Wednesday, August 28, 2013

မြန်မာနိုင်ငံကိုနိုင်ငံပေါင်း ၇၉နိုင်ငံက ငွေလွှဲပို့နိုင်ဖို့ စီစဉ်နေ


ကမ္ဘာ့နိုင်ငံပေါင်း ၇၉ နိုင်ငံကနေ မြန်မာနိုင်ငံကို ငွေလွှဲပို့တဲ့ ဝန်ဆောင်မှု စတင်လုပ်ဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ ပြည်တွင်းရှိ အာရှစိန်းလမ်းရေး ဘဏ်(AGD) က ပြောဆိုလိုက်ပါတယ်။

ဥရောပနိုင်ငံတွေအပါအဝင် အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေမှာနေထိုင်တဲ့ သူတွေအနေနဲ့ မြန်မာနိုင်ငံကို ဒေါ်လာငွေ တစ်သောင်းအောက် ငွေလွှဲပေးနိုင်တဲ့ ဝန်ဆောင်မှု စတင်နိုင်ဖို့အတွက် သြဂုတ်လ ၂၇ ရက်နေ့မှာ AGD ဘဏ်နဲ့ အမေရိကန် အခြေစိုက် Money Gram တို့ MOU လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။

Memory Gram နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်တွေကနေ မြန်မာနိုင်ငံက AGD ဘဏ်တွေကို ၁၀ မိနစ်အတွင်း ငွေလွှဲလို့ ရနိုင်မှာ ဖြစ်တယ်လို့ AGD ဘဏ်ရဲ့ Managing Director ဦးရဲမင်းဦးက ပြောပါတယ်။

“Money Gram နဲ့ချိတ်ထားတဲ့ ဘဏ်တွေရှိတယ်။ အဲဒီဘဏ်တွေရဲ့ ဘဏ်ခွဲတွေ အကုန်လုံးကနေပြီးတော့ AGD ဘဏ်ကို ဗမာပြည် ကိုပေါ့။ လှမ်းပြီး ငွေလွှဲမယ်ဆိုရင် ငွေလွှဲလို့ရနိုင်တယ်ပေါ့။ ၁၀ မီနစ်အတွင်း ငွေလွှဲလို့ရတယ်ပေါ့။”

ဆက်လက်ပြီး ဒီငွေလွှဲတဲ့ ဝန်ဆောင်မှုဟာ ပြည်ပရောက် မြန်မာလုပ်သားတွေနဲ့ ပြည်တွင်းကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေ အဆင်ပြေစေနိုင်ဖို့ကို ရည်ရွယ်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ဟိုဘက်နိုင်ငံတွေမှာ လက်ရှိ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးတွေ ဒီဘက်ကို ငွေလွဲချင်ရင် အလွယ်တကူ လွှဲလို့ရတယ်။ နောက် တစ်ခါ မြန်မာနိုင်ငံကို လာတဲ့ တိုးရစ်တွေပေါ့။ သူတို့ဒီမှာ အကြောင်းကြောင်းကြောင့် ငွေလိုတဲ့အချိန်မှာ သူတို့အိမ်ကို ဖုန်းဆက်ပြီး တော့ ငွေလွှဲပေးပါဆို ချက်ချင်း ဟိုဘက်ကနေ ငွေလှမ်းလွှဲပေးလို့ ရတယ်ပေါ့။ အဲဒီ Service ကိုပေးတာပါ။”

နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုအခကြေးငွေကတော့ လွှဲပို့တဲ့နိုင်ငံ၊ လွှဲပို့တဲ့ ပမာဏအပေါ် မူတည်ပြီး အမေရိကန် ၁၀ ဒေါ်လာနဲ့ ၁၅ ဒေါ်လာအကြား ကျသင့်မှာ ဖြစ်ပါတယ်။

အသေးစားငွေလွဲမှု လုပ်ငန်းတွေဘဲ လုပ်ဆောင်နိုင်မှာဖြစ်ပြီး Export၊ Import လုပ်ငန်းကြီးပိုင်းတွေအတွက် ဘဏ်အကောင့်တွေ ကနေဘဲ လုပ်ဆောင်ရမှာ ဖြစ်သလို ပြည်တွင်းကနေ ငွေလွှဲဖို့ကိစ္စကိုလည်း ဗဟိုဘဏ်ကနေ ဒါရိုက်တာအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးမှ ရနိုင်မယ်လို့ ဗဟိုဘဏ်ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

“ဘဏ်တွေမှာရှိတဲ့ သူတို့ရဲ့ Cash ၊ သူတို့ရဲ့ နိုင်ငံခြားငွေ ဒေါ်လာ အကောင့်ရှိလို့ရင် အဲဒီကနေ သူတို့လွှဲလို့ရသေးတယ်။ လောလောဆယ် ဒီလို ကတော့ အတွင်းကို ပဲ ခွင့်ပြုသေးတယ်။ ဒါရိုက်တာအဖွဲ့ ဘာညာရှိသေးတော့ တင်ပြပြီးတော့မှ ရမယ်။”

နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု လုပ်ဆောင်နေတဲ့ Money Gram နဲ့ ပြည်တွင်း AGD ဘဏ်အပြင် ထွန်းဖောင်ဒေးရှင်းနဲ့ မြန်မာနိုင်ငံသားများ ဘဏ်ကလည်း ငွေလွှဲလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် စီစဉ်နေတယ်လို့ ဗဟိုဘဏ်က ပြောကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia

မြန်မာနိုင်ငံဘဏ်တခုက၀န်ထမ်းများဘဏ်မှာအလုပ်လုပ်နေစဉ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...