Wednesday, August 14, 2013

အဖိုးပြောတဲ့ တို့ရှမ်းပြည်နဲ့ မင်းသားခေါင်းစွပ်ဘီလူးကြီး


မြန်မာနိုင်ငံတော်ကြီး သူ့ကျွန်ဘဝက လွတ်မြောက်ဖို့ နေရာအနှံ့အပြားမှာ ရရာလက်နက် စွဲကိုင်ပြီး တိုင်းတစ်ပါးကို ခုခံတွန်းလှန်ခဲ့တာ ရှမ်းတိုင်းရင်းသားများ အပါအဝင်ဖြစ်ကြောင်း ဘယ်သူမှမငြင်းနိုင်ပါ။ ဒါကနယ်ချဲ့ကိုလိုနီခေတ်မှာဖြစ်ပြီး လွတ်လပ်ရေးပြီးတဲ့နောက် တစ်ထီးတစ်နန်း စိုးစံအုပ်ချုပ်တဲ့ စော်ဘွားတွေကို အစိုးရက အာဏာစွန့်လွှတ်ရေးလုပ်ဆောင်ရာ ၁၉၅၉ မှာ စော်ဘွားအုပ်ချုပ်မှုက ရုန်းမထွက်နိုင်တဲ့ လူနည်းစုနဲ့ဖွဲ့ခဲ့တဲ့ ရှမ်းလက်နက်ကိုင်ဆိုတာ စခဲ့တယ်မဟုတ်လား။ တစ်ချို့အဖွဲ့ ငယ်လေးတွေကတော့ ဘိန်းမှောင်ခိုအဖြစ် စီးပွားရေးအရသာ ဖြစ်ပေါ်လာတဲ့ အဖွဲ့တွေပါ။ အဲဒီအနည်းစု ရှမ်းလက်နက်ကိုင် အဖွဲ့တွေဟာ ဗကပ နှိမ်နင်းရေးလုပ်တဲ့အခါ မှာတစ်ချို့ဆို အစိုးရတပ်နဲ့တောင် ပေါင်းပြီး တိုက်ခိုက်ခဲ့ကြတယ်ဆိုတာ ကျွန်တော့်ရဲ့ အဖိုးတို့လူငယ်ဘဝ အခြေအနေအမှန်တွေပါ။ 

