Friday, August 16, 2013

အမေရိကန်၏ စစ်ရေး အထောက်အပံ့ကို ပိုမိုရယူသွားမည်ဟု ဖိလစ်ပိုင် အတည်ပြု

Friday, August 16, 2013

ဖိလစ်ပိုင် အစိုးရက အမေရိကန်၏ စစ်တပ်များကို နိုင်ငံအတွင်း ပိုမို အရေ အတွက်တိုးမြှင့် အခြေချခွင့် ပေးအပ်မှု အပါအဝင် မဟာမိတ် နိုင်ငံ၏ အကူ အညီများကို ရယူသွားမည်ဟု ဆိုသည်။

ဖိလစ်ပိုင် နိုင်ငံအနေဖြင့် မိမိတို့၏ အချုပ်အခြာအာဏာ ကာကွယ် တည်ဆောက်ရေးအတွက် အမေရိကန်၏ စစ်ရေး အထောက်အပံ့ကို ပိုမိုမှီခိုရယူသွားမည်ဟု အတည်ပြု ကြေညာခဲ့သည်။ ဖိလစ်ပိုင် အစိုးရက အမေရိကန်၏ စစ်တပ်များကို နိုင်ငံအတွင်း ပိုမို အရေအတွက် တိုးမြှင့် အခြေချခွင့် ပေးအပ်မှု အပါအဝင် မဟာမိတ် နိုင်ငံ၏ အကူအညီများကို ရယူသွားမည်ဟု ဆိုသည်။ လတ်တလောတွင် နှစ်နိုင်ငံ ကာကွယ်ရေး စာချုပ်တစ်ရပ် ချုပ်ဆိုရန်အတွက် ယခုသီတင်းပတ်မှ စတင်ဆွေးနွေးမည် ဟုလည်း သိရှိရသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အဲလ်ဘတ်ဒီ ရိုဆာရီရိုက နိုင်ငံ၏ ကာလရှည်ကြာ မဟာမိတ် ဖြစ်ခဲ့သော အမေရိကန်၏ စစ်အင်အားကို ဖိလစ်ပိုင်တွင် ကြီးကြီးမားမား အခြေစိုက်ခွင့် ပေးအပ်သွား မည်ဟု သတင်းထောက်များထံ ပြောဆိုသွားသည်။

ဖိလစ်ပိုင်သည် ရေပိုင်နက် အငြင်းပွားမှုကဲ့သို့ အခြေအနေများတွင် အာရှအင်အားကြီး တရုတ်၏ ဖိနှိပ်ခြိမ်းခြောက်မှုနှင့် ကြုံလာရ သည့်နောက် အမေရိကန်၏ စစ်ရေး အထောက်အပံ့ကို ပိုမိုအားကိုးရန် ရည်ရွယ်လာခြင်း လည်း ဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံရဲ့ အရင်းအမြစ်တွေကို ကာကွယ်ဖို့ ဘယ်မဟာမိတ် နိုင်ငံရဲ့ အကူအညီကိုမဆို ကြိုဆိုသွားမှာပါ။ လိုအပ်လာ ချိန် မှာ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အားထုတ် ရပါမယ်။ နိုင်ငံရဲ့ အချုပ်အခြာ အာဏာအတွက်၊ ပြည်သူတွေရဲ့ အေးချမ်း သာယာမှုအတွက် ကျွန်တော်တို့ အနေနဲ့ မဟာမိတ် နိုင်ငံအမေရိကန်ကို ပိုပြီးတော့ ရင်းနှီးဆက်စပ်ဖို့ လမ်းဖွင့်ပေးသွားမှာပါဟု အဲလ်ဘတ်က ဆိုသည်။

ဖိလစ်ပိုင်သည် အမေရိကန် စစ်သည် သောင်းဂဏန်းမျှကို မနီ လာမြို့တော် မြောက်ပိုင်း ရှိ အခြေစိုက် စခန်းနှစ်ခုတွင် တပ်စွဲခွင့် ပေးထား သည်။(၁၉၉၂)ခုနှစ်က အမေရိကန် ဆန့်ကျင်ရေး အင်အားစုများ တိုးပွား လာ သည့်နောက် အမေရိကန်တပ်များ ထွက်ခွာသွားသော်လည်း (၁၉၉၉)ခုနစ်တွင် ပြန်လည် အခြေစိုက်လာခဲ့သည်။ အမေရိကန်၏ အထူးတပ်ဖွဲ့များသည် (၂၀၀၂)ခုနှစ် ကတည်းက ဖိလစ်ပိုင် တပ်ဖွဲ့များနှင့် အတူလက်တွဲကာ အယ်လ်ကေးဒါးတို့နှင့် ဆက်စပ်နေသော အကြမ်းဖက် အဖွဲ့များကို တိုက်ခိုက်ခဲ့သည်။

ဖိလစ်ပိုင် ကာကွယ်ရေးဌာန ဒုတိယဝန်ကြီး ပီယို လော်ရန်ဇိုက မိမိတို့ သည် ကာကွယ်ရေး စာချုပ်တစ်ရပ် ချုပ်ဆိုမည် ဖြစ်ကြောင်းနှင့် အမေရိကန်ထံမှ စစ်လက်နက် အထောက်အပံ့များ ပိုမိုရရှိရန် မျှော် လင့်ကြောင်း ပြောကြားခဲ့သည်။အမေရိကန်ရဲ့ စစ်လက်နက်တွေကို ယာယီအသုံးပြုခွင့် ရရင်တောင် ဖိလစ်ပိုင် စစ်တပ်ရဲ့ စွမ်းဆောင်ရည် ကို မြင့်တက်လာစေမှာပါ။ အထူးသဖြင့် ရေကြောင်း လုံခြုံရေး ကဏ္ဍ မှာပေါ့။ နောက်တစ်ချက်က သဘာဝ ဘေးအန္တရာယ် ကျရောက်လာ ချိန်တွေ မှာ လူသားချင်း စာနာမှု အကူအညီတွေအတွက် အများကြီး အထောက်အပံ့ ဖြစ်စေပါတယ်ဟု ပီယိုက ပြောဆိုသွားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...