ဆရာမများ အနေနှင့် အခုလိုလုပ်တာဟာ စည်းကမ်းချိုးဖောက်တာ
ဖြစ်ကြောင်း၊ ပညာရေး မြင့်မားရန် ကြိုးစားနေတဲ့ အချိန်မှာ အခုလို
မလုပ်သင့်ကြောင်း၊ ဒါဟာ မိဘတွေကို စိတ်ပူစရာဖြစ်ကြောင်း၊ အခြား ဆရာမများအား
စည်းကမ်းမလိုက်နာပါက ယခုကဲ့သို့ စံပြအရေးယူစေခြင်းကြောင်း မိဘများထံမှ သိရှိရ ပါတယ်။
ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက် စာမျက်နှာ မှာ ဖော်ပြထားတာကတော့...
အထက (၅) နေပြည်တော်မှ ဒေါ်စိုးစိုးခိုင် (အလယ်တန်းပြ) သည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တွင်
ကျောင်းချိန် နောက်ကျ ရောက်ရှိခြင်း ၄၃ ရက် ရှိခဲ့ပြီး ခွင့်ယူရက် လေးရက် ရှိခဲ့ပါသည်။
၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် ဇွန်လ ၃ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်ပါသည်။
ဒေါ်စိုးစိုးခိုင်သည်၁ဝ-၆-၂ဝ၁၃ရက်နေ့၊
ကျောင်းချိန်တွင်အတန်းမှူးဦးတင်မောင်ဆွေ(အလယ်တန်းပြ)ထံသို့ တယ်လီဖုန်းဖြင့်
ခွင့်တိုင်ပါသည်။ အတန်းမှူးမှ မည်သို့မျှပြန်မပြောနိုင်မီ
ဖုန်းချသွားပါသည်။
ကျောင်းအုပ်ကြီးနှင့် အတန်းမှူးတို့က ဒေါ်စိုးစိုးခိုင်၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်း မပြုခဲ့ပါ။
၁၃-၆-၂ဝ၁၃ ရက်နေ့တွင်ကျောင်းအုပ်ကြီးက ထပ်မံဆက်သွယ်ရာ ဒေါ်စိုးစိုးခိုင်၏
မိခင်မှ ဖုန်းကိုင်ပါ သည်။ ဒေါ်စိုးစိုးခိုင် အား ကျောင်းအုပ်ကြီးထံ
အဆက်အသွယ်ပြုလုပ်ရန် ပြောကြား သော်လည်း ပြန်လည် ဆက်သွယ်ခြင်းမရှိခဲ့ပါ။
ဒေါ်စိုးစိုးခိုင်သည် ၁၇-၆-၂ဝ၁၃ ရက်နေ့တွင်မှ ကျောင်းပြန်တက်ခဲ့ပါသည်။
ခွင့်မဲ့ပျက်ကွက်ရက်မှာ ၈-၆-၂ဝ၁၃ ရက်မှ ၁၆-၆-၂ဝ၁၃ ရက်နေ့အထိ
ကိုးရက်ရှိပါသည်။
အဆိုပါ ခွင့်မဲ့ပျက်ကွက်သည့်ကိစ္စနှင့် ပတ်သက်၍ ခရိုင်ပညာရေးမှူးရုံးမှ ၂၄-၆-၂ဝ၁၃ တွင် ဌာနတွင်း စစ်ဆေးခဲ့ပါသည်။
ဒေါ်စိုးစိုးခိုင်သည် စစ်ဆေးဆဲ ၂၇-၆-၂ဝ၁၃ တွင်ခွင့်တင်ခဲ့ပြီး ၂၉-၆-၂ဝ၁၃ မှ ၁-၇-၂ဝ၁၃ အထိ သုံးရက် ထပ်မံ ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။
၂-၇-၂ဝ၁၃ တစ်ရက်၊ ကျောင်းချိန်နောက်ကျ ကျောင်းပြန်တက်ပြီး ၃-၇-၂ဝ၁၃ နှင့် ၄-၇-၂ဝ၁၃ နေ့များ တွင် ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။
အထက်ပါဖြစ်စဉ်များတွင်ဌာနတွင်း စစ်ဆေးမှုပြုလုပ်ရန်အတွက် ခရိုင်ပညာရေး
