Thursday, May 30, 2013

သံလွင်မြစ်ဝှမ်းဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဂေဟစနစ် ထိန်းသိမ်းရန် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

သံလွင် မြစ်ဝှမ်းဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဂေဟစနစ်ကို ထိန်းသိမ်းရန် ရည်ရွယ်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို မေ ၂၈ ရက်နှင့် ၂၉ ရက်က ရန်ကုန်မြို့ရှိ UMFCCI တွင် ကျင်းပခဲ့ သည်။

"မြစ်တွေ ချောင်းတွေရဲ့ သယံဇာတတွေက အရေးကြီးတယ်။ အဲဒါကြောင့် လူတွေဟာ သိပ္ပံနည်းကျ မှန်မှန်ကန်ကန် အချက်အလက်ကျကျ သိရှိဖို့ လိုအပ်တဲ့အတွက် အခုလို အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်တာပါ" ဟု REAM( Renewable Energy Association Myanmar) မှ ဦးအောင်မြင့်က ပြောကြားသည်။

"သံလွင်မြစ်ဝှမ်း ဒေသမှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာ သဘာဝ အခြေအနေတွေ နေထိုင်ရာ လူမျိုးတွေရဲ့ လူနေမှုဘ၀တွေကို ထည့်သွင်းစဉ်းစားရမယ်။ ဘယ်နေရာမှာပဲ ဖွံ့ဖြိုးမှု လုပ်ငန်းတွေကို လုပ်လုပ် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု လူမျိုးစုတွေရဲ့ လူမှုစီးပွားရေး ဘ၀တွေကို သက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်မယ့် အစိုးရ အဖွဲ့အစည်းတွေ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေတင် မကဘဲ ဒေသခံတွေရဲ့ အကြံဥာဏ်ကိုပါ ထည့်သွင်း စဉ်းစားရမယ်။ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်။ အဲဒါမှ အမှားအယွင်းနည်းမယ်။ အားနည်းချက် နည်းမယ်" ဟု socioeconomic studies စာတမ်းဖတ်သူ ပရော်ဖက်ဆာ ဦးမောင်မောင်အေးက ပြောကြားသည်။

ယခု အလုပ်ရုံ ဆွေးနွေးပွဲကို ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ သံလွင်မြစ်သည် တရုတ်နိုင်ငံမှ ၅၃ ရာခိုင်နှုန်း၊ မြန်မာမှ ၄၂ ရာခိုင်နှုန်း၊ ထိုင်းမှ ငါးရာခိုင်နှုန်း ထိစပ်တည်ရှိနေကြောင်း သိရသည်။

သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း ပြုလုပ်ရန် kyun lon hydro project, Noung Hpa hydro project, Man Taung hydro project, Mine Ton hydro project, Ywa Thit hydro project, Hut Gyi hydro project စသည့် စီမံကိန်း ခြောက်ခုကို ပြုလုပ်ရန် ၂၀၀၅ ခုနှစ် မှ ၂၀၁၁ ခုနှစ်အထိ နားလည်မှု စာချွန်လွှာကို ရေးထိုးခဲ့ကြောင်းကိုလည်း အလုပ်ရုံဆွေးနွေးပွဲတွင် သတ္တုတွင်း ၀န်ကြီးဌာနမှ အထွေထွေမန်နေဂျာ ဦးစောမိုးမြင့် (အငြိမ်းစား)တင်ပြဆွေးနွေးခဲ့သည့် စာတမ်းအရ သိရသည်။


UMFCCI တွင် ကျင်းပသည့် သံလွင်မြစ်ဝှမ်းဆိုင်ရာ အစည်းအဝေးအား မေ ၂၉ ရက်နေ့က တွေ့ရစဉ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...