Sunday, August 18, 2013

တရုတ်တွင် အပူချိန်မြင့်မားဒဏ်ကို ဆိုက်ဘေးရီးယား ကျားများ ခံစားနေရ


18.8.2013

ပင်ကိုယ် သဘာဝအရ အေးမြသော ရာသီဥတုကို နှစ်သက်လေ့ရှိသည့် အဆိုပါ ကျားကြီးများသည်ရှန်ယန်းရာသီဥတုကြောင့် နေမထိ ထိုင်မသာ ဖြစ်လာကြသည်

တရုတ်ပြည်တွင် ရာသီဥတု အပူချိန် မြင့်မားလာသည့်နောက် ဆိုက်ဘေးရီးယား ကျားများသည် ၎င်းတို့၏ ပင်ကိုယ် သဘာဝ နည်းလမ်းမျိုးနှင့် မဟုတ်ဘဲ အအေးဓာတ်ကို ရှာဖွေနေရသည်။ ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယား ဒေသတွင် ဖမ်းဆီးရမိသည့် ကျားကြီး(၃)ကောင်သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရှန်ယန်းရှိ ဂိုင်ပို ကျားဥယျာဉ်သို့ လွှဲပြောင်း ရောက်ရှိလာခဲ့သည်။ ပင်ကိုယ် သဘာဝအရ အေးမြသော ရာသီဥတုကို နှစ်သက်လေ့ရှိသည့် အဆိုပါ ကျားကြီးများသည် ရှန်ယန်းရာသီဥတုကြောင့် နေမထိထိုင်မသာ ဖြစ်လာကြသည်။ ထို့ကြောင့်လည်း ဥယျာဉ်မှ ဝန်ထမ်းများက လှောင်အိမ်ထဲသို့ ရေခဲတုံးများ ထည့်ပေးခဲ့ရသည်။ ကျားကြီးများသည် ကြီးမားသော အဆိုပါ ရေခဲတုံးကြီးများကို လျှာဖြင့်လျက်ရင်း အအေးဓာတ် ရယူခဲ့ကြသည်။

အဆိုပါ အခြေအနေသည် ဆိုက်ဘေးရီးယား ကျားများ၏ သဘာဝ အလေ့အထမျိုး မဟုတ်သော်လည်း ကျားကြီးများ အနေဖြင့် ကိုယ်ပိုင်အသိဉာဏ်ဖြင့် အပူဒဏ် သက်သာအောင် တတ်စွမ်းသ၍ ကြိုးစားကြခြင်း ဖြစ်သည်။ တရုတ်နိုင်ငံတွင် ဒေသကြီး (၈)ခု၌ (၂၅)ရက် ကြာသည်အထိ ဆက်တိုက် (၃၅)ဒီဂရီ ဆဲလ်ဆီးရပ်စ်အထက် ပျမ်းမျှအပူချိန် ရှိနေခဲ့သည်။ ယင်းသည် (၁၉၆၁)ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံတွင် ပူပြင်းသော နေ့ရက်များ ဆက်တိုက်ရှည်ကြာသည့် စံချိန်လည်း ဖြစ်လာသည်။ တရုတ်မီဒီယာများကမူ ကျားကြီးများသည် ရာသီဥတု ပူပူတွင် ကိုယ်ပိုင် ရေခဲလော်လီပေါ့နှင့် ဟန်ကျနေကြောင်း အရွှမ်းဖောက် ရေးသားခဲ့သည်။

ဆိုက်ဘေးရီးယား ကျားကြီးများသည် တစ်ချိန်က အာရှမြောက်ပိုင်းတွင် နေထိုင်ကျက်စားခဲ့ပြီး ယခုအခါတွင်မူ တစ်စထက်တစ်စ မျိုးသုဉ်းလာပြီး ဆိုက်ဘေးရီးယား အရှေ့ဘက်ပိုင်းနှင့် ဗလာဒီဗော့စတော့ မြောက်ပိုင်းတို့တွင်သာ ကျန်ရှိတော့သည်။ ယခုအခါ ဆိုက်ဘေးရီးယား ကျားများကို မျိုးသုဉ်းပျောက်ကွယ်လု စာရင်းထဲတွင် ထည့်သွင်းထားပြီ ဖြစ်သည်။ ယင်းတို့သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ကြောင်မျိုးနွယ်များ ဖြစ်ကြပြီး သမင်များ၊ တောဝက်များနှင့် ဝက်ဝံညိုများကို အမဲလိုက် စားသောက်လေ့ရှိသည်။

ဆိုက်ဘေးရီးယား ကျားတို့သည် ကမ္ဘာပေါ်တွင် အချိန်အများစုကို ဆီးနှင်းဖုံး ဒေသများတွင် ဖြတ်သန်း ရှင်သန်နိုင်သည့် တစ်ခုတည်းသော ကျားမျိုးစိတ်လည်း ဖြစ်သည်။ တောက်ပသော လိမ္မော်ရောင် ကိုယ်ထည်တွင် အနက်ကျားကြီးများ ရှိနေသည့် ခန့်ညားသော သတ္တဝါကြီးများသည် သဘာဝအတိုင်း ရှင်သန်နေသည့် အရေအတွက် (၃၅၀)မျှသာ ရှိတော့သည်။

အထူးသဖြင့် မှောင်ခိုဈေးတွင် ဈေးကောင်းရခြင်းကြောင့် ၎င်းတို့သည် ကျားလိုက်မုဆိုးများ၏ ပစ်မှတ်လည်း ဖြစ်လာသည်။ ကျားတစ်ကောင်အတွက် ပေါက်ဈေးသည် မှောင်ခိုဈေးကွက်တွင် ပေါင်စတာလင် သုံးသောင်းမျှထိ ရရှိတတ်ကြောင်း သိရသည်။ ယင်းတို့၏ အရိုးများသည် တရုတ်တိုင်းရင်းဆေးများတွင် အသုံးပြုလေ့ ရှိပြီး လှပသော သားရေများကို ချမ်းသာကြွယ်ဝသူများ၏ နေအိမ်တွင် တန်ဖိုးကြီး အလှဆင် ပစ္စည်းအဖြစ် ထားရှိတတ်ခြင်းကလည်း ဆိုက်ဘေးရီးယား ကျားများကို ပိုမို၍ ကံဆိုးစေခဲ့သည်။

Planet.com.mm

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...