မြန်မာနိုင်ငံမှာ မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ သံဃာတော်တွေပါဝင် ပတ်သက်မှုကို ကန့်သတ်နိုင်ဖို့အတွက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကနေ တားဆီးမိန့် တစ်ခုထုတ်ပြန် လိုက်တယ်လို့ သိရပါတယ်။
မိတ္ထီလာပဋိပက္ခအတွင်း မီးလောင်မှုမြင်ကွင်း
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လတွေ အတွင်းဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြောင်းပြု အကြမ်းဖက်မှုတွေမှာ ဗုဒ္ဓဘာသာ သံဃာတော်တွေ ဦးဆောင်ပါဝင်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိခဲ့ရာက အခုလို တားမြစ်တဲ့ ညွှန်ကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ကတည်းက ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ အမိန့်စာမှာ ၉၆၉ လှုပ်ရှားမှုနဲ့ပတ်သက်တဲ့အဖွဲ့တွေ တရားဝင်ဖွဲ့စည်းခွင့်မပြုကြောင်း ကန့်သတ်ချက် ထုတ်ထားပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး ၆၉၆ လှုပ်ရှားမှုခေါင်းဆောင်အဖြစ် သတ်မှတ်ခံရတဲ့ အရှင်ဝိရသူကတော့ ဒါဟာ ဒီမိုကရေစီမဆန်ဘူးလို့ ဝေဖန်လိုက်ပါတယ်။
ဂေါတမဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ရည်ညွှန်းထား ဖြစ်တယ်ဆိုတဲ့ ၉၆၉ ဂဏန်းကိုသုံးပြီး မွတ်စလင်ဆန့် ကျင်ရေးလှုပ်ရှားမှု သင်္ကေတအဖြစ် အသွင်သွတ်သွင်းခဲ့တဲ့ လှုပ်ရှားမှုဟာ မြန်မာနိုင်ငံစုစုပေါင်း လူဦးရေ သန်း ၆၀ ထဲမှာ ၅ ရာခိုင်နှုန်းသာရှိတဲ့ မွတ်စလင်တွေကို ခွဲခြားထားဖို့ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းဌာနတချို့က ဖေါ်ပြပါတယ်။
၉၆၉ လှုပ်ရှားမှုရဲ့ ဦးစီးဦးဆောင်အဖြစ် သတ်မှတ်ခံရတဲ့ အရှင်ဝီရသူကတော့ သူ့အနေနဲ့အကြမ်းဖက်မှုကို အားပေးအားမြောက်မလုပ်ဘူးလို့ဆိုပေမယ့် ၉၆၉ လှုပ်ရှားမှု ပေါ်ပေါက်လာတာနဲ့အတူ အကြမ်းဖက်မှုတွေ တွဲဖက်ပါလာခဲ့တာ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖေါ်ပြခဲ့ပါတယ်။
အရှင်ဝီရသူကတော့ အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့အတွက် စိတ်ထိခိုက် ရကြောင်းပြောခဲ့သလို လူမှုအသိုင်းအဝိုင်းတွေအခြင်းခြင်းအကြားငြိမ်းချမ်းရေးတည် ဆောက်သင့်တယ်လို့လည်း ပြောခဲ့တဲ့အကြောင်း သိရပါတယ်။
ဘာသာရေးအကြောင်း ပြုအကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၂၃၀ ကျော် အသက်ဆုံးခဲ့ရပြီး လူပေါင်း တစ်သိန်းခွဲထက်မနည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အများစုက မွတ်စလင်တွေဖြစ်တယ်လို့ နိုင်ငံတကာသတင်းဌာနတချို့က ဖေါ်ပြကြပါတယ်။
0 comments:
Post a Comment