Wednesday, October 2, 2013

အမှောင်တွင် ကွယ်ပျောက်ခဲ့ရသူများ

Facebook ကို like လေးပေးခဲစေချင်ပါတယ်


သူမအိမ်ပြန်ရောက်သည်အထိ နောက်က ခင်ပွန်းသည် ဖြစ်သူကပါမလာ။ ဆုမ်ဘတ်ကို သူမနှင့် ဆွေမျိုးတွေ ရဲစခန်းနှင့် ဆေးရုံသို့ သွားရှာကြသည်။ သို့သော် ဘယ်မှာမှ ရှာမတွေ့ရတော့ပေ။ ပတ်ဝန်းကျင်ရှိ CCTV ရိုက်ကူးထားသော မြင်ကွင်းတစ်ခုကို နောက်နှစ်ရက်လောက် အကြာတွင် ပြန်ပြီး ခြေရာခံမိကြသည်။ ဆုမ်ဘတ်ကို ရဲကင်းတဲလေး တစ်ခုအတွင်းက ခေါ်ထုတ်လာပြီး ဗင်ကားတစ်စီးထဲ သွင်းကာ ညအမှောင်ထဲသို့ ကားက မောင်းဝင် ပျောက်ကွယ်သွားသည်။

အစိုးရကလည်း ဆုမ်ဘတ်တစ်ယောက် ဘယ်ရောက်၍ ဘယ်ပေါက်နေမှန်း မပြောနိုင်။ သူ့အတွက် စိုးရိမ်လာကြသည်။ ဆုမ်ဘတ် ရှာဖွေရေးတွင် ဦးဆောင်သူတစ်ဦးက ထိုကိစ္စသည် ကွန်မြူနစ် အာဏာပိုင်များနှင့် ပတ်သက်ဖွယ် ရှိကြောင်း စွပ်စွဲပြောဆိုလိုက်သည်။ သူပျောက်ဆုံးသွားခြင်းသည် အခြားသော NGO လုပ်သားများ အတွက်ပါ လုံခြုံမှု မရှိတော့ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။ အရှေ့တောင်အာရှတွင် အမှောင်ထုနှင့် အဓမ္မ လက်စတုံးခြင်းတို့က ဆက်စပ်နေသည်။

၁၉၈၀ ပြည့်နှစ်လောက် ကတည်းက ကုလသမဂ္ဂ အတင်းအဓမ္မ လက်စတုံး ဖျောက်ဖျက်မှုများကို စိစစ်ရေး အဖွဲ့တစ်ဖွဲ့သည် လာအိုနိုင်ငံအတွင်း လက်စတုံး ဖျောက်ဖျက်မှု ခုနစ်မှုကို မှတ်တမ်းတင်နိုင်ခဲ့သည်။ လာအိုနိုင်ငံတွင် ပျောက်ဆုံးမှုများသည် ‘သာမန်မဟုတ်’ ဟု လာအိုနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားမှု ဥက္ကဋ္ဌ ဗာနီဒါသက်ဆိုဗန်က ကောက်ချက်ချခဲ့သည်။

“အခြား လူမသိ သူမသိ ကွယ်ပျောက်သွားခဲ့တာတွေလည်း အများကြီးပဲ။ မီဒီယာကရော လာအို အာဏာပိုင်တွေက ဒီကိစ္စတွေကို လျစ်လျူရှု ထားကြတယ်။ အဲဒီစာရင်းကပါ ပြောရရင် အရှည်ကြီးပဲ။ အဖမ်းခံရ၊ ပျောက်ဆုံးခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေက ဖြစ်ပျက်ပုံတွေကို ပြန်မပြောပြချင်ကြဘူး။ အာဏာပိုင်တွေက သူတို့ကို တစ်ခုခုအရေးယူမှာ ကြောက်နေကြတယ်။ ကျန်ရစ်သူ မိသားစုတွေထဲက တစ်ဦးဦးကို ဒုက္ခပေးမှာ စိုးရိမ်ကြတယ်။ အင်မတန် ကြောက်စရာကောင်းတဲ့ စနစ်အောက်မှာ သူတို့ရှင်သန် နေကြရတာ မဟုတ်လား” ဟု သက်ဆိုဗန်က ဆိုသည်။

