Thursday, July 25, 2013

လှိုင်သာယာ ပဒံကျေးရွာ လယ်သိမ်းခံလယ်သမားတို့ လျော်ကြေးညှိနှိုင်းပေးရန် တောင်းဆို

Thursday, July 25, 2013

လှိုင်သာယာမြို့နယ်၊ ပဒံကျေးရွာရှိ လယ်သမားတို့က ၀ါဝါ၀င်းကုမ္ပဏီသည် လယ်မြေများ သိမ်းယူသည်ဟု စွပ်စွဲကာ လျော်ကြေးကိစ္စအတွက် ညှိနှိုင်းပေးရန် ဇူလိုင်လ ၂၄ ရက်တွင် တောင်းဆိုလိုက်သည်။ ပဒံကျေးရွာရှိ အနော်ရထာစက်မှုဇုန်တွင် လယ်သိမ်းခံလယ်သမားတို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ တောင်းဆိုခြင်း ဖြစ်သည်။ သိမ်းဆည်းထားသည့် လယ်မြေများကို အပိုင်း ၁ နှင့် ၂ ဟူ၍ နှစ်ပိုင်းခွဲထားရာ အပိုင်း ၁ လယ်သမားများက လျော်ကြေးရယူလိုခြင်း ဖြစ်သည်။

လယ်မြေ အပိုင်း ၂ ဘက်မှ လယ်သမားတို့သည် ဂရုဏာကြေး ရရှိဆဲဖြစ်သော်လည်း အပိုင်း ၁ ဘက်မှ လယ်သမားတို့မှာ နစ်နာကြေး မရရှိသေးဟု ဆိုသည်။ “အမြန်ဆုံး ညှိနှိုင်းပေးဖို့ တောင်းဆိုတာပါ။ သူတို့ ဘက်က လယ်သမားတွေကို နစ်နာကြေးပေးဖို့ ညှိနှိုင်းပေးခဲ့ပေမယ့် ခုချိန်ထိ မရရှိခဲ့ပါဘူး”ဟု အပိုင်း ၁ နယ်မြေမှ လယ်သမားကိုပေါက်က ပြောခဲ့သည်။

အပိုင်း ၁ တွင် အဆောက်အအုံဆောက်ထားသည့် လယ်ယာမြေများကို နစ်နာကြေး အမြန်ဆုံးပေးရန်၊ ခြံစည်းရိုးခတ်ထားသည့် လယ်ယာမြေများအတွက် ညှိနှိုင်းရန်နှင့် လစ်လပ်နေသည့် လယ်ယာမြေများကို ပြန်ပေးရန်လည်း လယ်သမားတို့က တောင်းဆိုသည်။
လယ်မြေများ သိမ်းယူသည်ဟု စွပ်စွဲခံထားရသည့် ၀ါဝါ၀င်းကုမ္ပဏီကမူ လယ်မြေများ ပြန်ပေးရန်မှာ ၀ါဝါ ၀င်းနှင့် သက်ဆိုင်မှုမရှိဘဲ လယ်ယာမြေ သိမ်းဆည်းခံရမှုများ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ကုမ္ပဏီ၏ အကြီးတန်းအရာရှိက မဇ္ဈိမကို ပြောသည်။

“လယ်ယာမြေတွေကို ပြန်ပေးဖို့က ၀ါဝါ၀င်းနဲ့ မဆိုင်တော့ပါဘူး။ လယ်ယာမြေ စုံစမ်းရေးကော်မရှင်နဲ့ ညှိ နှိုင်းထားပြီးသားပါ။ မပေးတာ မဟုတ်ဘူး။ အတိုင်းအတာတစ်ခုထိ ပေးတယ်။ သူတို့လက်မခံတာတော့ မသိဘူး။ ဒီမြေကလည်း နိုင်ငံတော်ကပိုင်တဲ့မြေတွေပါ။ ပိုင်ဆိုင်မှုတွေ အကုန်ရှိပြီးသားပါ”ဟု ပြောသည်။

အပိုင်း ၁မှ အသိမ်းခံ လယ်မြေဧကပါင်း ၃၇၀ ကျော်ရှိပြီး လယ်သမားဦးရေ ၄၀ ကျော်ရှိကာ ၎င်းင်းတို့မှာ ဂရုဏာကြေး လုံးဝ မရရှိသေးဟု လယ်သမားတို့က ဆိုသည်။ ၀ါဝါ၀င်း အပိုင်း၂ မှ အသိမ်းခံ လယ်ဧက ပေါင်း ၃၀၀ နီးပါးရှိကာ ဧက ၁၀၀ ကျော်မှာ ဂရုဏာကြေး ရရှိပြီဖြစ်ပြီး ကျန်ဧကများကို ဆက်လက်၍ ဂရုဏာကြေး ပေးနေဆဲဖြစ်ကြောင်း အပိုင်း ၁ ဘက်မှ လယ်သမားဖြစ်သူ ကိုကြည်ရွှင်က ပြောသည်။

လယ်မြေ သိမ်းခံရမှုများအတွက် လယ်သမားတို့က ပြီးခဲ့သည့်နှစ်တွင် ဆန္ဒပြမှုများလည်း ပြုလုပ်ခဲ့ကြ သည်။

Mizzima News

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...