Wednesday, August 28, 2013

အမေရိကန် သမ္မတ အိုဘားမားကိုပင် စိန်ခေါ်လာသော ဘိုကိုဟရမ် သူပုန်အဖွဲ့





နိုက်ဂျီးရီးယား နိုင်ငံမှ အစ္စလာမ်မစ် အုပ်စုဖြစ်သော ဘိုကိုဟရမ် သူပုန်အဖွဲ့သည် တိုက်ခိုက် သတ်ဖြတ်မှုများကို တိုး၍သာ လုပ်ဆောင်ခဲ့ရာ နိုက်ဂျီးရီးယား စစ်တပ်မှ ၎င်းအဖွဲ့


ကို နှိမ်နင်း နေခြင်းကြောင့် သတ်ဖြတ် မှုများကို အရှိန်မြှင့် လုပ်ဆောင်လာခြင်း ဖြစ်နိုင်သည်ဟု ဆို၏။ ယခင်လက စာသင်ကျောင်းများမှ ကလေးများကို သတ်ဖြတ်ခြင်း များ ပြုလုပ်ခဲ့ပြီးနောက် ယခု ဗလီများကိုပါ တိုက်ခိုက်မှုများ ပြုလုပ်လာပြန်သည်။

ထို့အပြင် ယခုတစ်ပတ်အတွင်း ဘိုကိုဟရမ် အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အဘူဆာကာ ရှီကောသည် ဗီဒီယိုတွင် ပေါ်လာ၍ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် အတော်များများကို စိန်ခေါ်ခဲ့ရာ သမ္မတ အိုဘားမားလည်း စိန်ခေါ် ခံရသည့်အထဲ ပါဝင်နေသည်။ ''မင်းတို့ ငါနဲ့မယှဉ်နိုင် ပါဘူး'' ဟူ၍လည်း ပြောသွားသေး သည်ဟု ဆို၏။

ဗလီကို တိုက်ခိုက်ပြီးနောက် ဗီဒီယို ထုတ်လွှင့်ပေးရာတွင် အဘူဘာကာက သူ့အဖွဲ့သည် နိုက်ဂျီးရီးယားကို သာမက ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများကိုလည်း ထိုသို့ပြုလုပ်ရန် အဆင်သင့် ရှိကြောင်း၊ ကျုပ်တို့ဟာ မရေတွက်နိုင်တဲ့ စစ်သားများကို သတ်ခဲ့ပြီး နောက်ထပ်လည်း ပိုပြီး သတ်သွားဦးမယ်ဟူ၍ သူ၏ တိုင်းရင်းသား မျိုးနွယ် ''ဟောက်ဆာ'' ဘာသာစကားဖြင့် ပြောသွားခဲ့သည်။ ''ကျွန်ုပ်တို့ရဲ့ လူအင်အားနဲ့ ပစ်အားဟာ နိုက်ဂျီးရီးယား ထက်သာတယ်။ အခုဆိုရင် အမေရိကန် ပြည်ထောင်စု ကိုတောင် အသာကလေး ရင်ဆိုင်နိုင်ပြီ'' ဟု ပြောသွား ခဲ့လေသည်။

သူတို့အဖွဲ့၏ တရားဝင် အမည်မှာ ''ဂျမာအတူးလ် အလူဆွန်နာလစ် ဒါအဝတီ ဝါလ်ဂျီဟတ်'' ဟူ၍ ဖြစ်သည်။ အဓိကမှာ နိုက်ဂျီးရီးယား အစိုးရ ဆန့်ကျင်ရေး ဖြစ်ပြီး မြောက်ပိုင်းနေ နိုက်ဂျီးရီးယား အများစုက နိုက်ဂျီးရီးယား နိုင်ငံရေး လောကကို ခရစ်ယာန် ဘာသာဝင် နိုက်ဂျီးရီးယား လူမျိုးများ လွှမ်းမိုးထားသောကြောင့်ဟု ဆိုသည်။