ဤနိုင်ငံတွင် ဝေဖန်မှုများကို ထိန်းချုပ်ခြင်းခံ ထားရသည်။ ဆန့်ကျင်သူများကို စိတ်ဓာတ်ကျသွား စေရန် ပြုလုပ်ကြသည်။ “လာအိုနိုင်ငံကလူတွေ Facebook ထဲမှာ ဆုမ်ဘတ်ကို ချမ်းသာပေးကြဖို့ အသနားခံကြတာတောင် သူတို့နာမည်ရင်းတွေနဲ့ ဝင်ထားကြတာ ရှားတယ်။ ဒါကို သာမန် အနေအထားလို့ ခင်ဗျားတို့ ပြောနိုင်မှာလား” ဟု သက်ဆိုဗန်က ထောက်ပြသည်။ သူက အခြားလာအို နိုင်ငံသားများ ကဲ့သို့ပင် ပြင်သစ်နိုင်ငံသို့ ကွန်မြူနစ်ပါတီ အာဏာသိမ်းသည့် ၁၉၇၅ ခုနှစ်လောက် ကတည်းက ထွက်ပြေးတိမ်း ရှောင်လာသူ ဖြစ်သည်။

၂၀၁၃ ခုနှစ် မတ်လ အစောပိုင်းလောက်တွင် လာအိုနိုင်ငံသည် နှစ်ပေါင်း ၁၅ နှစ်ခန့် တားမြစ်ပိတ်ဆို့ ထားခြင်းခံခဲ့ရာမှ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ (WTO) သို့ ဝင်ခွင့်ရလာသည်။ သို့သော် တိုင်းပြည်တွင်းရှိ ပြည်သူ့ အဖွဲ့အစည်းများကိုမူ ကမ္ဘာကြီးနှင့် မျက်ခြည် ဖြတ်ထားခဲ့သည်။

“လာအိုမှာ အတိုက်အခံတွေကို ဖွဲ့စည်းဖို့လည်း လက်မခံဘူး။ အစိုးရနဲ့ သဘောထား ကွဲလွဲသူတွေကို လည်း ဖမ်းဆီးထောင်ချတာတွေ လုပ်နေတာပဲ။ မြေယာသိမ်းတာတွေမှာလည်း တရားမျှတစွာ မဖြေရှင်းနိုင်သေးဘူး။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆိုတာတွေ လုပ်တဲ့သူတိုင်းလည်း အဖမ်းမခံရတာ မရှိသေးဘူး” ဟု သက်ဆိုဗန်က ရှင်းပြသည်။

နိုင်ငံအတွင်း ဖိနှိပ်ချုပ်ခြယ် ခံရမှုများကြောင့် ပြည်သူတွေက နှုတ်ဆိတ်နေသည်မှာ အကျင့်ပါနေ သည်။ စစ်တပ်၏ စိုးမိုးအုပ်ချုပ်ခြင်း ခံထားရသည့် နိုင်ငံဖြစ်သဖြင့် အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ကွယ်ပျောက် သွားရခြင်းတွေကလည်း အဆန်းမဟုတ်။ နိုင်ငံအတွင်း ဒဏ်ခတ်ခြင်း မခံရသူများနှင့် ခြိမ်းခြောက်မှု မခံရသူတွေကလည်း မရှိသလောက် ရှားသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသော်လည်း မမြင်သည့် အကန်းများလို နေထိုင်ကြရသည်။ ပြစ်မှု ကျူးလွန်သူများကလည်း အတွေ့အကြုံတွေရှိပြီး ဖြစ်သဖြင့် အပြစ်ပေး အရေးယူ မခံရစေရန် ရှောင်တိမ်းနိုင်စွမ်း ရှိကြသည်။

