Friday, August 23, 2013

ကရင်၊ မွန်ပြည်နယ်၊ မြစ်ဝကျွန်းပေါ် ဒေသနှင့် ပဲခူးတိုင်း ဒေသကြီး တို့၌ မြစ်ရေကြီးမှုများ ဆက်လက် ဖြစ်ပေါ်နေပြီး ဒေသခံအချို့ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ရမှုများရှိနေ



မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ မင်းလမ်း (ဒိုင်းဝန်းကွင်းလမ်းမ) ပေါ်တွင် သြဂုတ် ၂၂ ရက်က ရေကြီးရေလျှံမှု ဖြစ်ပွားစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)


ကရင်၊ မွန်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မြစ်ရေကြီးမှုများ ဆက် လက် ဖြစ်ပေါ်နေပြီး ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒေသခံအချို့ ကယ်ဆယ်ရေးစခန်းများ သို့ ပြောင်းရွှေ့နေ ထိုင်ရ မှုများလည်း ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။


သံလွင်မြစ်ရေသည် ကရင်ပြည်နယ် ဘားအံမြို့၌ သြဂုတ် ၂၀ ရက်တွင် စိုးရိမ်ရေမှတ် အထက် ရောက် ရှိပြီး သြဂုတ် ၂၂ ရက်၌လည်း စိုးရိမ်ရေမှတ် ကျော်လွန်နေဆဲ ဖြစ်ကြောင်း၊ သြဂုတ် ၂၁ ရက်က ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့၌ စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့သော င၀န်မြစ်၊ ပဲခူးတိုင်းဒေ သကြီး မဒေါက်မြို့၌ စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့သော စစ်တောင်းမြစ်တို့ သည်လည်း သြဂုတ် ၂၂ ရက်တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်မှုအရ သိရသည်။


စိုးရိမ်ရေမှတ် ကျော်လွန်သည်အထိ မြစ်ရေကြီးမှု ကြုံတွေ့ရလျက်ရှိသည့် ဘားအံမြို့တွင် ရေဘေး ကယ်ဆယ်ရေး စခန်း ၁၀ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။


''မြစ်ရေ အတက်ကြမ်းတဲ့အတွက် မြေနိမ့်ရပ်ကွက် အားလုံးမြစ်ရေ လွှမ်းတယ်။ ညတွင်း ချင်း ပြောင်းရွှေ့ပေး ရ တယ်။ မြစ်ရေ စတက်တဲ့ သြဂုတ်လ ၂၁ ရက်နေ့မှာ ကယ်ဆယ်ရေးစခန်း ခုနစ်ခုပဲ ဖွင့်လှစ်ထားရပြီး သြဂုတ်လ ၂၂ ရက်နေ့မှာ နောက်ထပ် ကယ်ဆယ်ရေး စခန်းသုံးခုကို ထပ်ဖွင့်ပေးရတယ်'' ဟု ပြည်နယ်ရေဘေး ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။


ဒုတိယအကြိမ် မြစ်ရေပြန်လည် လွှမ်းမိုးမှု ခံရသော ဘားအံမြို့ရှိ ရေဘေး သင့်သူ များအား ပြည်နယ် အစိုးရ၊ ရပ်မိရပ်ဖ ၊ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များ၊ မာဃလူမှု ကူညီရေး အဖွဲ့ဝင်များမှ လိုအပ်သော ဆန်၊ ဆီ၊ ဆား၊ သောက်ရေသန့်၊ အ၀တ်အထည် များကို ထောက်ပံ့ကူညီ လျက်ရှိပြီး ရေဘေးသင့်သူ ဦးရေများပြား မှုကြောင့် ထောက်ပံ့ကူညီမှု အချိုးမညီ ရှိနေကြောင်း သိရသည်။


သြဂုတ် ၂၂ ရက် မွန်းတည့် ၁၂ နာရီ အထိ ကယ်ဆယ်ရေး စခန်းများတွင် အိမ်ထောင်စုပေါင်း ၁၂၃၆ စု၊ လူဦးရေ ၆၄၄၆ ဦး ပြောင်းရွှေ့ နေထိုင် လျက်ရှိသည်။


