Monday, August 12, 2013

အီးဒ် ပွဲတော်ကာလ အီရတ်တွင် ကားဗုံးများ ပေါက်၍ တစ်ရက်တည်း လူ ၆၀ ကျော် သေဆုံး


12/8/2013

အစ္စလာမ္မစ် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ဖြစ်လာသော အီရတ်နိုင်ငံတွင် အီးဒ်ပွဲတော် အပြီး ကာလအတွင်း မြို့တော် ဘဂ္ဂဒက် အပါအဝင် နေရာများစွာ၌ ဗုံးများ ဆက်တိုက် ပေါက်ကွဲ ခဲ့မှုကြောင့် သေဆုံးသူ ၆၀ ကျော်သွားပြီ ဖြစ်ကာ ဒဏ်ရာ ရရှိသူလည်း ၂၀၀ ကျော် ရှိကြောင်း Xinhua သတင်း တစ်ရပ်က ဖော်ပြသည်။

မြို့တော် ဘဂ္ဂဒက် တစ်နေရာတည်းတွင်ပင် ကားဗုံး ပေါက်ကွဲမှု ၁၂ ကြိမ်တိုင်တိုင် ဖြစ်ခဲ့ပြီး လူ ၃၀ ကျော် သေဆုံးခဲ့ကာ တိုက်ခိုက်သူများက လူစည်ကားရာ စားသောက်ဆိုင်များ၊ ဈေးများ၊ ကော်ဖီဆိုင်များကို ပစ်မှတ်ထားပြီး ဖောက်ခွဲခဲ့ကြခြင်း ဖြစ်ပေသည်။

ရှာအက်ဘ် ဒေသတွင်လည်း ကားဗုံး နှစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ငါးဦး သေဆုံးခဲ့ရကာ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြသေးသည်။

ကာဒီမီယာခရိုင်တွင် ဖြစ်ခဲ့သော ပေါက်ကွဲမှုကြောင့် လေးဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း လုံခြုံရေး သတင်းရင်းမြစ် တစ်ဦးက နာမည် မဖော်ပြဘဲ အတည်ပြုပေးခဲ့သည်။

အထက် ဖော်ပြပါအတိုင်း မြို့တော် ဘဂ္ဂဒက်နှင့် အခြား ဒေသများ တွင် ပေါက်ကွဲမှုများ တစ်ရက်တည်းတွင် နေရာအနှံ့ ဖြစ်ပွားခဲ့ရာ စုစုပေါင်း သေဆုံးသူ ဦးရေသည် ၆၀ ကျော်သွားဖွယ် ရှိသည်။

အချို့ တိုက်ခိုက်မှုများသည် ရှီးယိုက်ဘာသာ ကိုးကွယ် ယုံကြည်သူများကို ပစ်မှတ်ထား တိုက်ခိုက် ကြခြင်း ဖြစ်ပြီး၊ ဆွန်နီ ဘာသာရေး အစွန်းရောက် များက အဆိုပါ ပြစ်မှုများကို ကျူးလွန်နေကြသည် ဟု လုံခြုံရေး အရာရှိ များက ယူဆကြသည်။

ယင်းတိုက်ခိုက်မှုများသည် ယခုနှစ်များအတွင်း အီးဒ် ပွဲတော်ကာလ တိုက်ခိုက်ခံရမှုများတွင် အပြင်းထန်ဆုံး ဖြစ်ပြီး ငါးနှစ်အတွင်း ဗုံးပေါက်ကွဲမှု များတွင် အကြမ်းဆုံး ဖြစ်သည်။

ဇူလိုင်လ တစ်လတည်းမှာပင် စုစုပေါင်း သေဆုံးသူ ၁၀၀၀ ကျော်သွားပြီး ဒဏ်ရာ ရရှိသူ ၂၃၀၀ ကျော် ရှိကာ အဆိုပါ သေဆုံးသည့် ကိန်းဂဏန်းများ သည် ငါးနှစ်အတွင်း အဆိုးရွားဆုံး ဖြစ်သည်ဟု ကုလသမဂ္ဂက သုံးသပ်သည်။

အီရတ်တွင် အီးဒ် ပွဲတော်ကာလအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု များကို အယ်လ်ကေဒါ အဖွဲ့က လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အမေရိကန် အစိုးရက ပြစ်တင် ပြောဆိုလိုက်ပြီး အယ်လ်ကေဒါ အင်အားစုသည် အစ္စလာမ်၏ ရန်သူများလည်း ဖြစ်သည်ဟု ရှုတ်ချလိုက်ပေသည်။

အမေရိကန် အစိုးရအနေနှင့် အီရတ်အစိုးရနှင့် ပူးပေါင်းကာ အယ်လ်ကေဒါ အပါအဝင် အခြား အကြမ်းဖက် အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်လျက် ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...