“ထိုင်းနိုင်ငံမှာလည်း လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေ မရှိဘူး။ အထူးသဖြင့် ဒီလိုအတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ပျောက်ဆုံးသွားရတဲ့ သူတွေအတွက် စောင့်ကြည့်တဲ့အဖွဲ့၊ လိုက်လံစုံစမ်း ဖော်ထုတ်ပေးတဲ့ အဖွဲ့အစည်းတွေလည်း မရှိဘူး။ မျက်မြင်သက်သေအဖြစ် ထွက်ဆိုပေးမယ့် သူတွေကိုလည်း ထိရောက်စွာ အကာအကွယ် ပေးနိုင်တဲ့ စနစ်လည်း မရှိသေးဘူး။ စုံစမ်းစစ်ဆေးမှု မှန်သမျှဟာ ရဲအရေးယူပိုင်တဲ့ ကိစ္စတွေ ဖြစ်နေတာကြောင့် ရဲကဖမ်းလိုက်တဲ့ အမှုကို ရဲက ပြန်စစ်နေတာနဲ့ပဲ တရားမျှတမှုတွေနဲ့ ကင်းဝေးနေခဲ့ရတယ်” ဟု ထိုင်းလူမျိုး JPF (Justic for Peace Foundation) အဖွဲ့၏ ဥက္ကဋ္ဌ အန်ခါနာနီလာပိုင်ဂျစ်က ဆိုသည်။

UNWGEID (United Nations Working Group on Enforced or Involuntary Disappear-ances) အဖွဲ့ကလည်း အစိုးရ အဖွဲ့အစည်းများ အနေနှင့် ပျောက်ဆုံးသွားသူများအပေါ် မည်သို့ အရေးယူ ဆောင်ရွက်ထားကြောင်းကို တောင်းဆိုနေသော်လည်း တုံ့ပြန်ချက်မှာ အနည်းငယ်သာ ရရှိသည်။ သက်သေ အထောက်အထားကလည်း မရှိ၊ တွန်းအားပေးမှုတွေကလည်း နည်းပါး၊ တရားစွဲဆို နိုင်ခြင်းလည်း မရှိသည့်အတွက် ဘာမှန်းမသိဘဲ ပျောက်ဆုံးသွားသူတွေက တိုးပြီးရင်း တိုးလာကာ အဖြေရှာမရနိုင်အောင် ဖြစ်နေရသည်။

အာဏာပိုင်များကို တိုင်လျှင် လက်တုံ့ပြန်ခြင်းကို ခံရတတ်သဖြင့် ဆွေမျိုးသားချင်းများက ပျောက်ဆုံး သွားသူများအတွက် မည်သို့မျှ အရေးယူ ဆောင်ရွက်ပေးနိုင်မှု မရှိခြင်းမှာ အရှေ့တောင်အာရှတွင် အကြီးမားဆုံး ပြဿနာတစ်ရပ် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ပျောက်ဆုံးသူ ၉၃ ဦး၏ စာရင်းနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၆၅ ခုနှစ် ကတည်းက ပျောက်ဆုံးခဲ့ရသည့် လူပေါင်း ၉၀၀ တို့ကို ယနေ့တိုင် အစအနပင် ရှာမတွေ့ရသေးပေ။ ထိုသို့ ပျောက်ဆုံးသူများထဲတွင် နိုင်ငံရေးသမားတွေကလည်း ပါဝင်နေသည်။ “ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်တွေကို လုပ်နေတဲ့သူတွေက ပိုပြီးခံရတယ်” ဟု ပိုင်ဂျစ်က ဆိုသည်။
သူပြောချင်သည်မှာ ဥပဒေ လက်တစ်လုံးခြား တရားမဝင် အလုပ်များကို လုပ်နေသူတွေမှာလည်း နေ့မြင်ညပျောက် အဖြစ်မျိုးတွေ ရှိနေသည်ကို ဆိုလိုခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် အဓမ္မ ဖမ်းဆီးခြင်းကြောင့် ပျောက်ဆုံးရမှုများသည် အစိုးရပေါ်လစီ နှင့်လည်း သက်ဆိုင်နေသည်။ ဥပမာ-ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ပြည်နယ်များတွင် လူမျိုးစု သူပုန်များကို ထိရောက်စွာ မနှိမ်နင်းနိုင်သေးခြင်းက ပျောက်ဆုံးစာရင်းကို ပိုပြီး အထောက်အကူ ဖြစ်စေသည်။