သံလွင်မြစ်သည် ဘားအံမြို့၌ သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းက ၈၆၀ စင်တီမီတာသို့ ရောက်ရှိနေ ပြီး နောက် ၄၈ နာရီ(သြဂုတ် ၂၄ ရက်)အတွင်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိ နိုင်သည် ဟု သိရသည်။


င၀န်မြစ်သည်လည်း ငါးသိုင်းချောင်းမြို့၌ ၁၁၇၃ စင်တီမီတာသို့ ရောက် ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေ မှတ် မှာ ၁၁၃၀ စင်တီ မီတာဖြစ်သည်။ ယခုနှစ် မိုးရာသီအတွင်း ပထမအကြိမ် စိုးရိမ်ရေမှတ် ကျော် လွန်သော စစ်တောင်းမြစ်သည် မဒေါက်မြို့၌ ၁၁၁၆ စင်တီမီတာသို့ ရောက်ရှိနေကာ စိုးရိမ်ရေမှတ် အထက်တွင် သြဂုတ် ၂၄ ရက် ၀န်းကျင်အထိ တည်ရှိမည် ဖြစ်သည်။


ယခုရက်ပိုင်း အတွင်း ဒေသအများစုတွင် မိုးရွာသွန်းမှု ကောင်းမွန်လျက် ရှိကာ မိုးကောင်းခြင်းပေါ် မူတည်၍ မြစ်ရေကြီးမှု သဘာဝဘေး ကို နှစ်စဉ်ကြုံတွေ့ ရလေ့ရှိသည့် ဒေသများ၌ ရေဘေးကို ရင်ဆိုင် လာရခြင်း ဖြစ်သည်။ သြဂုတ် ၂၁ ရက် ညနေပိုင်းတွင် သောင်ရင်းမြစ်ရေ တိုးလာခြင်းကြောင့် ကရင်ပြည်နယ် မြ၀တီမြို့၌ မြေနိမ့် ပိုင်းနေသူ ဒေသခံများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


မိုးရက်ဆက်ရွာခြင်း၊ သံလွင်မြစ်ရေ တက်ခြင်းနှင့် အတ္ထရံမြစ်ရေ လျှံခြင်းများကြောင့် မော်လမြိုင်မြို့ပေါ် ရပ်ကွက် များတွင် ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်လျက် ရှိသည်။


''ပြီးခဲ့တဲ့ ၀ါဆိုတုန်းက မိုးများပေမယ့် ဒီရေလောက်မတက်ခဲ့ဘူး။ ဒီဝါခေါင်လကျမှ မြစ်တွေက ရေ လျှံတော့ရေ က မြို့ပေါ်ထိ ရောက်လာတယ်။ သွားရေးလာရေး နည်းနည်း ခက်သွားတာကလွဲရင် ဘာမှမဖြစ်ကြပါဘူး'' ဟု ၀ိုင်းဝန်ကွင်းပျဉ်ထောင်တန်းရပ်မှ ကိုကျော်မျိုးဦးက ပြောပါသည်။


''ကျွန်တော်တို့ အရပ်မှာတော့ ရေတက်ပြီး ပြန်ကျသွားတဲ့အတွက် ဘာမှမဖြစ်ကြပါဘူး။ ဒါပေမဲ့ သာယာအေး နယ်မြေတို့၊ ဇေယျာသီရိ နယ်မြေတို့မှာက အနိမ့်ပိုင်း ဖြစ်တဲ့ အတွက် ရေကတော်ရုံ ပြန် ကျဘူး။ အဲဒီနယ်မြေတွေက ရပ်ကွက်နေ ပြည်သူတွေအတွက် အစားအစာတွေ ဆေးဝါးတွေ သွားလှူဖို့ စီစဉ်ထားပါတယ်'' ဟု ကျိုက်ဖနဲနယ်မြေ အုပ်ချုပ်ရေးမှူး ဦးကြည်စိုးက ပြောသည်။


ယခုနှစ်အတွင်း မိုးကောင်းခြင်း၊ ရေကြီးရေလျှံခြင်း တို့ကြောင့် လယ်ယာမြေအချို့ ရေနစ်မြုပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့၌ ကြုံတွေ့ခဲ့ရ သည် ဟု သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...