Monday, July 29, 2013

အတိုက်အခံများ ကန့်ကွက်သော်လည်း ကူဝိတ် ရွေးကောက်ပွဲ ဆက်လက် ကျင်းပ


ကူဝိတ်စီးတီး၊ ဇူလိုင် ၂၇

ကူဝိတ် အတိုက်အခံ နိုင်ငံရေးပါတီ အချို့က ဆန့်ကျင် ကန့်ကွက်ထားသော် လည်း တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် ပါလီမန် ရွေးကောက်ပွဲကို ဆက်လက် ကျင်းပနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပါလီမန် လွှတ်တော်ဟောင်းကို ရွေးကောက် တင်မြှောက်ထားသည့် နည်းလမ်းများ မှားယွင်းနေ ကြောင်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးက အမိန့် ချမှတ်ခဲ့ခြင်းကြောင့် ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ်များ ထပ်မံ ပြုလုပ်ရခြင်း ဖြစ်သည်။

ပင်လယ်ကွေ့ဒေသ နိုင်ငံများအနက် ကူဝိတ် ပါလီမန်မှာ လုပ်ပိုင်ခွင့် အများဆုံးရှိသည့် ပါလီမန် ဖြစ်သော်လည်း နိုင်ငံရေး တင်းမာမှုများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းကြောင့် လုပ်ငန်း လည်ပတ်မှုများ မကြာခဏ ရပ်ဆိုင်းနေရသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲ များတွင် အသုံးပြုသည့် ရွေးကောက်ပွဲ ဥပဒေ တရားမျှတမှု မရှိဟုဆိုကာ လစ်ဘရယ် ဝါဒီများ၊ အစ္စလာမ္မစ် ဝါဒီများနှင့် လူမျိုးစု ခေါင်းဆောင်များက ဆန့်ကျင်ခဲ့သည်။

ဥပဒေသစ်ရ မဲဆန္ဒရှင်များ အနေနှင့် ကိုယ်စားလှယ် တစ်ဦးသာ ရွေးခြယ်ခွင့် ရမည်ဖြစ်ပြီး ယခင်က ကိုယ်စားလှယ် လေးဦးထိ ရွေးချယ်ခွင့် ပြုထားသည်။

အတိုက်အခံများကို အင်အား လျော့နည်းစေရန် ရည်ရွယ်ပြီး ရွေးကောက်ပွဲ ဥပဒေသစ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ဥပဒေ အပြောင်းအလဲ ပြုလုပ်လိုပါက ပါလီမန် အတည်ပြုချက် ယူရမည်ဟု အတိုက်အခံများ မှတ်ချက်ပြုသည်။

ကူဝိတ် ပါလီမန်၌ ဥပဒေပြုခွင့် အာဏာရှိသလို အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကိုလည်း ဆင့်ခေါ်နိုင်ခွင့် ရှိသည်။

သို့သော် ကူဝိတ် စော်ဘွားကသာ နိုင်ငံ၏ အရေးကြီး ကိစ္စများကို ဆုံးဖြတ်ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးအဖွဲ့များကိုလည်း စော်ဘွား ကိုယ်တိုင် ရွေးခြယ်ခြင်း ဖြစ်သည်။

ထို့အပြင် နိုင်ငံ၏စနစ်များ ခိုင်မာအားကောင်းမှု မရှိခြင်း၊ ခုနစ်နှစ် အတွင်း ရွေးကောက်ပွဲ ခြောက်ကြိမ် တိုင်တိုင် ကျင်းပခြင်း စသည့် အချက် များကြောင့် လက်ရှိ ရွေးကောက်ပွဲကို ကူဝိတ် နိုင်ငံသားများက စိတ်ဝင်စားမှု မရှိတော့ပေ။

ရာမန်ဒန် ဘာသာရေးပွဲတော် ကာလတွင်း ကျရောက်နေခြင်းနှင့် နေအပူချိန် အလွန်အမင်း မြင့်တက် နေခြင်းတို့ကြောင့် ရွေးကောက်ပွဲ၌ မဲပေးသူများမည် မဟုတ်ဟု BBC သတင်းတွင် သုံးသပ်ထားသည်။

ကူဝိတ်နိုင်ငံတွင်း နိုင်ငံရေး မတည်ငြိမ်မှုများ တိုးပွားနေခြင်းကြောင့် လတ်တလော ရင်ဆိုင်နေရသော အခြေခံ အဆောက်အဦ မလုံလောက်မှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှုန်း နှေးကွေးမှု စသည့် အချက်များကို အရေးယူ ဆောင်ရွက်နိုင်ခြင်းမရှိ ဖြစ်နေသည်။


The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...