Monday, July 29, 2013

ကမ္ဘောဒီးယား ရွေးကောက်ပွဲ ဟွန်ဆန် အနိုင်ရဖွယ်ရှိ




ဖနွမ်ပင်၊ ဇူလိုင် ၂၈

ကမ္ဘောဒီးယားနိုင်ငံ၏ ပဉ္စမ အကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲ စတင်ကျင်းပနေရာ ဝန်ကြီးချုပ် ဟွန်ဆန်၏ ပါတီ နေရာအများစု အနိုင်ရမည် ဟု လေ့လာသုံးသပ်သူများက ခန့်မှန်းထားကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။

မကြာသေးမီက ပြည်ပမှ ရောက်ရှိလာသော ဆမ်မ်ရန်စီ ခေါင်းဆောင်သော အတိုက်အခံများနှင့် ဝန်ကြီးချုပ် ဟွန်ဆန်၏ ကမ္ဘောဒီးယား ပြည်သူ့ပါတီတို့ အဓိက ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ဆမ်မ်ရန်စီ ဝင်ရောက် ယှဉ်ပြိုင်ရန် သတ်မှတ်ချက်နှင့် ပြည့်မီခြင်း မရှိသော်လည်း ၎င်း ပြန်လည် ရောက်ရှိလာခြင်းကြောင့် အတိုက်အခံများ ဘက်တွင် မျှော် လင့်ချက်များ တိုးပွားလာသည်။

ပါတီပေါင်း ရှစ်ခု ပါဝင် ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲတွင် မဲပေးနိုင်သူပေါင်း ၉ သန်းကျော်အထိ ရှိသည်။

မဲရုံများ စတင် ဖွင့်လှစ်ပြီး မကြာမီ အချိန်အတွင်း အသက် ၆၀ အရွယ် ဝန်ကြီးချုပ် ဟွန်ဆန်က နေအိမ် အနီးရှိ မဲရုံ တစ်ခုတွင် မဲပေးခဲ့သည်။

၎င်းသည် ကမ္ဘောဒီးယား ဝန်ကြီးချုပ်အဖြစ် နှစ်ပေါင်း ၃၀ ကြာ တာဝန်ယူ ခဲ့ပြီး နောက်ထပ် ဆယ်စုနှစ် တစ်ခု နီးပါးမျှ ထပ်မံ တာဝန်ယူလိုသေးသည်ဟု ထုတ်ဖော် ပြောကြားထားသည်။

အတိုက်အခံ ခေါင်းဆောင် ဆမ်မ်ရန်စီမှာ အသက် ၆၄ နှစ်အရွယ် ရှိသူဖြစ်ပြီး မြို့တော် ဖနွမ်းပင်ရှိ မဲရုံများကို ထောက်ခံသူများနှင့်အတူ လှည့်လည် ကြည့်ရှုခဲ့သည်။

“မဲပေးဖို့ သွားနေတဲ့ လူအုပ်ကြီးကို တွေ့ရတာ အရမ်း ဝမ်းသာတယ်” ဟု ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် ဆမ်မ်ရန်စီက ပြောကြားသွား သည်။

ကမ္ဘောဒီးယား ကျေးလက် ဒေသများ၌ အာဏာရ ပြည်သူ့ပါတီ အပေါ် ထောက်ခံမှု တိုးပွားနေပြီး ပြီးခဲ့သည့် ပါလီမန် ရွေးကောက်ပွဲတွင်း အမတ်နေရာပေါင်း ၁၂၃ နေရာ ရှိသည့်အနက် နေရာပေါင်း ၉၀ အထိ အနိုင် ရရှိထားသည်။

ယင်းကဲ့သို့ လူထု ထောက်ခံမှု မြင့်မားခြင်းမှာလည်း ခမာနီခေတ်လွန် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာစေရန် ဝန်ကြီးချုပ် ဟွန်ဆန်က စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဆမ်မ်ရန်စီ ခေါင်းဆောင်သော အမျိုးသား ကူညီကယ်ဆယ်ရေး ပါတီ ကမူ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပေးမည်ဟူသော ကတိဖြင့် ရွေးကောက်ပွဲတွင်း ဝင်ရောက် ယှဉ်ပြိုင်နေသည်။

ကမ္ဘောဒီးယား လူငယ် အများစုက အတိုက်အခံ ပါတီကို မဲပေးမည် ဟု လေ့လာ သုံးသပ်သူများက ခန့်မှန်းထားသော်လည်း မီဒီယာများကို အစိုးရအဖွဲ့ကသာ ချုပ်ကိုင်ထားခြင်း၊ လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ခြင်း စသည့် အချက်များကြောင့် အတိုက်အခံများ အတွက် ရွေးကောက်ပွဲ အောင်ပွဲမှာ ခက်ခဲနေကြောင်း BBC သတင်းတွင် သုံးသပ်ထားသည်။

လက်ရှိ ရွေးကောက်ပွဲ၌ ကမ္ဘောဒီးယားနိုင်ငံသား ရွေးကောက်ပွဲ စောင့်ကြည့် သူ ၄၀,၁၉၀ ဦးနှင့် နိုင်ငံခြားသား ရွေးကောက်ပွဲ စောင့်ကြည့်သူ ၂၆၆ ဦး စုစုပေါင်း ၄၀,၄၅၆ ဦးထိ ပါဝင် စောင့်ကြည့်နေ ကြောင်း Xinhua သတင်း တွင် ဖော်ပြထားသည်။


The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...