Monday, September 9, 2013

မြို့တွင်းဆိုင်ကယ်စီးသူများ ထောင်သုံးနှစ်ချမည့်စနစ် ပြောင်းလဲကျင့်သုံးမည်




ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းပါက ယခင်စနစ်ကဲ့သို့ စွဲချက်တင်စစ်ဆေးခြင်းထက် ပိုမိုမြန်ဆန်သည့် ထောင်သုံးနှစ်ချသည့် စနစ်ကိုပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီမှ သိရသည်။

ထိုကဲ့သို့ အရေးယူနိုင်ရန်သက်ဆိုင်ရာ မြို့နယ်များတွင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။



“အရင်ကလို Without တွေဖမ်းမိရင် ယာယီအကျဉ်းထောင်မှာ ခဏထားတာမျိုးတွေ မရှိတော့ဘဲ တစ်ခါတည်း တန်းပြီး တရားရေးပိုင်းက အရေးယူမှာပါ၊ လိုင်စင်ရှိ ယာဉ်တွေဆိုရင်လည်း နယ်ကျော်ဆိုင်ကယ် စီးနင်းမှုအပေါ်မူတည်ပြီး ဒဏ်ငွေဆောင်အရေးယူမှုတွေ လုပ်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိ စာရင်းများအရ လိုင်စင်မဲ့ ဆိုင်ကယ်အစီးရေ စုစုပေါင်း ၆၀၀ ကျော်ကို အရေးယူထားပြီး နေ့စဉ်နှင့်အမျှ ဖမ်းဆီးမှုများ ရှိကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အခုလို ဖမ်းဆီးဖို့ကို ရဲတွေတင်မဟုတ်ပါဘူး၊ ကျွန်တော်တို့လို ရပ်ကွက်က တာဝန်ရှိသူတွေပါ ပူးပေါင်း ဆောင်ရွက်ဖို့ လုပ်ထားပါတယ်၊ ဒါပေမဲ့ ဆိုင်ကယ်ကို ဒီဘက်တွေမှာ အဓိက အားထားနေရတယ်၊ အဲဒီ အခက်အခဲကိုပါ သူတို့ ဖြေရှင်းပေးဖို့ မျှော်လင့်တယ်” ဟု လှိုင်သာယာ မြို့နယ်တွင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချစ်မောင်က ပြောသည်။

လက်ရှိ ရန်ကုန်မြို့တွင်း အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ရာတွင် ဆိုင်ကယ်အသုံးပြုမှု အဓိကနယ်မြေများ ဖြစ်သည့် လှိုင်သာယာမြို့နယ်၊ ဒဂုံ(အရှေ့၊ မြောက်၊ တောင်၊ ဆိပ်ကမ်း)၊ မင်္ဂလာဒုံမြို့နယ်များသို့ လိုက်လံနှိုးဆော်နေခြင်းဖြစ်သည်။

“ကျွန်တော်ဆို ဆယ်တန်းအောင်ပြီးကျောင်းတက်ကတည်းက ဒီဆိုင်ကယ်ကယ်ရီ ဆွဲတာနဲ့ အသက်မွေးလာတာပါ၊ အခုလိုဖမ်းမယ်ဆိုတော့ ဘာလုပ်လို့လုပ်ရမယ်မှန်း မသိဘူး။ကျွန်တော်တို့လို ကယ်ရီသမားတွေအများကြီး ရှိပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့အတွက် တစ်ခုခု လုပ်ပေးစေချင်ပါတယ်”ဟု မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်နေ အောင်မင်္ဂလာအဝေးပြေးဝင်း ပြင်ပဆိုင်ကယ်ကယ်ရီ ဆွဲနေသူ ကိုထိန်လင်းဦးက ပြောသည်။

အဆိုပါ ဆိုင်ကယ်ကယ်ရီသမားများသည် တစ်ရက်ဝင်ငွေ အနိမ့်ဆုံး ကျပ်လေးထောင် ၀န်းကျင်မှ အမြင့်ဆုံး ကျပ်ခုနှစ်ထောင် ၀န်းကျင် ၀င်ငွေ ရရှိကြောင်း ဆိုင်ကယ် ကယ်ရီသမားများ၏ ပြောကြားချက်အရ သိရသည်။

မြတ်မိုးကျော်(မြစ်မခ) 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...