Sunday, September 1, 2013

အမေရိကန်အစိုးရ ဥပဒေရေးရာသံအမတ် မြန်မာနိုင်ငံသို့ စေလွှတ်မည်


Sunday, September 1, 2013

မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဆယ်စုနှစ် နှစ်စုခန့်ကြာ ရပ်နားခဲ့ပြီးနောက် အသစ်ပြန်လည် စတင်ခဲ့သော အမေရိကန်အစိုးရက အစိုးရအဖွဲ့၏ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် တရားဥပဒေရေးရာ တွဲဖက်အတွင်းရေးမှူး သံအမတ်ကြီး Mr.William Brownfield ကို မြန်မာနိုင်ငံသို့ စေလွှတ်မည် ဖြစ်ကြောင်း အမေရိကန် အစိုးရအဖွဲ့က သြဂုတ်လ ၃၀ ရက်နေ့တွင် တရားဝင် ကြေညာသည်။

ယင်းသို့ စေလွှတ်ရန် စီစဉ်ရခြင်းမှာ မြန်မာနိုင်ငံ၏ လတ်တလော အမျိုးသား လုံခြုံရေး အခြေအနေနှင့် လူ့အခွင့်အရေး အခြေအနေများကို ပြည်တွင်းရှိ အမျိုးသားရေး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး လေ့လာသုံးသပ်နိုင်စေရန် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

သံအမတ်ကြီး Brownfield သည် ၎င်း၏ ခရီးစဉ်အပြီး စက်ဘာလ ၆ ရက်နေ့တွင်လည်း ပြည်တွင်း ပြည်ပ မီဒီယာများနှင့် စားပွဲ ဝိုင်း ဆွေးနွေးပွဲတစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ်တွင် ကျင်းပပြီးစီးခဲ့သော သမိုင်းဝင် ရွေးကောက်ပွဲ အပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာ အသိုင်း အဝိုင်းက ပြည်တွင်းလုံခြုံရေးနှင့် လူ့အခွင့်အရေး အကာအကွယ်ပေး မှုပေါ်တွင်သာ တိုင်းတာလေ့ရှိပြီး အဆိုပါ ရည်ရွယ်ချက်ဖြင့် ပြည်တွင်း တိုးတက် ပြောင်းလဲမှု အခြေအနေကို လေ့လာနိုင်ရန် သံအမတ်ကြီး ကို စေလွှတ်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ချက်ခ်ဟေဂယ်လ်သည် ပြီးခဲ့သည့် အပတ်အတွင်းက ဘရူနိုင်းနိုင်ငံ၌ ကျင်းပခဲ့သော ဒေသတွင်း လုံခြုံရေးဆိုင်ရာ ညီလာခံတွင် မြန်မာအစိုးရ ခေါင်းဆောင်များနှင့် တွေ့ ဆုံရာ မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံရေး မပြုလုပ်ရန် ထပ်မံတိုက်တွန်း ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ်က သံတမန်ဆက်ဆံရေး စတင်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် အရေးအခင်းတွင် အကြမ်းဖက်မှုနှင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ် မပြုခဲ့သောကြောင့် ၁၉၉၆ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၏ မြန် မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးကို ပြန်လည် ရုပ်သိမ်း၍ သံတမန်အဆင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်၌ သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကို ခန့်အပ်ကာ ပြန်လည်စတင်ခဲ့သည်။

The Voice Weekly

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...