Sunday, August 18, 2013

ရွှေတိဂုံ မိုးရာသီ နိုင်ငံခြားဧည့်သည် ဝင်ရောက်မှု ယခင်နှစ်ထက် တစ်ရက် ၂၀၀ ခန့်ပို


Sunday, 18 August 2013

မြန်မာနိုင်ငံ၏ အထင်ကရစေတီ ဖြစ်သော ရွှေတိဂုံစေတီတော်သို့ မိုးရာသီ၌ နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှုသည် ၂၀၁၂ ခုနှစ် အလားတူ ကာလထက် တစ်ရက်လျှင် ပျမ်းမျှ ၂၀၀ ဦးခန့် ပိုမိုလျက် ရှိကြောင်း စေတီတော်ဂေါပက အဖွဲ့ဝင် ဦးဝင်းကြိုင်က ပြောကြားသည်။

လက်ရှိ တစ်ရက်လျှင် နိုင်ငံခြားသား ဧည့်သည် ပျမ်းမျှ ၈၀၀ ဦးခန့် ဝင်ရောက်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက နိုင်ငံခြားသား ဝင်ရောက်မှုသည် တစ်ရက်လျှင် ၆၀၀ ဦးခန့်သာ ရှိခဲ့သည်ဟု ယင်းစေတီ ဂေါပကအဖွဲ့ထံမှ စုံစမ်းသိရသည်။

“တစ်နှစ်ပြီးတစ်နှစ် နိုင်ငံခြားသား ဧည့်သည်တွေက တိုးလာတယ်။ ဒီမှာတော့ ခရီးသွားရာသီ ဆိုတာတော့ မရှိဘူး။ မိုးရာသီဆိုရင်တော့ နည်းတယ်။ ဒါပေမဲ့ ဒီနှစ်က မနှစ်က မိုးရာသီထက်တော့ များလာတယ်။ လာတဲ့ ဧည့်သည်တွေထဲမှာ ထိုင်းက အများဆုံးပဲ” ဟု ဦးဝင်းကြိုင်က ဆိုသည်။

ရွှေတိဂုံစေတီတော်သို့ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အတွင်းက နိုင်ငံခြားသား ခရီးသည် ၃၄၆,၆၁၀ ဦး ဝင်ရောက်ခဲ့ရာ ယင်းဧည့်သည်များတွင် ထိုင်းနိုင်ငံမှ လာရောက် ဖူးမြော်သည့် ခရီးသည် ၃၇,၉၄၅ ဦး ဝင်ရောက်ခဲ့ရာ အများဆုံးနေရာတွင်ရှိပြီး ဒုတိယအများဆုံး ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ခရီးသည်များမှာ ကိုရီးယားနိုင်ငံသားများဖြစ်ကာ ၁၉,၅၂၈ ဦး ဝင်ရောက်ခဲ့ကြောင်း အဆိုပါစေတီ ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရွှေတိဂုံစေတီတော် နိုင်ငံခြားသား ဧည့်ဝင်ကြေးကို ၁၉၉၅ ခုနှစ်မှ စတင်၍ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာ သတ်မှတ် ကောက်ခံခဲ့ရာမှ လာမည့် အောက်တိုဘာလမှစကာ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ရှစ်ဒေါ်လာအထိ တိုးမြှင့်ကောက်ခံတော့မည် ဖြစ်သည်။

ဟိန်းမြတ်စိုး
The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...