Thursday, August 15, 2013

မောင်တောတွင် လုံခြုံရေး အထူးဂရုစိုက်ရန် သတိပေး


From : .the voice


လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများ ဝင်ရောက်နိုင်သည်ဆိုသည့် သတင်းများကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နှင့် တောင်ပြိုလက်ဝဲမြို့နယ်ခွဲအတွင်းရှိ ဌာနဆိုင်ရာရုံးများကို လုံခြုံရေးအစီအစဉ်များချကာ အထူးဂရုစိုက်ရန် ညွှန်ကြားထားကြောင်း မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မောင်တောမြို့နယ်ရှိ ဌာနဆိုင်ရာရုံးအဆောက်အအုံများကို လုံခြုံရေးအထူးဂရုပြုရန် သြဂုတ် (၇) ရက်နေ့တွင် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

မွတ်ဆလင်နိုင်ငံပေါင်း ၂၀ ကျော်တွင် အကြမ်းဖက်မည့်သတင်းထွက်ပေါ်နေပြီး အာဖဂန်နစ္စတန်နိုင်ငံက သင်တန်းပေးရန် ဖောက်ခွဲရေးသမားရာပေါင်းများစွာ အိန္ဒိယနိုင်ငံကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဝင်ရောက်နေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံက လုံခြုံရေးအရာရှိ ဒုတိယဗိုလ်ချုပ်ကြီး ပြောဆိုထားကြောင်း၊ ယင်းသတင်းနှင့် ဆက်စပ်ကာ မောင်တောမြို့တွင်လည်း အထူးသတိထားရမည့် ကာလအဖြစ် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန် ညွှန်းကြားခြင်းဖြစ်ကြောင်း မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

ဌာနဆိုင်ရာရုံးများ အပြင်မြို့တွင်း တွင်လည်း လုံခြုံရေးအစီအမံများကို ဂရုစိုက် လုပ်ဆောင်ထားကြောင်း အဆိုပါ ရုံးအဖွဲ့က ထပ်မံပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နေရာများတွင် လုံခြုံရေး ပိုမိုတိုးမြှင့်ထားပြီး မောင်တောမြို့ပေါ်နှင့် လူနေရာဒေသများတွင် လုံခြုံရေးတိုးမြှင့်ထားသည်ကို တွေ့ရှိရကြောင်း မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောကြားသည်။
အကြမ်းဖက်သမားများက မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ရခိုင်ပြည်နယ်တွင် ဗုံးဖောက်ခွဲမှု၊ အကြမ်းဖက်မှုများ ဖြစ်ပွားမည့် ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သဖြင့် မြန်မာ-ဘင်္ဂလာဒေ့ရှ်နိုင်ငံ နယ်စပ်အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၌ မေလ ဒုတိယပတ်တွင် လုံခြုံရေးတင်းကျပ်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက် တံခါးကို ကာကွယ်ရန် တပ်မတော်က လုံခြုံရေး အင်အားတိုးမြှင့်ချထားပြီး ဒေသလုံခြုံရေးကို အထောက်အကူပြုစေရန် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တိုင်းရင်းသားကျေးရွာလေးရွာတွင် လက်နက်တပ်ဆင်ထားသည့် ပြည်သူ့စစ်တပ်ဖွဲ့များကို အမာခံ (၁၀) ဦး၊ အရန် (၂၀) ဦးစီဖြင့် ဖွဲ့စည်းပေးထားကြောင်း၊ တပ်မတော် (ရေ) ကလည်း စစ်ရေယာဉ်များဖြင့် ရေပြင်လုံခြုံရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြည်သူ့လွှတ်တော်၌ ဇူလိုင် ၂၄ ရက်နေ့တွင် ဖြေကြားထားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...