Monday, July 29, 2013

နွားထိုးကြီးတွင် မိုးခေါင်၍ နှမ်းစိုက်ခင်းအားလုံးဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော် သမ္မတပြောကြား


နေပြည်တော်- မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးဒေသတွင် မိုးခေါင် ၍ နှမ်းစိုက်ခင်းအားလုံး ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က နေပြည်တော် ပျဉ်းမနားမြို့နယ် အလျင်လိုကျေးရွာတွင် ဇူလိုင် ၂၈ ရက်က ပြောကြားသည်။

“နွားထိုးကြီးမှာ မိုးခေါင်လို့ စိုက်ထားတဲ့နှမ်းတွေ အကုန်လုံးသေကုန်တယ်”ဟု အဆင့်မြင့်လယ်ဧက ၄၄၀ နွေစပါးကောက်ရိတ်သိမ်းပွဲ အခမ်းအနားတွင် သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“တောင်သူလယ်သမားတွေ အတော်လေးဒုက္ခရောက်နေတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံ၏ မိုးနည်းရေရှား ရပ်ဝန်းဒေသတွင်ပါဝင်သော အဆိုပါအပူပိုင်းဇုန်ဒေသရှိ အခြားမြို့နယ်များတွင်လည်း ထိုကဲ့သို့ပင် သီးနှံများဆုံးရှုံး ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

“ကျွန်တော်တို့ဘက်မှာလည်း သေတာပဲ။ မိုးမှမရွာတာ။ ကျန်တဲ့အပင်လည်း လဲလုလဲခင်းပဲ”ဟု ပခုက္ကူဒေသခံ ကိုမိုးအောင်က ပြောသည်။

လက်ရှိရာသီဥတုအခြေအနေအရ ပျဉ်းမနားမြို့အောက်ပိုင်းတွင်သာ မိုးရွာပြီး အထက်ပိုင်းဒေသများတွင် မိုးခေါင်နေကြောင်း၊ စိတ်မချရသော မျှော် ကိုး၍မရသော ရာသီဥတုဖြစ်လာပြီး အစိုးရပိုင်းကလည်း မည်သို့ ကူညီရမည်ကို စဉ်းစားဖွယ်ရာဖြစ်လာကြောင်း သမ္မတက ပြောကြားခဲ့သည်။

နေပြည်တော်ရှိ အဆင့်မြင့် လယ်ယာ(သို့မဟုတ်) စက်မှုလယ်ယာစိုက် ကွင်းများတွင် မပါဝင်သော လယ်များသည် မိုးစပါးစိုက်ပျိုးရန်အတွက် ရေအ လုံအလောက်မရရှိ၍ စောင့်ဆိုင်းနေရလျက်ရှိရာ ယခုရက်ပိုင်းရွာသွန်း လာသောမိုးကြောင့် အချို့စိုက်ပျိုးနိုင်ကြခြင်း ဖြစ်ကြောင်း ဒေသခံလယ်သမား များကပြောသည်။

ထို့ကဲ့သို့သော ရာသီဥတု အခြေအနေများကြောင့် “လယ်တွေကို ဆည်ရေသောက်ဖြစ်အောင် ပြုပြင်ဖို့လိုတယ်”ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

မြန်မာနိုင်ငံ၏ သီးနှံစိုက် ဧရိယာ ၈၅ ရာခိုင်နှုန်းသည် မိုးရေသောက်ဧရိ ယာများဖြစ်ပြီး ဆည်ရေသောက်ဧရိယာမှာ ၁၅ ရာခိုင်နှုန်းသာရှိကြောင်း စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းကဆိုသည်။

ရှိပြီးသားဆည်များ၏ ရေသောက်ဧရိယာများသည်လည်း မူလလျာထားချက်၏ ရာခိုင်နှုန်းအနည်းငယ်မျှသာ ရေပေးနိုင်ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က ထောက်ပြပြောဆိုကြသည်။

စက်မှုလယ်ယာ ဧက ၄၄၀စံပြစိုက်ခင်း ကောက်ရိတ်သိမ်းပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တက်ရောက်စဉ်

ဓာတ်ပုံ - သန်းထူး
7Day News Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...