Monday, July 29, 2013

မြန်မာနိုင်ငံမှာ ဒီလိုဘ၀တွေ ဘယ်လောက်များနေပြီလဲ



ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ က ကျောက်ပန်းတောင်း ဆေးရုံ မှာ စိတ်မကောင်းစရာ အဖြစ်အပျက် တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်၊ ကျမထံ ဖြစ်ပြီးကာ စမှာ သတင်းပို့ ပေးသူရှိခဲ့ပေမဲ့ ကျမကလည်း အားလပ်ရက်ရှည်နဲ့ ဆက်ပြီး ခရီးထွက်နေတာကြောင့် ဒီသတင်း ကို မ စုံစမ်းခဲ့ရပါဘူး၊ 

အခုမှ ကျောက်ပန်းတောင်းက မိတ်ဆွေ တွေ က ဗီဒီယို၊ ဓာတ်ပုံ၊ အသံ နဲ့ တကွ စုံစမ်းပေးကာ ကျမထံပေးပို့ ခဲ့ လို့ ဒီသတင်း တင်ပေးပါရစေ၊ လိုင်းမကောင်းလို့ ဗီဒီယိုဖိုင် နဲ့ အသံဖိုင် မရသေးပါ။ 

သတင်းတင်တာ နောက်ကျသွား တဲ့ အတွက် မိသားစုကို ရော သတင်းပေးပို့ သူကို အနူးအညွတ် တောင်းပန်ပါတယ်။

ကျေးဇူးပြုပြီး ရှယ်ပေးစေချင်ပါတယ်။


ကျောက်ပန်းတောင်းမြို့နယ် သံဘို ချောင်းဖျားကျေးရွာက ကိုအောင်လှိုင်ဝင်း၊ မဖြူဖြုစန်း တို့ရဲ့ လေးနှစ်ငါးလ အရွယ် သမီး ကလေး မကျော့မွန်အေး ဟာ သွေးလွန်တုပ်ကွေး လို့ ယူဆလို့ ရတဲ့ ရောဂါနဲ့ ကျောက်ပန်းတောင်းဆေးရုံမှာ ကျန်းမာရေးဝန်ထမ်း တို့ရဲ့ ပေါ့လျော့စွာနဲ့ ဂရုမစိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ ရပါတယ်။ 

ဇူလိုင်လ ၁၈ ရက် နေ့ ကတည်း က မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ အောင်ဇော်မိုး ရဲ့ ဆေးခန်းမှာ ကုသမှုခံယူ ခဲ့ပါတယ်။ 

သာမန်သာ ကုပေးခဲ့ ပြီး လက်လုပ်လက်စား ပုပ္ပားတောင်က လပ်မှာ ဈေးရောင်းနေရသူ မိသားစုက ဆေးခန်းပြ တာ နေ့စဉ် ၇၅၀၀ ကျပ်ထိ တောင်းခံတယ် လို့ ပြောပါတယ်။

ဇူလိုင် လ ၂၀ရက် မနက် ကိုးနာရီ မှာတော့ ဆေးရုံ အုပ်ကြီးဒေါက်တာအောင်ဇော်မိုးက ဆေးရုံကို လွှဲပေးပါတော့တယ်။

ဆေးရုံလွှဲပေးဖို့ ဆေးစာရေးပေးတာအတွက် ငွေ ၁၅၀၀၀ ကျပ်တောင်းခံပြီး ဖခင်ဖြစ်သူက ငွေအဆင်သင့်မရှိလို့ အခြားမိတ်ဆွေလူနာထံမှ ငွေ ၁၀၀၀၀ကျပ် ခဏချေးယူကာ တောင်းပန်၍ပေးခဲ့ ရပါတယ်။

အဲဒီနေ့ တစ်နေ့လုံး ဆေးရုံကို ဆရာဝန်ကြီးက လာမကြည့်ဘဲ ညကိုးနာရီကျော် အသက်ဆုံးပြီးကာ မှ လာရောက်ကြည့်ရှုတယ်လို့ သိရပါတယ်။ 

တစ်နေ့လုံး ပူဆွေးသောက ရောက်နေရသူ မိသားစုကို ကျန်းမာရေး စောင့်ရှောက်မှုထက် (ညနေပိုင်း မှာ တစ်ခေါက်လာခဲ့တဲ့ သူနာပြု ဆရာမလေးမှအပ) ဆေးရုံဝန်ထမ်းအားလုံးက ဆူပူငေါက်ငမ်းမှု၊ ငွေတောင်းခံမှု၊ရိုင်းပြစွာ ဆက်ဆံမှုတို့သာ ပြုခဲ့တယ် လို့ မိခင်ဖြစ်သူက ပြန်လည်ကာ ပြောပြခဲ့ပါတယ်။

အဆိုးဆုံးက တော့ သေဆုံးသူ ဟာ ဆေးရုံတက်ပြီး ၂၄နာရီအတွင်း (၁၂နာရီအကြာ) အသက်ဆုံး ခဲ့ပေမဲ့ ရင်ခွဲရုံမှာ မခွဲစိတ်ခဲ့ သလို သုဂတိရှင် နာမှုကူညီရေးအသင်း ကား က လာသယ်ရာမှာလည်း လူနာတင်ပို့ရန် ဟု တမင်သက်သက်ရေးခဲ့ပါတယ်။