ဗကပ ချုပ်ငြိမ်းသွားပြီးနောက် ရှမ်းလက်နက်ကိုင်အဖွဲ့ဆိုတာလဲ အဖွဲ့ငယ်လေးတွေ အနေနဲ့ဘဲ ရှိနေခဲ့တာပါ။ ၁၉၈၅ လောက်မှာ ခွနှ်ဆာခေါင်းဆောင်တဲ့ အဖွဲ့နှင့် မိုးဟိန်းခေါင်းဆောင်တဲ့ အဖွဲ့တို့ ပေါင်းပြီး Mong Tai Army(MTA) ပေါ်ပေါက်ခဲ့တယ်။ ၁၉၉၆ ခွန်ဆာအဖွဲ့ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူစဉ်မှာ တပည့်ဖြစ်သူ ရွက်ဆစ်ဟာ ခွဲထွက်ပြီး SURA ကိုပြန်ဖွဲ့ခဲ့တယ်။ အဲဒီအချိန်မှာ စစ်အစိုးရနဲ့ ပြည်တွင်း လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးဆောင်ရွက် နေချိန်ဖြစ်ခဲ့ပြီး ရှမ်းအဖွဲ့တွေဖြစ်တဲ့ SSA နဲ့ SSNA တို့လည်း ငြိမ်းချမ်းရေးမှာပါဝင်ခဲ့လို့ အရပ်သား အဖြစ်နဲ့နေသူနေ၊ ရွက်ဆစ်အဖွဲ့ထံ ပေါင်းသူပေါင်း၊ ဒါ့အပြင် ခွန်ဆာအဖွဲ့နဲ့ လိုက်ပါ ငြိမ်းချမ်းရေးယူပြီး အရပ်သားအဖြစ်နဲ့ နေသူတွေကို ရွက်ဆစ်အဖွဲ့ထံ မ၀င်မနေရ အဓမ္မပြန်ဝင်ခိုင်းတယ်။ မ၀င်ရင် သတ်မယ်ဆိုပြီး တကယ်လည်း သတ်ပြတယ်။ မ၀င်ရင် နောက်တစ်နည်းကတော့ အဲဒီဒေသမှာမနေပဲ မိသားတစ်စုလုံး အခြားနေရာကို ပြောင်းချင် ပြောင်းနိုင်တဲ့ နည်းပဲရှိပေမယ့် လွယ်ကူတဲ့ အလုပ်မဟုတ်တော့ ရွက်ဆစ်အဖွဲ့ထဲ ပြန်ဝင်ကြရတယ်။ ဒီလိုနဲ့ ရွက်ဆစ်အဖွဲ့ပိုပြီး အင်အားရှိလာခဲ့တယ်။ နောက်ပိုင်းမှာ ငြိမ်းချမ်းရေးများ ဆောင်ရွက် နေချိန်ဖြစ်လို့ စစ်အစိုးရတပ်များဟာ ဒေသမှာရှိတဲ့ စစ်တပ်မှလွဲပြီး ကျန်တဲ့စစ်ကြောင်းတွေ လှုပ်ရှားမှု နည်းခဲ့တာကို အခွင့်ကောင်းယူကာ ရွက်ဆစ်အဖွဲ့ဟာ လွယ်တိုင်းလျှံကိုအခြေပြု၊ ရှမ်းပြည်တစ်ဝှမ်း ဘိန်းစိုက်ပျိုးရေး လုပ်ခြင်းနဲ့ သူ့ရဲ့တပ်အင်အားတိုးချဲ့ခြင်းလုပ် လာခဲ့တယ်။ ၂၀၀၀ ခုနှစ်လောက်ကစပြီး ၁၀ နှစ်ကျော် ကာလအတွင်းမှာ ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တဲ့ ဘိန်းမှောင်ခို လုပ်ငန်းများ ဘိန်းစိုက်ပျိုးရေး ကြိုတင်ငွေပေးပြီး အခွန်ကောက်ခြင်းများ မူးယစ်ဆေးပြားများ၊ ဘိန်းဖြူများကို ပြည်တွင်း ပြည်ပ ဖြန့်ချီခြင်းလုပ်ငန်းတွေက ရတဲ့ငွေတွေနဲ့ လက်နက်များ ဝယ်ယူခြင်း နယ်မြေအတွင်း အမိန့် အာဏာသုံးပြီး အတင်းအဓမ္မလူသစ် စုဆောင်းခြင်းများကြောင့် ရွက်ဆစ်အဖွဲ့အတွက် အမြင့်မားဆုံး အခြေအနေကို ရောက်ခဲ့ တယ်မဟုတ်ပါလား။ 

၂၀၁၁ မှာ ဦးသိန်းစိန် အစိုးတက်လာပြီး KIA အပါအဝင် ငြိမ်းချမ်းရေး ပျက်ပြားခဲ့ရတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်လာတဲ့အခါ SSA(ရွက်ဆစ်)အဖွဲ့က သူတို့ စိတ်ထင်တိုင်းလုပ်ဖို့ အခွင့် အရေးတွေ ရလာတယ်။ တစ်ဖက်ကလဲ “ဝ” အဖွဲ့နှင့် အဆက်အသွယ်ရယူပြီး လူ၊ လက်နက်အင်အား အကူအညီ ယူခဲ့တယ်။ “ဝ” အဖွဲ့ကလဲ အစိုးရ စစ်တပ်က KIA ကိုတိုက်ပြီးရင် “ဝ”ကို တိုက်မှာဘဲဆိုတဲ့ မဟုတ်မမှန် သတင်းအပေါ်မူတည်ပြီး SSA (ဝမ်းဟိုင်း) အဖွဲ့ကို ရှေ့ကာ အဖြစ်ထားကာ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ပေးခဲ့တယ်။ သေစရာရှိရင်မင်းတို့ အရင်သေကြဆိုတဲ့ အစီအမံဆွဲထားတယ်။ အစိုးရအသစ်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတစ်ကာ ထောက်ခံအားပေး မှုတွေရယ်၊ အိမ်နီးချင်း နိုင်ငံတွေက နိုင်ငံတကာဆက်ဆံရေးအရနဲ့ ဘိန်းဖြူသမားတွေကို လက်မခံတာရယ်၊ မူယစ်ဆေးဝါးနဲ့ ဆက်ပြီးရပ်တည်ဖို့ ရေရှည်မဖြစ်နိုင်တာရယ်၊ အစိုးရစစ်တပ်ရဲ့ KIA ကို ထိရောက်စွာချေမှုန်းပြလိုက်မှုက ရွက်ဆစ်အနေနဲ့ အစိုးရစစ်တပ်ကို ရင်ဆိုင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သိရှိလိုက်ရတာရယ် စတာ တွေကြောင့် ကြားဝင်စေ့စပ်တဲ့ အကူအညီကိုရယူပြီး ဒေသတွင်း ဘိန်းဖျက်ဆီးရေး၊ ရှမ်းပြည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေကို မျက်နှာဖုံးတပ်ပြီး လုပ်ပြတယ်။ နောက်ကွယ်မှာတော့ သူတို့ဘက်မလိုက်တဲ့ ရွာတွေကို ဘိန်းဖျက်ဆီးရေးအကြောင်းပြပြီး ဝင်ရောက်ဖျက်ဆီးခြင်း၊ အစိုးရဘက်တော်သားလို့ ယူဆ ရသူတွေကို သတ်ဖြတ်ခြင်း၊ စစ်တပ်နဲ့ အစိုးရကို ထောက်ခံတယ်လို့ထင်တဲ့ ပြည်သူ့စစ်ရွာတွေကို မူယစ်ဆေးဝါး အကြောင်းပြ ဝင်တိုက်ခိုက်ခြင်း တို့ကိုလုပ်လာခဲ့တယ်။ 