မှူးရုံးသို့ ၂၈-၇-၂ဝ၁၃ မှစ၍ တွဲဖက်အမိန့်ထုတ်ပြန်ခဲ့သော်လည်း
လာရောက်ခြင်း၊ ဆက်သွယ်ခြင်းမရှိတော့ပါ။
ခရိုင်ပညာ ရေးမှူးရုံးမှ ဒေါ်စိုးစိုးခိုင်၏ အိမ်သို့ စာဖြင့်လေးကြိမ်
သွားရောက်၍ ခရိုင်ရုံးသို့ ရုံးတက်ရန် အကြောင်းကြား ခဲ့သော်လည်း မလာရောက်ဘဲ
အကြောင်းမဲ့(ခွင့်မဲ့) ပျက်ကွက်ခဲ့ပါသည်။
၁-၈-၂ဝ၁၃ ရက်နေ့တွင် ဒေါ်စိုးစိုးခိုင်မှာ အမှန်တကယ် ဆက်သွယ်ရမည့်
ခရိုင်ပညာရေးရုံးသို့ မဆက် သွယ်ဘဲ အမှတ် (၂) အခြေခံ ပညာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်ရုံးသို့ Fax ဖြင့် လစာမဲ့ခွင့် တင်ခဲ့ပါသည်။
စစ်ဆေးချိန်တွင် ခွင့်မဲ့ပျက်ကွက်ရက်များ၌ နေပြည်တော်တွင် အထွေထွေသွေးအားနည်း ရောဂါဖြင့်
ဆေးကုသနေ ကြောင်း ပြင်ပဆရာဝန်၏ ဆေးလက်မှတ် တင်ပြ လိမ်ညာခဲ့ပါသည်။
စစ်ဆေးရေးအဖွဲ့မှ သေချာစစ်ဆေး မေးမြန်း သောအခါ ရန်ကုန်သို့ ၁၃-၆-၂ဝ၁၃
ရက်နေ့တွင် သွားရောက် ခဲ့ပြီး ၁၅-၆-၂ဝ၁၃ နေ့မှသာ ပြန်လည်ရောက်ရှိခဲ့ကြောင်း
၎င်းမှ ဝန်ခံခဲ့ပါသည်။
ဝန်ထမ်းစည်းမျဉ်းအရ နယ်မြေကျော် လွန်သွားလာခွင့် တင်ပြရမည် ဖြစ်သော်လည်း
ခွင့်မတောင်းဘဲ မိမိသဘောဖြင့် ခွင့်မဲ့ပျက်ကွက်၍ သွားရောက်ခဲ့ခြင်း
ဖြစ်ပါသည်။
ဒေါ်စိုးစိုးခိုင်သည် ဝန်ထမ်းစည်းကမ်းကို အကြိမ်ကြိမ် လိုက်နာမှု
မရှိခြင်းကြောင့် အမှတ်(၂) အခြေခံ ပညာ ဦးစီးဌာန၏ (၄/၂ဝ၁၃) EC
ဆုံးဖြတ်ချက်အရ ၁၅-၈-၂ဝ၁၃ ရက်နေ့တွင် မယူမနေရ အငြိမ်းစားပေးရန်
ဆုံးဖြတ်ခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများတွင် အလားတူ ခွင့်မဲ့ ပျက်ကွက်ခြင်းနှင့်
အမိန့်မနာခံခြင်းများကို ဌာန ဆိုင်ရာ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီး
ပြစ်မှုထင်ရှားပါက removal (သို့မဟုတ်) Dismiss ပြစ်ဒဏ်များ ချမှတ်ခဲ့
ပါသည်။
သို့ဖြစ်၍ ၁၇-၈-၂ဝ၁၃ နေ့တွင် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ EC
ဆုံးဖြတ်ချက်အရ removal အမိန့် ထုတ်ပြန်ခဲ့ ခြင်း ဖြစ်ပါကြောင်းနှင့်
ရှင်းလင်းအပ်ပါသည်။
ပညာရေးဝန်ကြီးဌာန
နေပြည်တော်နယ်မြေ၊ အထက (၅) မှ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်အား
အလုပ်မှ ထုတ်ပယ်လိုက်ခြင်း အပေါ်မှာ ကာယကံရှင်၏ ထင်မြင်ယူဆချက်အား
မေးမြန်းထားပါသည်။
မေး - ဆရာမတို့ ကျောင်းမှာရော အခြားလူတွေရော ခွင့်မဲ့ပျက်ကွက်တာ မရှိဘူးလား။