ဘိုကိုဟရမ် သို့မဟုတ် မျိုးပွားခြင်းနှင့် ဘာသာရေးစစ်ပွဲ အတွက် တမန်တော်၏ ဟောကြား ချက်များကို လိုက်နာသူ များဟူ၍လည်း ဆိုသည်။ မြောက်ပိုင်းသား အများစုက ၎င်းအဖွဲ့ကို ဘိုကိုဟရမ်ဟူ၍ ပြောင်းလဲ အမည်ပေးထားခြင်း ဖြစ်သည်။ ဘိုကိုဟရမ်၏ အဓိပ္ပာယ်မှာ အနောက်တိုင်း ပညာရေးသည် ဘာသာရေးဆိုင်ရာ ကျင့်ဝတ်ပျက်ပြားခြင်း ဖြစ်၍ အကုသိုလ် ဒုစရိုက်မှုဖြစ်ပြီး အပြစ်ရှိသည်ဟု ယူဆခြင်း ဖြစ်သည်။ အကြောင်းမှာ ယင်းအဖွဲ့သည် အနောက်တိုင်း ပညာရေး မီဒီယာနှင့် တန်ဖိုးထားမှုများအပေါ် သြဇာ လွှမ်းမိုးထားပြီး ရိုးရာ အစဉ်အလာ အစ္စလာမ်မစ် လူ့အဖွဲ့အစည်းကို ပျက်ပြားအောင်လုပ်သည် ဟူ၍ သဘောထား အမြင်ရှိသည်။

ဘိုကိုဟရမ်သည် အဖွဲ့ဝင်များအဖြစ် ဘာသာရေး ခေါင်းဆောင်များ၊ တက္ကသိုလ် ကျောင်းသားများနှင့် မြောက်ပိုင်းနေ အလုပ်လက်မဲ့ လူငယ်များကို သိမ်းသွင်းခဲ့သည်။

နိုက်ဂျီးရီးယား လူမျိုး ၇ဝ ရာခိုင်နှုန်းခန့်သည် တစ်နေ့လျှင် လုပ်ခငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၅ သာ ရရှိကြသည်။ ဆင်းရဲမွဲတေမှုသည် မြောက်ပိုင်းဒေသတွင် ပို၍ လွှမ်းမိုးနေသည်။ (မြောက်ပိုင်း ဒေသသည် ရေနံမြေများ နှင့် စိုက်ပျိုးမြေများမှ ဝေးလံ ခေါင်းပါးသော နေရာတွင် ရှိသည်။) လူဦးရေ၏ ၇၅ ရာခိုင်နှုန်း ရှိသည့် မြောက်ပိုင်းသား တို့သည် ဆင်းရဲမွဲတေစွာ နေကြရသည်။ လူဦးရေ၏ ၂၇ ရာခိုင်နှုန်းသာ ရှိသော တောင်ပိုင်းသားတို့နှင့် နှိုင်းယှဉ် ကြည့်လိုက်လျှင် သိသာလှသည်။ ဆင်းရဲချမ်းသာ ကွာဟချက် ကြီးမားလှသည်။ မြောက်ပိုင်းနှင့် တောင်ပိုင်း ကွာဟချက် ကြီးမားသည့် အချက်ကို ထောက်ပြ၍ လူသစ် စုဆောင်းကြသည်။

မူလခေါင်းဆောင် ဖြစ်သူမှာ ၂ဝဝ၂ ခုနှစ်က အဖွဲ့ကို တည်ထောင်ခဲ့သူ မိုဟာမက် ယူဆွတ်ဖ်ဖြစ်၍ ၂ဝဝ၉ ခုနှစ်က ရဲအချုပ်ခန်းထဲ၌ သေဆုံးသွားခဲ့သည်ဟု ဆိုသည်။ သူ၏ လက်ထောက် အဘူဘာ သာဘင်း မိုဟာမက်ရှဲကောသည် အဖွဲ့ကို ယခု ခေါင်းဆောင်လျက်ရှိ သည်။

ဘိုကိုဟရမ် အဖွဲ့တွင် တိုက်ခိုက်ရေး အင်အား ၃ဝဝ ရှိပြီး နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အဖွဲ့၏ အစီရင်ခံစာ အရ ၂ဝဝ၉ ခုနှစ်ကတည်းက အကြမ်းဖက်မှု ပမာဏကို ကြည့်၍ ဘိုကိုဟရမ်သည် လူထောင်နှင့်ချီ၍ စည်းရုံးနိုင်စွမ်း ရှိပြီး နိုက်ဂျီးရီးယား အစိုးရတပ်များ ထက် လေ့ကျင့်ရေး ကောင်း၍ လက်နက် ပိုကောင်းသည်ဟု ဆို၏။

