Monday, July 29, 2013

တံတားဦးလေဆိပ်တွင် ဘိန်းဖြူမိ

မန္တလေး၊ ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မန္တလေးမှ မြစ်ကြီးနားလေဆိပ်သို့ လိုက်ပါမည့် ခရီးသည်များကို ရှာဖွေ စစ်ဆေးစဉ် ခရီးသည် တစ်ဦး၏ ဘောင်းဘီအိတ် အတွင်း၌ သတ္တုဘူးအတွင်း ထည့်ထားသည့် ဘိန်းဖြူများ တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၁ မိနစ်ခန့်က အဲပုဂံ လေကြောင်းလိုင်းမှ ခရီးစဉ် အမှတ် W9 417 လေယာဉ်နှင့် မြစ်ကြီးနား လေဆိပ်သို့ လိုက်ပါမည့် ခရီးသည်များကို X-Ray ဖြင့် လေကြောင်း ရဲတပ်ဖွဲ့များက ရှာဖွေ စစ်ဆေးစဉ် ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်ပြီး ကျောက်အရောင်းအဝယ် လုပ်ကိုင်သူ အောင်ဇော်ထွန်း ၂၁ နှစ်၏ ဘောင်းဘီအိတ် အတွင်းမှ သတ္တုဘူးအတွင်း ထည့်ထားသည့် ဘိန်းဖြူမှုန့် ၀ ဒသမ ၀၁ ဂရမ် (တန်ဖိုး ကျပ် ၅၀၀၀) နှင့် ဆေးထိုးပိုက် တစ်ချောင်းတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း အဆိုပါ ရုံးထံမှ ထပ်မံ သိရှိရသည်။

အဆိုပါ ဘိန်းဖြူများကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်း ရပ်ကွက်တွင် နေထိုင်သူ ကိုကြက် (ခ) ကြက်ထွန်းထံမှ ဝယ်ယူခဲ့သဖြင့် ၎င်းကို ရှာဖွေ ဖမ်းဆီးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းလေဆိပ်တွင် မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိသူ အောင်ဇော်ထွန်းနှင့် ကိုကြက်တို့ကို လေဆိပ် နယ်မြေ ရဲစခန်းတွင် မူးယစ် အမှုအမှတ် (ပ)၂/၂၀၁၃ မူး/စိတ် ၁၅/ ၁၆ (ဂ)၂၁ အရ အမှု ဖွင့်လှစ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...