင်ကလေး မောင်လွန်း (သခင်ကိုယ်တော်မှိုင်း)အဖို့
မျက်ဝန်းထဲ၊ ရင်ထဲအသည်းထဲမှာ ကိုယ့်ဘုရင်၊ ကိုယ်သခင်ကို ကြက်ကလေး၊
ငှက်ကလေးကဲ့သို့ လှောင်ချိုင့် သွင်းပြီး ခေါ်သွားရလေခြင်း ဆိုသည့်
ဝမ်းနည်း၊ နာကြည်းသည့် စိတ်က မပျောက်မပျက် တည်နေသောကြောင့် စိတ်ဓာတ်အား၊
စာပေအားဖြင့် ကျွန်စိတ်ကွယ်၍ သခင်စိတ် တည်နိုင်အောင် ကြိုးစားခဲ့ခြင်း
ဖြစ်သည်။
မျိုးချစ်စိတ်၊ အမျိုးဘာသာ၊ သာသနာကို
မြတ်နိုးစိတ်များဖြင့် စာပေလက်နက်ကို ကိုင်စွဲခဲ့သူ ဘဘကြီး
သခင်ကိုယ်တော်မှိုင်း၏ ဘဝခရီးသည် ရေးမကုန်အောင် များစွာရှိနေပါသည်။
''တို့ဗမာဟူသော ဂုဏ်ပုဒ်'' နှင့် ကျွန်ဆိုသော စကားကိုဖြုတ်၍ ''သခင်ဆိုသော
စိတ်ကိုမွေးကာ'' ကိုယ်တိုင်က ရှေ့ဆောင်လမ်းပြသည့် အနေဖြင့်
''သခင်ကိုယ်တော်မှိုင်း'' ဆိုသည့် ငြိမ်းချမ်းရေးဖခင်ကြီး သခင်
ကိုယ်တော်မှိုင်းသည် ငြိမ်းချမ်းရေး၏ ဗိသုကာကြီး ဖြစ်ခဲ့သည်။ ဆရာကြီး
ကိုင်စွဲတွန်းလှန်ခဲ့သည်မှာ ထိုစဉ်အခါက ကလောင်တံ (ဖောင်တိန်)သာ ဖြစ်သည်။
နိုင်ငံအတွက်၊ လူမျိုးအတွက် ဆရာကြီးသခင်
ကိုယ်တော်မှိုင်းဟုလည်း ဂုဏ်သတင်း ကြွယ်ခဲ့သူ သခင်ကိုယ်တော်မှိုင်းသည်
တို့ဗမာ အစည်းအရုံး၏ နာယကလည်း ဖြစ်ခဲ့သလို အကျိုးပြုစာပေများလည်း
များစွာရေးသားခဲ့သည်။ ပညာရှင် ဖြစ်သောကြောင့် လွတ်လပ်ရေးရပြီးသည့်
နောက်ပိုင်း ပြည်ထောင်စု အစိုးရက ပေးအပ်ခဲ့သော ''အလင်္ကာကျော်စွာ'' စာပေဘွဲ့၊
ဆိုဗီယက်ယူနီယံမှ ပေးအပ်သော ''စတာလင် ငြိမ်းချမ်းရေးဆု''၊
အရှေ့ဂျာမနီနိုင်ငံမှ ပေးအပ်သော ''ဒေါက်တာဘွဲ့'' များကိုလည်း
လက်ခံခဲ့ပါသည်။ သို့သော် ''သခင်ကိုယ်တော်မှိုင်း'' ဟူသော အမည်ဖြင့်သာ
ကမ္ဘာတစ်ခွင် အမည်တွင်ခဲ့သော ရှားရှားပါးပါး ပညာရှင် ပုဂ္ဂိုလ်ကြီးသည် အသက်
၈၉ နှစ်(၂၃-၇-၁၉၆၄) နံနက် ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး
စမ်းချောင်းမြို့နယ် ချမ်းသာလမ်း နေအိမ်၌ ကွယ်လွန်ခဲ့ပါသည်။
မြဝတီ
0 comments:
Post a Comment