ဒါကို သုဂတိရှင် အသင်းတာဝန်ကျသူက လက်မခံနိုင် လို့ ပြန်လည်ပြောကာမှ အလောင်းသယ်ယူရန် ဟုပြင်ဆင်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ကျန်ရစ်သူ မိသားစုကို ဆေးမှတ်တမ်း၊ ဆေးရုံမှ သေဆုံး၍ ဆင်းကြောင်းလက်မှတ်၊ စသည်တို့ကို ယခုအချိန်ထိ ထုတ်မပေးသေးသလို သွေးလွန်တုပ်ကွေး ဟု တစ်ရွာလုံးမှ သိရှိသော်လည်း ဆေးရုံက သွေးလွန်တုတ်ကွေးဟု မိသားစုကို ယခုအချိန်ထိ မပြောခဲ့ပါဘူး။ 

လူတစ်ယောက် ရဲ့ စာရင်းမရှိ အင်းမရှိ၊ လက်လွတ်စပယ် ပြုခဲ့တယ် လို့ ယူဆကာ ကျန်ရစ်သူမိသားစုနဲ့ ရွာသူရွာသား အားလုံးက ခံပြင်းဒေါသထွက်လျက်ရှိနေပါတယ်။

ဒီကိစ္စကြောင့် ကျောက်ပန်းတောင်းမြို့နယ် ပြည့်သူ့ဆေးရုံ ကို အယုံအကြည်မရှိတော့ပဲ ရွံရှာကြောက်ရွံ့ပြီး ချောင်းဖျားရွာ နှင့် သံဘို အလယ်ရွာမှ ကလေး ၁၁ယောက် ဟာ ညောင်ဦးဆေးရုံ မှာ သွေးလွန်တုပ်ကွေးနဲ့ ကုသမှုခံယူခဲ့ကြပါတယ်။ 

အခုဆို သက်သာပျောက်ကင်းလို့ တော်တော်များများ ဆေးရုံမှဆင်းခဲ့ပါပြီ။
ကျန်းမာရေးဝန်ကြီး ဌာန ကို မြို့နယ် ပြည်ခိုင်ဖြိုးအကူအညီနဲ့ မကျော့မွန်အေးအကြောင်းကို တိုင်ကြားခဲ့လို့ ဇူလိုင် လ ၂၄ရက်မှာ တော့ မြို့နယ်ကျန်းမာရေးဌာနက ရွာကို လာစစ်ရာမှာ 

ပိုးလောက်လန်းကို သာ ကြည့်ရှုခဲ့ပြီး ရွာသားများကို သွေးလွန်တုပ်ကွေး မဟုတ်ဘဲနဲ့ နင်တို့ ပြောနေတော့ ငါတို့ကို အထက်က အဆူခံရတယ် အလုပ်ရှုပ်တယ် ဟုဆိုကာ ထပ်မံ ဆူပူကြိမ်းမောင်းခဲ့ပြီး ယခုအချိန်ထိ ခြင်ဆေးဖြန်းခြင်းစသည်တို့ကို မလုပ်ဆောင်ပေးသေး ပါဘူးဘူး ။

ညောင်ဦးမြို့ ဆေးရုံမှာ တက်ခဲ့ တဲ့ ကလေးငယ်တွေ ရဲ့ မိသားစုတွေ က အသက်ချမ်းသာရသလို စိတ်လည်းအင်မတန်ချမ်းသာခဲ့ရပါတယ် လို့ ပြောပြပါတယ်။ 

ဒါပေမဲ့ မကျော့မွန်အေးရဲ့ မိသားစုအသိုင်းအဝိုင်းက တော့ အခုအချိန်ထိ မျက်ရည်လည်ရွဲ ဖြစ်နေသလို ကျောက်ပန်းတောင်း ဆေးရုံအုပ်ကြီးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကြောင့် အခြားနယ်သူနယ်သားများကို သူတို့လို ဖြစ်မှာ စိုးလို့အင်တာနက် နဲ့အခြားသတင်းမီဒီယာတွေ က တစ်ဆင့်ပြောပြပေးပါလို့ အကူအညီတောင်းခံခဲ့ပါတယ်။

ကျေးဇူးပြုပြီး ရှယ်ပေးစေချင်ပါတယ်။ မကျော့မွန်အေး ကောင်းရာသုဂတိလားပါစေ။
(ညောင်ဦးဆေးရုံမှ ဝန်ထမ်းများရဲ့စေတနာ၊ ဆက်ဆံရေး၊ ဝန်ဆောင်မှုကောင်းတဲ့ အကြောင်း ရွာသားများ ပြောပြလို့ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်)

မေပုပ္ပား
၂၀၁၃ ဇူလိုင် လ ၂၉ ရက်
မကျော့မွန်အေး ဓာတ်ပုံများ၊ မိဘတို့ ဓာက်ပုံနဲ့ ဆေးခန်းပြ စာအုပ်ဓာတ်ပုံတို့ကို ပူးတွဲတင်ပြပါတယ်။

Posted From မေပုပ္ပား

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...