Saturday, August 31, 2013

သမ္မတ ဦးသိန်းစိန်နှင့် စာနယ်ဇင်းကောင်စီ (ယာယီ) တို့ နေပြည်တော်၌ ပထမဆုံး တွေ့ဆုံမည်

သမ္မတ ဦးသိန်းစိန်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီတွင် နေပြည်တော်၌ ပထမဆုံး တွေ့ဆုံမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စာနယ်ဇင်းကောင်စီ (ယာယီ) သည် သမ္မတ ဦးသိန်းစိန်အား တွေ့ခွင့်တောင်းခဲ့ ခြင်းဖြစ်ပြီး ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ) နှင့် အတွင်းရေးမှူး ဦးကျော်မင်းဆွေတို့ သွားရောက်တွေ့ဆုံ မည်ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံရာတွင် ဆွေးနွေးမည့်အကြောင်း အရာကို မသိရသေးဘဲ ပြန်ကြားရေး ၀န်ကြီးဌာနက စာနယ်ဇင်းကောင်စီ (ယာယီ)သို့ ပေးပို့ထားသည့် မြန်မာ့မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု အတွက် မျော်လင့်ချက် ဟူသော တင်ပြချက်အပေါ် ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။
စာနယ်ဇင်းကောင်စီ (ယာယီ)သည် သြဂုတ် ၁၂ ရက်က ရန်ကုန်မြို့တွင် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် လည်းကောင်း၊ သြဂုတ် ၁၃ ရက်က နေပြည်တော် လွှတ်တော်ဝင်းအတွင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် လည်းကောင်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲတင်သွင်းပြီး စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ဂျာနယ်လစ် အဖွဲ့အစည်းများက လက်မခံသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်နှစ်ရပ်၌ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲ တင်သွင်းသည့် သတင်းမီဒီယာ ဥပဒေကြမ်းကိုလည်း အငြင်းပွားဖွယ်ရာ ပြင်ဆင်ချက်များဖြင့် အမျိုးသား လွှတ်တော်တွင် ဆွေးနွေးထားပြီး ဖြစ်သည်။

Eleven

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...