ဒါကြောင့် အားလုံးကိုခြုံကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးကို အကြောင်းပြ၊ မူယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်းပြ၊ နယ်မြေဒေသတည်ဆောက်ရေး အကြောင်းပြချက်တွေနဲ့ အစိုးရရဲ့ ပျော့ပြောင်းတဲ့ ဆက်ဆံမှုကိုလည်းကောင်း၊ အစိုးရတပ်ရဲ့ နယ်မြေကန့်သတ် လှုပ်ရှားမှုကိုလည်းကောင်း၊ အခွင့်ကောင်းယူကာ လုပ်ချင်တိုင်းလုပ်လာနေသော မင်းသားခေါင်းစွပ်ထားတဲ့ ဘီးလူးကြောင့် ငါတို့ ရှမ်းပြည်ကြီး အမှောင်အတိဖုံးလွှမ်းကာ ဒုက္ခပင်လယ်ဝေရမယ့် အခြေအနေကို ရောက်နေပါပြီ။ သမ္မတကြီးနဲ့တွေ့တော့ တိုင်းပြည်ထဲက ဘယ်တော့မှမခွဲထွက်ပါဘူး၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြမယ် ကတိတွေပေးပြီး၊ သီးသန့်ပြည်နယ်ထူထောင်ဖို့ လုပ်နေတဲ့ သူခိုးဂျပိုး ကလေ ကချေ ကတိစကားမျိုးပြောတဲ့၊ မူးယစ်ရာဇာ ရွက်ဆစ်ကို အစိုးရနဲ့ စစ်တပ်က ဒီအတိုင်း လွှတ်မထားကြပါနဲ့ ဘာကြောင့် ဒီအဆင့်ထိ ငွေ/အင်အား ရှိလာတယ်ဆိုတာကို ပြန်လေ့လာပြီးမှ ဆက်ဆံသင့်ကြောင်း ငါတို့ ရှမ်းလူမျိုးတွေကိုယ်စား အလေးထား အကြံပေးလိုပါတယ်။ ငါတို့ သေနက်သံတွေ ဗုံးသံတွေလဲ မကြားချင်တော့ပါ။ သားသမီးတွေကိုလဲ ရှမ်းစစ်တပ်ထဲထည့်ပြီး အချည်းအနှီးနဲ့ မသေစေချင်ပါ။ မိရိုးဖလာ စိုက်ပျိုးရေးကိုလုပ်ရင်း အေးအေးချမ်းချမ်း နေလိုကြပါတယ်။ ငါတို့ ရှမ်းလူမျိုးတွေကို နိုင်ငံသားအဖြစ် သတ်မှတ်ရင် ငါတို့ဒေသကို နိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ချင်သေးရင် ရွက်ဆစ်အဖွဲ့ကို “အဆိပ်ပင်ရေလောင်း” “မြွေပွေး ခါးပိုက်ပိုက်” အစိုးရက လုပ်နေသမျှ သဲထဲရေသွန်တာမှ အရာထင်ကျန်ရစ်ပါလိမ့်မယ်လို့ ရှမ်းလူမျိုးတွေကိုယ်စား အသိပေး ပါရစေ။ 

အိုက်ကျောက်(ကျေးသီး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...