Monday, August 12, 2013

ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲ ကျင်းပရန် မာလီနိုင်ငံ စီစဉ်


12/8/2013

မာလီ သမ္မတရွေးကောက်ပွဲ ဒုတိယ အကျော့ကို သြဂုတ်လ ၁၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်နေပြီး မဲပေးနိုင်ရန် မာလီ ပြည်သူများ ပြင်ဆင်နေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ ပထမ အကျော့ကို ဇူလိုင်လ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၆ ဒသမ ၈ သန်းအနက် ၄၉ ရာခိုင်နှုန်း လာရောက် မဲပေးခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၄၀ ရာခိုင်နှုန်း ရရှိခဲ့သော ဝန်ကြီးချုပ်ဟောင်း ကိုင်တာက ဒုတိယမြောက် မဲအများဆုံး ရရှိထားသည့် ဘဏ္ဍာဝန်ကြီး ဟောင်းစစ်ဆီကို ထပ်မံ အနိုင်ရရှိမည်ဟု အများက ခန့်မှန်းထားသည်။

ပထမအကျော့ သမ္မတရွေးကောက်ပွဲတွင် မသမာမှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီး ဆန္ဒမဲပေါင်း ၄၀၀,၀၀၀ ကျော် အလွဲသုံးစား ပြုခံ ခဲ့ရကြောင်း စစ်ဆီက စွပ်စွဲ ပြောကြားခဲ့သည်။

သို့သော်လည်း စွပ်စွဲချက်များကို မာလီ အခြေခံဥပဒေ တရားရုံးက ငြင်းပယ် ထားပြီး ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ကလည်း မာလီ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ပွင့်လင်း မြင်သာမှု ရှိကြောင်း ချီးကျူး လိုက်သည်။

ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲကို သြဂုတ်လ ၁၁ ရက်နေ့တွင် စတင် ကျင်းပသွားမည် ဖြစ်ပြီး မဲရုံပေါင်း ၂၁,၀၀၀ ခန့် ဖွင့်လှစ်သွားမည် ဖြစ်သည်။

သမ္မတလောင်း ကိုင်တာက ရှင်းလင်း ပြတ်သားစွာ ထောက်ခံမဲပေးရန် မဲဆန္ဒရှင်များကို တိုက်တွန်း လိုက်ပြီး အမျိုးသား ပြန်လည် စည်းလုံးရေးနှင့် နိုင်ငံသစ် တည်ထောင်ရေး ဦးစားပေး လုပ်ဆောင် မည်ဟု ကတိပြုလိုက်သည်။

အသက် ၆၈ နှစ်အရွယ် ကိုင်တာကို သဘောထား တင်းမာခြင်း မရှိသော အစ္စလာမ္မစ် ခေါင်းဆောင် များနှင့် ပထမအကျော့ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ထားသည့် ကိုယ်စားလှယ်လောင်း ၂၂ ဦးတို့က ထောက်ခံ အားပေးထားသည်။

ကိုင်တာ၏ ပြိုင်ဘက် စစ်ဆီကမှု ပညာရေး တိုးမြှင့်ရေး၊ အလုပ်အကိုင် ဖန်တီးရေး၊ တပ်မတော် ပြုပြင် ပြောင်းလဲရေးတို့ လုပ်ဆောင်ပေးမည်ဟု ကတိပြုထားပြီး ၂၀၁၂ ခုနစ် မာလီ အာဏာသိမ်း ခေါင်းဆောင်များကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထားသည်။

“ကျွန်တော် ယုံကြည်မှု ရှိပါတယ်။ အခုမဲတွေက ပထမအကျော့က မဲတွေကို သွားပေါင်းမှာ မဟုတ်ပါ ဘူး။ မဲအသစ်တွေပါ။ အခုက ရွေးကောက်ပွဲ အသစ်ပါ” ဟု စစ်ဆီက AFP ကို ပြောသည်။

မာလီနိုင်ငံတွင်း အာဏာသိမ်းမှုများ ဖြစ်ပေါ်ခြင်း နိုင်ငံ မြောက်ပိုင်းရှိ အစ္စလာမ္မစ် စစ်သွေးကြွများကို ပြင်သစ် ဦးဆောင်ပြီး စစ်ရေးအရ ဝင်ရောက် စွက်ဖက်ခြင်း စသည့် ဖြစ်ရပ်များ ပြီးခဲ့သည့် နှစ်အတွင်း ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိ ရွေးကောက်ပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲတွင် အနိုင်ရရှိသူ အနေနှင့် မာလီနိုင်ငံ ပြန်လည် တည်ဆောက်ရေးအတွက် နိုင်ငံတကာက ကတိပြုထားသော နိုင်ငံတကာ ကူညီထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း ၄၀၀၀ ကို ကြီးကြပ် ကွပ်ကဲရမည် ဖြစ်သည်။

မာလီနိုင်ငံတွင်း ကုလသမဂ္ဂ မာလီ တည်ငြိမ်မှု တည်ဆောက်ရေး အဖွဲ့ဝင်ပေါင်း ၁၂,၆၀၀ ထိ တပ်စွဲထားပြီး ပြင်သစ်နိုင်ငံက ၎င်း၏ တပ်ဖွဲ့ဝင် ၃၀၀၀ ကို စတင် ရုပ်သိမ်းလျက် ရှိသည်။

အခြေခံဥပဒေ အမိန့်အာဏာ ပြန်လည် အသက်သွင်းရေး၊ အမျိုးသား တွေ့ဆုံ ဆွေးနွေးရေးနှင့် ပြန်လည် သင့်မြတ်ရေး တို့ ဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲမှာ အလွန် အရေးကြီးနေကြောင်း ကုလသမဂ္ဂအဖွဲ့က အလေးအနက် တိုက်တွန်းထားသည်။

The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...