ဖြေ - ခွင့်မဲ့ပျက်ကွက်တာက အစ်မမှ မဟုတ်ပါဘူး။
ဒီတစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာ၊ ဆရာမ တိုင်းမှာ ရှိတာပဲ။ အလုပ်ဖြုတ်တယ်
ဆိုတာ ခွင့်မဲ့ပျက်ကွက်တိုင်း ထုတ်လို့မရဘူး။ ခွင့်မဲ့ပျက်ကွက်တာကို
အလုပ်ထုတ်ပိုင်ခွင့် မရှိဘူး။ များသောအားဖြင့် အလုပ်ထုတ်တဲ့ ပြစ်မှုတွေက
စာရိတ္တ ဖောက်ပြားမှု၊ နောက်ပြီး ငွေကြေး အလွဲသုံးစားလုပ်မှု ဒါကိုပဲ
အလုပ်ထုတ်ခွင့် ရှိတယ်။
မေး - အစ်မကို ခွင့်မဲ့ပျက်ကွက်တာ တစ်ခုတည်းနဲ့ အလုပ်ထုတ်တာက ဘာဖြစ်လို့လို့ထင်လဲ။
ဖြေ - အစ်မကို ဇွန်လအရေးအခင်းအတွက် စာနယ်ဇင်း ရှင်းလင်းပွဲ
လုပ်လို့ဆိုပြီး စွဲချက်သုံးချက် တင်ထားတယ်။ (၁) ၁၀.၆.၂၀၁၃ မှ ၁၄.၆. ၂၀၁၃
အထိ ခွင့်မဲ့ပျက်ကွက်လို့၊ (၂)သက်ဆိုင်ရာ ကျောင်းအုပ်ကြီးကို အသိမပေးဘဲ
ခရီးဝေး ထွက်ခွာခြင်း၊ (၃)နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်
ဆောင်ရွက်ခြင်းစတဲ့ သူတို့စွဲထားတဲ့ စွဲချက်တွေကို တောင်မှ ခိုင်ခိုင်မာမာ
မရပ်တည်နိုင်ဘူး။ သူတို့စွဲချက်တင်တဲ့ အထဲမှာ ရန်တိုင်တိုင်း ဒေသကြီး
အတွင်းရှိ၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သော ၈၈
အရေးတော်ပုံ ငွေရတု အခမ်းအနား ကျင်းပရန် ပြုလုပ်သည့် စာနယ်ဇင်း
ရှင်းလင်းပွဲသို့ တက်ရောက်မှု လို့ပြောခဲ့ပြီး အခုဘာကြောင့် အဲဒီအချက်ကို
ဖျောက်ထားတာလဲ။ ဘာလို့ မစစ်ဆေး ရဲတာလဲ။ အခုမှ ခွင့်မဲ့ပျက်ကွက်တာတို့
ဘာတို့နဲ့ ပြောရတာလဲ။ အစ်မက ၈၈ မျိုးဆက် ကျောင်းသူမို့လို့ ဒီလိုလုပ်တာပါ။
ဒါက သေချာနေတာပဲ။
မေး - ဒီမိုကရေစီ စနစ်ဆီကို သွားနေတယ်လို့လဲ ပြောတယ်။
ဝန်ထမ်းစည်းမျဉ်း စည်းကမ်းတွေက ဒီမိုကရေစီစနစ်နဲ့ ပဋိပက္ခဖြစ်နေတဲ့ အပေါ်မှာ
အစ်မရဲ့အမြင်။
ဖြေ - အခွင့်အာဏာဆိုတာ လက်ရှိအချိန်မှာ သူတို့လက်ထဲမှာရှိတယ်။ အစ်မတို့
ပြည်သူတွေ အနေနဲ့ ၈၈ ကျောင်းသူ အနေနဲ့ လက်ရှိ အခြေအနေမှာ သူတို့ပဲ
အုပ်ချုပ်ပြီး မင်းလုပ် နေဦးမယ်ဆိုရင် ပြည်သူတွေ အပေါ်မှာ ဆက်ပြီးတော့
မတရား လုပ်နေမှာပဲ ဖြစ်တယ်။ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းမှာ ငါးနှစ်ကင်းကွာ
ပိုင်ခွင့်ရှိတယ်။ အစ်မကို အခုလို လုပ်တာက တရားနည်းလမ်းတကျ ဆောင်ရွက်ပေးတာ
မဟုတ်ဘူး။ အာဏာကို အလွဲသုံးစား လုပ်တာပဲ ဖြစ်တယ်။
Eleven
=========