သြဂုတ်လ ၂၅ ရက် အစောပိုင်းက ကျေးရွာနေ ရွာသူရွာသားများ ဗလီထဲတွင် ဘုရားဝတ်ပြု ဆုတောင်းနေကြစဉ် ကမာဖလက်ခ်ျ ပြောက်ကျား ယူနီဖောင်းများ ဝတ်ဆင်ထားကြသော လက်နက်ကိုင် လူတစ်စုသည် ယင်းဗလီ အတွင်းသို့ ဝင်ရောက်လာကြပြီး ပစ်ခတ်ခဲ့မှုကြောင့် ဘုရားဝတ်ပြု ဆုတောင်းနေသူ အနည်းဆုံး ၄၄ ဦး သေဆုံး၍ ဒါဇင်နှင့်ချီကာ ဒဏ်ရာရရှိ ကြသည်။ ထိုသူများကို ဆေးရုံသို့ အမြန်ပို့၍ ဆေးကုသ စေသည်ဟု ဒေသလုံခြုံရေး ပိုင်းမှ သိရ သည်။ ထိုဗလီမှ မိုင် ၂ဝ ဝေးကွာသော နေရာတွင်လည်း အလားတူ တိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးသည်ဟု သိရသည်။

နိုက်ဂျီးရီးယား အာဏာပိုင်များက ယခုဆိုလျှင် ကွန်ဒူဂါးနှင့် နဂွန်ကျေးရွာများကို တိုက်ခိုက်မှုများ အတွက် ဘိုကို ဟရမ်အဖွဲ့ကို လူသိထင်ရှားပြစ်တင် ပြောကြားလျက် ရှိသည်။ အဆိုပါစစ် သွေးကြွအုပ်စုက ရာဇသံစာပါ ပေးပို့ခဲ့ သည်ဟုဆို၏။ ''သင်နိုက်ဂျီးရီးယား လုံခြုံရေး တပ်များနှင့် ပူးပေါင်း ဆောင်ရွက်ပါက သင့်ကိုသတ်မည်'' ဟူသော စာကိုပါ ပေးခဲ့သည်။

၎င်းတို့ကို လေ့လာသရုပ်ခွဲ သုံးသပ် သူများက စစ်သွေးကြွများနှင့် အစိုးရအကြား စစ်နည်းဗျူဟာ အဆုတ်အတက် တစ်ရပ်ဖြစ်သည်ဟု ပြောသည်။

နိုက်ဂျီးရီးယား စစ်တပ်သည် မေလကတည်းက ဘိုကိုဟရမ်တို့ကို ရာနှင့်ချီ၍ သတ်ဖြတ်ခြင်း ဖြစ်စေ ဖမ်းဆီးခြင်းဖြစ်စေ ရရှိခဲ့သည်ဟု ဆို၏။ ပြီးခဲ့သည့်လက ကလေး စာသင်ကျောင်း များကို မီးရှို့ခြင်း၊ လူ ၂၉ ဦးမှ ၄ဝ အထိ သတ်ဖြတ် ခြင်းပြုလုပ်ခဲ့ရာ သေဆုံးသူများမှာ ကလေးများ အများဆုံးဖြစ်သည်ဟု သိရသည်။

သြဂုတ်လ ၂၅ ရက်က ဗလီ၌ တိုက်ခိုက်မှု ပြုလုပ်ရခြင်း၏ အကြောင်းအရင်းမှာ ဘာသာရေး ခေါင်းဆောင်များသည် ဘိုကိုဟရမ်၏ သဘောထားအမြင် ဖြစ်သော တင်းကျပ်သော ဘာသာရေး ဥပဒေ ရှယ်ရီယာလော အတိုင်း အတိအကျ မဟောပြောဘဲ လူထုနှင့် အဆင် ပြေအောင် ခပ်လျော့လျော့ ဟောပြောခြင်းကြောင့် တိုက်ခိုက်ခြင်းဟု သုံးသပ်ကြသည်။

ခရစ်ယာန် ဘာသာဝင်များကို သူတို့ ယုံကြည် ကိုးကွယ်မှုအတွက် ပစ်မှတ်ထားခြင်းထက် ဘိုကိုဟရမ်က မွတ်စလင်နှင့် ခရစ်ယာန်များအကြား လက်ရှိ တင်းမာနေသော အခြေအနေကို အသုံးချ၍ မြောက်ပိုင်း၏ အခြေအနေ ကို ပို၍ဖရိုဖရဲ ဖြစ်သွားအောင် လုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောသည်မှာ ဤကဲ့သို့ လူ့အသိုင်းအဝိုင်း အကြမ်းဖက်မှုသည် ယုံကြည်ကိုးကွယ်မှု သက်သက်နှင့် မဆိုင်ပေ။ သို့သော် ကိုယ့်အတ္တစွဲနှင့် ငါကမွတ်စလင် သူက ခရစ်ယာန်ဟူ၍ ခွဲခြားလွန်း သူများအကြား ပြဿနာဖြစ်ရာ ၁၉၉၉ ခုနှစ် ကတည်းက ယနေ့အထိ လူ့ အသက်ပေါင်း ၁၄ဝဝဝ အတွက် သူတို့ ၌ တာဝန် ရှိနေပေသည်။ ဘိုကိုဟရမ် အဖွဲ့လှုပ်ရှားမှု မတိုင်မီ ကတည်းက ဖြစ်ခဲ့ခြင်းဟု ဆို၏။

