Monday, August 12, 2013

သီရိလင်္ကာတွင် ဗုဒ္ဓဘာသာ လူအုပ်က ကိုလံဘို ဗလီကို တိုက်ခိုက်

ကိုလံဘို၊ သြဂုတ် ၁၁

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ ဗလီဝတ်ကျောင်း တစ်ခုကို ဗုဒ္ဓဘာသာ လူအုပ်ကြီးက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူငါးဦး ဒဏ်ရာ ရရှိသွားကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထား သည်။

ယင်းသို့ ဗလီကို ခဲများဖြင့် ပေါက်၍ တိုက်ခိုက်ကြပြီးနောက် ဗုဒ္ဓဘာသာ လူအုပ်နှင့် မွတ်ဆလင်များ ထိပ်တိုက် ရန်ပွဲများ ဖြစ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က အဆိုပါနေရာကို ညမထွက်ရ အမိန့် ထုတ်ပြန်ထားခဲ့သည်။

ပြီးခဲ့သည့်လက အဆိုပါ ဗလီကို နေရာ ရွှေ့ပေးရန်အတွက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ဆန္ဒပြခဲ့ကြသေးသည်။

ယခုကာလများအတွင်း သီရိလင်္ကာတွင် သဘောထား တင်းမာသော ဗုဒ္ဓဘာသာများက သီရိလင်္ကာ မွတ်ဆလင်များနှင့် ခရစ်ယာန်များကို ပစ်မှတ်ထား ဆန့်ကျင် လှုပ်ရှားမှုများ ပြုလုပ်လာလျက် ရှိသည်။

ယခုဖြစ်ခဲ့သော သီရိလင်္ကာ ဗုဒ္ဓဘာသာ-မွတ်ဆလင် အဓိကရုဏ်းကြောင့် အိမ်ပေါင်းများစွာလည်း ပျက်စီးခဲ့ရပြီး ဗလီကို လုံခြုံရေး ပေးနေသော ရဲ နှစ်ဦးလည်း ဒဏ်ရာ ရရှိသွားခဲ့သည်။

ဗလီဝတ်ကျောင်း အတွင်းတွင် ညနေခင်း ဝတ်ပြု ကိုးကွယ်မှု ပြုလုပ်နေစဉ် လူအုပ်ကြီးက ကျောက်ခဲ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောကြားသည်ဟု BBC သတင်းထောက်က သတင်း ပေးပို့ထားသည်။

ရဲတပ်ဖွဲ့နှင့် အထူး တပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာ ဒေသ ကို ဖြန့်ကြက် နေရာယူကာ လုံခြုံရေး ပေးထားကြောင်း ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုသည်။

ထိုနေရာ၌ ဗလီ ထားရှိခြင်းကို သဘော မတူသော်လည်း မွတ်ဆလင်တို့၏ ဥပုသ်လ အတွင်းသာ ထိုနေရာကို ဝတ်ပြုရန် ခွင့်ပြုမည်ဟု ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက သဘောတူခဲ့ပြီး မွတ်ဆလင်များက ယင်းနေရာ၌ ဝတ်ပြုခွင့်အတွက် သီရိလင်္ကာ သာသနာရေး ဝန်ကြီးဌာနက ခွင့်ပြုထား သည်ဟု တန်ပြန် ပြောဆိုကြသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာများ၏ တိုက်ခိုက်လာနိုင်ခြေ ရှိသည့်အတွက် ရဲ အစောင့်အရှောက်များ ထိုဗလီကို ပေးထားသော်လည်း ယခုကဲ့သို့ လာရောက် တိုက်ခိုက်မှု ဖြစ်ခဲ့ခြင်း ဖြစ်ပေသည်။

ပြီးခဲ့သည့်နှစ်အတွင်း သဘောထား တင်းမာ အစွန်းရောက်သော ဗုဒ္ဓဘာသာ အုပ်စုများက ခရစ်ယာန် ဘုရားကျောင်းများ၊ မွတ်ဆလင် ဗလီများကို တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သေးသည်။

The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...