Friday, August 16, 2013

တိုင်းဧရာလွှတ်တော်ဥက္ကဋ္ဌနေအိမ်မှ ကျပ်သိန်း ၁၂၀ ကျော်ဖိုး ရတနာပစ္စည်းပျောက်ဆုံးမှုဖြစ်

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၏နေအိမ်မှ ကာလတန်ဖိုးကျပ်(၁၂၄)သိန်း တန်ဖိုးရှိရတနာပစ္စည်းများ သြဂုတ်လ(၁၁)ရက်နေ့က  ပျောက်ဆုံးမှုဖြစ်ပွားခဲ့ရာ အဆိုပါနေအိမ်၌ အိမ်အကူအဖြစ်လုပ်ကိုင်နေသူအား သက်ဆိုင်ရာရဲစခန်းက ဖမ်းဆီးစစ်ဆေးနေပြီး တရားခံမပေါ် သေးဟု သိရှိရသည်။
သြဂုတ်လ(၁၁)ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့ဝန်ကြီးများ အိမ်ယာအတွင်းရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်စိုး၏ နေအိမ်တွင် ဖြစ်ပွားခဲ့သော ပစ္စည်းပျောက်မှုကြောင့်နေအိမ်တွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသူ အသက်(၂၁)နှစ်အရွယ်ရှိ မဝေေ၀သင်း ဟင်္သာတမြို့နေသူအား ပုသိမ်မြို့ အမှတ်(၂)ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။
 လုံခြုံရေးတွေ အပြည့်ချထားတဲ့နေအိမ်ဖြစ်ပြီး လူဝင်လူထွက်သိပ်မရှိတဲ့နေအိမ်မို့ သံသယတရားခံအဖြစ် ကောင်မလေးကို ဖမ်းဆီးစစ်ဆေးနေတာပါ။ အိမ်ရဲ့ဖွဲ့စည်းပုံ အနေအထား၊ အခန်းထဲမှာ ပစ္စည်းထား တဲ့အနေအထား၊ လုံခြုံရေးထားတဲ့အနေအထားနဲ့ အပြင်လူထိုး ဖောက်ဝင် ရောက်နိုင်ဖို့သိပ်မလွယ်ဘူး၊ လောလောဆယ်အိမ်ထဲဝင်ထွက်ခွင့်ရှိတာလည်းသူတစ်ဦးဘဲ ရှိတယ်ဟု ပုသိမ်မြို့အမှတ်(၂)ရဲစခန်းမှ စခန်းမှူး ဦးစိန်လင်းက ပြောသည်။
ဖမ်းဆီးခံထားရသူ မဝေေ၀သင်းမှာ လွှတ်တော်ဥက္ကဋ္ဌ၏နေအိမ်တွင် လွန်ခဲ့သည့်နှစ်လခန့်က ဟင်္သာတမြို့မှ လာရောက် အလုပ်လုပ်ကိုင် သူဖြစ်ပြီး မိဘနှစ်ပါးစလုံးမရှိတော့ကြောင်း ဧရာဝတီတိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဌနှင့်လည်း ဆွေမျိုးနီးစပ်တော်စပ်မှု မရှိပဲ အခြား အဆက် အသွယ်တစ်ခုဖြင့် အလုပ်လာရောက်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်ဟု သိရသည်။
အဆိုပါနေအိမ်တွင် ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌ၊ဇနီးဖြစ်သူ၊ သမီးတစ်ဦးနှင့် ဖမ်းဆီးခံထား ရသူတို့သာ နေထိုင်ကြောင်း သြဂုတ်လ(၁၁) ရက်နေ့ နံနက်(၅)နာရီခန့်က၄င်းမှ လုံချည်အစုတ် ထည့်ထားသည့် အထုတ်တစ်ထုတ်အား နေအိမ်ခြံဝန်းအပြင်ဘက်သို့ လွှင့်ပစ်ခဲ့သည် ကိုဦးတင်စိုး၏ ဇနီးဖြစ်သူအား စိုက်ပျိုးရေးဝန်ထမ်းက လာရောက်ပြောပြရာမှစ၍ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များမှ စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် သြဂုတ်လ(၁၂)ရက်နေ့တွင် တိုင်းလွှတ်တော်ဥက္ကဋ္ဌ၏ဇနီးဖြစ်သူ ဒေါ်ခင်မိမိလေးမှပုသိမ်မြို့ အမှတ်(၂)တွင် ရွှေထည်ပစ္စည်း (၁၇)မျိုး ကာလတန်ဖိုးကျပ်(၁၂၄)သိန်းပျောက်ဆုံးမှုဖြင့် လာရောက် အမှုဖွင့်ခဲ့ရာမှ မသင်္ကာတရားခံအဖြစ်ဖမ်းဆီး စစ်ဆေးနေခြင်းဖြစ်သည်ဟု အမှတ်(၂)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 “ကောင်မလေးကို ညလုံးပေါက်စစ်နေတာတွေလည်းရှိတယ်၊ အခုချိန်ထိတော့ သူ့ဆွေမျိုးတွေလာတာ မတွေ့သေးဘူး၊ ပျောက်တာကလည်း ရွှေထည်ပစ္စည်းလိုလို၊ စိန်လက်စွပ်လိုလိုနဲ့ လွှတ်တော်ဥက္ကဌဇနီးရဲ့ ပစ္စည်းပါပဲ၊ အမှုကတော့ စစ်ဆေးဆဲပဲရှိသေးတယ်လို့ ကြားရတယ်ဟု ပုသိမ်မြို့အမှတ်(၂)ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဖြစ်သူဦးတင်စိုး(ဗိုလ်ချုပ်ဟောင်း) တိုင်းအစိုးရအဖွဲ့တွင် စိုက်ပျိုးရေးမြူရေးဝန်ကြီးထိုမှတဆင့် လူမှုရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခံခဲ့ရာမှသည် (၂၀၁၂)ခုနှစ်နှစ်ဆန်းပိုင်းမှစတင်၍ တိုင်းလွှတ်တော်ဥက္ကဌ ရာထူးဖြင့် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ ကာယခုလက်ရှိဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နေထိုင်ရာ ပုသိမ်မြို့ရှိဝန်ကြီးများ အိမ်ယာဝင်းတွင်နေထိုင်ပြီး ၄င်း၏ယခုလစာငွေမှာ ခြောက်သိန်းကျပ်ဖြစ်သည်။

ယခုအခါအဆိုပါအမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေးအတွက် ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှုး၊ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှုး စသည့် ရဲတပ်ဖွဲ့အကြီးအကဲများ ကိုယ်တိုင်ပါဝင်သည့် အမှုစစ်အထူးအဖွဲ့များဖွဲ့ကာ ပုသိမ်မြို့ အမှတ်(၂)ရဲစခန်းမှ (ပ)၁၂၇/၁၃ပုဒ်မ၃၈၁ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။

 မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...