Friday, August 16, 2013

‘‘ရွေလီဦး’’မှန်လုံ ခရီးသည်တင်ယာဉ်ပေါ်မှ ကျပ်သိန်းတစ်သောင်းကျော်တန် စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော်၊ သြဂုတ် ၁၆

၁ဝ-၈-၂ဝ၁၃ ရက်နေ့ ၂၂၃ဝ အချိန် မန္တလေး မြောက်ပိုင်း မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချော ပူးပေါင်းစစ်ဆေးရေး စခန်းတွင် လားရှိုးမှ ရန်ကုန်သို့ ထွက်ခွာလာသည့် ၄ဂ/×××× ‘‘ရွေလီဦး’’မှန်လုံခရီးသည်တင်ယာဉ်အား ရပ်တန့်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် လားရှိုးမြို့နေ သန်းဇော်နိုင် ယူဆောင်လာသောခရီးဆောင်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝဝဝဝ ပြား၊ တန်ဘိုးငွေကျပ်သိန်း(၁ဝဝဝဝ)၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် မှတ်ပုံတင်ကဒ် ၁ ခုတို့အား သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးချက်အရ အဆိုပါမူးယစ်ဆေးဝါးများအား ၉-၈-၂ဝ၁၃ ရက်နေ့ ၂ဝဝဝ အချိန် လားရှိုးမြို့နေ မရှည်(ခ) စောမြတ်နွယ်နှင့် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်နေ ကိုရှည်(ခ)ကျော်သိန်းတို့ ၂ ဦးမှ ငွေကျပ်(၈)သိန်းဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ခိုင်း၍ သယ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ရန်ကုန်သို့ ရောက်ရှိပါက ကိုရှည်(ခ)ကျော်သိန်းထံသို့ ဆက်သွယ်ပေးပို့ရမည်ဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

သတင်းဆက်အရ လားရှိုးမူးယစ်(အထူး)အဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၁၄-၈-၂ဝ၁၃ ရက်နေ့ ၁၁၃ဝ အချိန်တွင် မရှည်(ခ)စောမြတ်နွယ်ကို အမှုနှင့်သက်ဆိုင်သည့် ဖုန်း(၁)လုံး၊ ဆိုင်ကယ် (၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်နည်းတူ ရန်ကုန်အနောက်ပိုင်းမူးယစ်(အထူး)အဖွဲ့မှတပ်ဖွဲ့ဝင်များ ကလည်း ယင်းနေ့ ဝ၉၄၅ အချိန်တွင် ကိုရှည်(ခ)ကျော်သိန်းမှ စိတ်ကြွရူးသွပ်ဆေးပြားများ လာရောက် ယူဆောင်ခိုင်းသူ နုကျော်ဝင်းကိုလည်း ရန်ကုန်မြို့၊ ကျိုက္ကလို့ဘုရားဝင်းအတွင်းမှ ဖမ်းဆီးရမိခဲ့သည်။

နုကျော်ဝင်းအားစစ်ဆေး ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများအား မင်္ဂလာဒုံမြို့နယ်၊ ပလရ ရပ်ကွက်ရှိ ကိုရှည်(ခ)ကျော်သိန်းထံသို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်းသိရှိရသဖြင့် ပူးပေါင်းအဖွဲ့သည် ပလရ ရပ်ကွက်ရှိ ကျော်သိန်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်း၏နေအိမ်အတွင်းမှ မူးယစ်ဆေးဝါး ရောင်းချခြင်းမှရရှိသောအကျိုးအမြတ်နှင့် ဝယ်ယူထားသည်ဟု ယူဆရသည့် ရွေထည်ပစ္စည်း(၆)မျိုး၊ အလေးချိန်(၁)ပိသာ(၁၅)ကျပ်သား၊ တန်ဘိုးငွေကျပ် သိန်း(၅ဝဝ)အား သိမ်းဆည်းရမိခဲ့သော်လည်း ကျော်သိန်းမှာ ထွက်ပြေးတိမ်းရှောင် လွတ်မြောက်သွားခဲ့သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး(အထူး)တပ်ဖွဲ့ဝင်များ၏ စဉ်ဆက်မပြတ် သတင်းဆက် ဖော်ထုတ်မှု၊ နယ်မြေချင်းသတင်းပေါင်းစပ် ဆောင်ရွက်မှုတို့ကြောင့် ဤကဲ့သို့ ကွင်းဆက်တရားခံများအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သန်းဇော်နိုင်၊ မရှည်(ခ)စောမြတ်နွယ်၊ ကိုရှည်(ခ)ကျော်သိန်းနှင့် နုကျော်ဝင်းတို့(၄)ဦးအား အုန်းချောရဲစခန်း မယ(ပ)၅/၂ဝ၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပေဒပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

by Myanmar Police Force

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...