Monday, August 12, 2013

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ပါကစ္စတန် အကြီးမားဆုံး ချိုးဖောက်ဟု အိန္ဒိယစစ်တပ် ပြောကြား


12.8.2013

ပါကစ္စတန် နိုင်ငံသည် နှစ်နိုင်ငံအကြား ရရှိထားသည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လတ်တလော ကာလအတွင်း အကြီးမားဆုံး ချိုးဖောက်ခဲ့သည်ဟု အိန္ဒိယ စစ်တပ်က ဝေဖန် ပြောဆို လိုက်ကြောင်း The India Times သတင်းစာက ရေးသား ဖော်ပြသည်။

ပါကစ္စတန် နိုင်ငံသည် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သည့် နောက်ပိုင်း အိန္ဒိယ နယ်စပ်ဒေသ တစ်လျှောက်တွင် လက်နက် ခဲယမ်းများ၊ မော်တာကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး နောက်ဆုံး အကြိမ် သောကြာနေ့ညက ပစ်ခတ်မှုသည် လတ်တလော အချိန်ကာလ များအတွင်း အကြီးမားဆုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုပင် ဖြစ်သည်ဟု အိန္ဒိယ စစ်တပ် က သတ်မှတ် ပြောဆိုသည်။

နျူကလီးယား ပိုင်ဆိုင်သည့် အိမ်နီးချင်း နှစ်နိုင်ငံ ဖြစ်သော အိန္ဒိယနှင့် ပါကစ္စတန် အကြားရှိ ပိုင်နက် အငြင်းပွား ကက်ရှ်မီးယားဒေသ တစ်လျှောက် တွင် နှစ်ဖက် တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်ခဲ့ကြမှုကြောင့် ဆက်ဆံရေး ပြန်လည် တင်းမာလျက် ရှိသည်။

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းက ပါကစ္စတန် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အိန္ဒိယ စစ်သား ငါးဦး သေဆုံးခဲ့ရမှုအပေါ် အိန္ဒိယနိုင်ငံက အမျက်ထွက်လျက် ရှိကြောင်း၊ ပါကစ္စတန်ဘက်ကို အိန္ဒိယတို့က လက်တုံ့ပြန်သည့်အနေနှင့် ပစ်ခတ်ခဲ့သော်လည်း တစ်စုံတဦးမျှ ထိခိုက် သေဆုံးခဲ့ခြင်း မရှိကြောင်း အိန္ဒိယ သတင်းစာများ က ရေးသား ဖော်ပြသည်။

“ပါကစ္စတန် တပ်ဖွဲ့တွေဟာ နယ်စပ်ဒေသမှာ ရှိတဲ့ အိန္ဒိယ စစ်စခန်းတွေကို ပစ်မှတ်ထားပြီး ယမန်နေ့ ညက အကြောင်းမဲ့ ပစ်ခတ်ခဲ့ပါတယ်။ သူတို့ဟာ အကြီးစား လက်နက်တွေနဲ့ မော်တာတွေကို သုံးပြီး အရုဏ်မတက်မီ အချိန် အထိ အကြိမ် ၇၀၀၀ ခန့် ပစ်ခတ်ခဲ့တာပါ။ ဒါဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အကြီးမားဆုံး ချိုးဖောက်မှု တစ်ခုပါပဲ” ဟု အိန္ဒိယ စစ်တပ်၏ ပြောရေးဆိုခွင့် ရှိသူ အာချာရာက ပြောကြားသည်။

ပါကစ္စတန်၏ ပစ်ခတ်မှုကြောင့် အိန္ဒိယဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ရာ အနီးအနား ဒေသတွင် နေထိုင်သူ အရပ်ဘက် ပြည်သူများသည် သေနတ်သံ များကြောင့် ထိတ်လန့် တုန်လှုပ်သွားကြသည်။

ယခုကဲ့သို့ တစ်ဖက်နှင့် တစ်ဖက် လက်စားချေသည့် ပုံစံမျိုးဖြင့် အပြန်အလှန် ပစ်ခတ်မှုသည် နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး ပြန်လည် စတင်နိုင်ရေး ကို ပျက်ပြားစေမည့် ခြိမ်းခြောက်မှုကြီး တစ်ရပ် ဖြစ်သည်။

ပါကစ္စတန် နိုင်ငံသည် အိန္ဒိယ အရာရှိကြီးများနှင့် အဆင့်မြင့် ဆွေးနွေးပွဲ တစ်ရပ်ကို ယခုနှစ် အစောပိုင်းတွင် ကျင်းပ ပြုလုပ်ရန် အဆိုပြုခဲ့ကြောင်း၊ သို့သော် ကက်ရှ်မီးယားဒေသတွင် အလားတူ ဖြစ်ရပ်မျိုး ပေါ်ပေါက် ခဲ့ခြင်းကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်း နှစ်ဖက် အစိုးရ အာဏာပိုင်များ၏ အဆိုအရ သိရသည်။

The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...