ဘော်နိုပြည်နယ်တွင် ဗလီကို တိုက်ခိုက်မှုဖြစ်ခဲ့ရာ စစ်တပ်က ဘိုကိုဟရမ် နှိမ်နင်းရေး လုပ်ရာတွင် စစ်တပ်ဘက်ကို သတင်းပေးသူများ၊ ကူညီပေးသူများ နောက်ထပ် မလုပ်ရဲအောင် ကြောက်သွားအောင် လုပ်ခြင်းဖြစ်နိုင်သည်ဟု ဆို၏။

နိုက်ဂျီးရီးယား သမ္မတ ဂွတ်လပ်ဂျို နာသန်သည် မေလက အရှေ့မြောက်ပိုင်း ဘော်နိုအာဒါ မားဝါးနှင့် ယောဘေး ပြည်နယ်များတွင် အရေးပေါ် အခြေအနေ ကြေညာ၍ စစ်တပ်က သူပုန်အဖွဲ့ကို နှိမ်နင်းရာတွင် ပြည်သူလူထုပူးပေါင်း လက်တွဲပါဝင်မှုကို အားကိုး၍ ပြုလုပ် ခြင်းဖြစ်သည်။ ဘိုကိုဟရမ်ကို ၂ဝဝ၉ ခုနှစ်က လူ ၁ဝဝဝ မှ ၂ဝဝဝ ခန့် သေဆုံးမှု အတွက် အပြစ်တင်ခဲ့သည်။ စာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းများ၊ ဈေးများ၊ ဆက်သွယ်ရေး ကွန်ရက်များနှင့် အစိုးရ အဆောက်အအုံများကို တိုက်ခိုက်ခဲ့သည်။

ချာသမ်ဟောက်စ်မှ မစ်ဒေါ်နယ်လီ အဆိုအရ ဘိုကိုဟရမ်၏ လူအင်အား အစစ်အမှန်ကို မှန်းရခက်သော်လည်း ယနေ့ထိ သက်ဆိုးရှည်နေခြင်းသည် နည်းဗျူဟာများ အမြဲပြောင်းလဲ လုပ်ဆောင်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဆို၏။ ဘိုကိုဟရမ်သည် လုံခြုံရေး၊ ပတ်ဝန်းကျင်နှင့် အသားကျအောင် ပြောင်းလဲ၍ နေတတ်သည်၊ အမြဲပြောင်း လဲနေသည်။ တနင်္ဂနွေနေ့က တိုက်ခိုက်မှုသည် မယ်ဒူဂူရီ အပြင်ဘက် ၂၅ မိုင် အကွာ သူတို့အဖွဲ့၏ မူရင်းဌာနချုပ် ဖြစ်ခဲ့သည့်မြို့ဖြစ်သည်။

နိုက်ဂျီးရီးယား စစ်တပ်အကူအညီဖြင့် မယ်ဒူဂူရီတွင် ဘိုကိုဟရမ် ဆန့်ကျင်ရေးအဖွဲ့ ဖွဲ့ထားသည်။ သြဂုတ်လ ၂၆ ရက်က နောက်ထပ် မိုင် ၂ဝ ခန့် ဝေး သောနေရာ ကွန်ဒူဂါတွင် လက်နက်ကြီးများ တပ်ဆင်ထားသော စစ်သွေးကြွများ နှင့် တိုက်ပွဲဖြစ်ရာ သူ၏ ရဲဘော်လေး ယောက် ကျဆုံးသွားသည်ဆို၏။

သူတို့စစ်တပ် အခြေအနေ ကျုပ်မသိဘူး။ အခြေအနေဆိုးတဲ့ တိုက်ပွဲပဲဟု ဆိုသည်။ သို့ဖြစ်၍ နိုက်ဂျီးရီးယားနိုင်ငံ တွင် ဆိုးသွမ်းအကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်နေသော ဘိုကိုဟရမ် သူပုန် အဖွဲ့အကြောင်း သိရှိနိုင်ရန် ရေးသား လိုက်ရပါသည်။

ကိုကိုဟန်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...