၂၀၀၄ ခုနှစ်က ထိုင်းနိုင်ငံတောင်ပိုင်း မြို့ကြီးသုံးမြို့ ဖြစ်သည့် ယာလာ၊ နာရသီဝပ်နှင့် ပတ္တာနီတို့တွင် စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်ခဲ့ရသည်။ ထိုဒေသများသည် မွတ်ဆလင်အများစု စိုးမိုးအုပ်ချုပ်ထားသည့် ဒေသများ ဖြစ်သည်။ ဥပဒေက ဖမ်းမိန့်ဝရမ်း မရှိဘဲ သံသယရှိသူကို ဖမ်းဆီးကာ ၇ ရက် ချုပ်နှောင်ထားနိုင်ခြင်း၊ အကျဉ်းချထားသည့် နေရာကိုလည်း မည်သူ့ကိုမျှ မသိနိုင်အောင် ဖုံးကွယ်ထားနိုင်ခြင်းများသည် ထင်တိုင်း လုပ်နိုင်သည့် အခွင့်အရေးကို သီးခြားပေးထားသလို ဖြစ်နေသည်။ ပွင့်လင်းပြီး ထင်သာမြင်သာ ရှိစေရန် လုပ်ဆောင်ခွင့် ပေးမထားခြင်းက အကြမ်းဖက် မတရား ပြုလုပ်ခွင့်ကို ပိုပြီးအထောက်အကူ ဖြစ်စေသည်။ စစ်အုပ်ချုပ်ရေး ကာလအတွင်း ထိုဒေသ၌ ပျောက်ဆုံး သွားခဲ့ရသူ ၃၃ ဦး ရှိကြောင်း JPF က ထောက်ပြထားသည်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင်လည်း မူးယစ်ဆေး တိုက်ပွဲများကြောင့် လူပေါင်းများစွာ ပျောက်ဆုံး နေခဲ့ရသည်။ ၂၀၀၃ ခုနှစ်၊ ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝါထရာ လက်ထက်တွင် မူးယစ်ဆေးဝါး ဖမ်းဆီး ထိန်းသိမ်းမှုများကို ခွဲတမ်းစနစ်ဖြင့် ကျင့်သုံးလိုက်သည်။ ဒေသအလိုက် ခွဲတမ်းကျသည့် အတိုင်း မဖြစ်မနေ ဖမ်းဆီး ဖော်ထုတ်ပြရခြင်း ဖြစ်သည်။ ထိုစနစ်အရ ဖမ်းဆီးရမိသည့် မူးယစ်ဆေး ပမာဏအလိုက် ဆုကြေး ခံစားခွင့်များကို ပေးအပ်ခဲ့သည်။

ထိုစနစ်ကျင့်သုံးသည့် သုံးလအတွင်း မူးယစ်ဆေးဝါး ဂိုဏ်းများနှင့် ဆက်သွယ်မှု ရှိသည်ဆိုကာ လူပေါင်း ၁၅၀၀ ကျော်လောက် ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် မေလ JPF အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ထိုင်းနိုင်ငံ၌ သက်ဆင် ‘မူးယစ်စစ်ပွဲ’ ဆင်နွှဲလိုက်သည့်အချိန် အစပိုင်း၌ လူဆယ်ဦးခန့် ပျောက်သွားခဲ့ရသည်ဟု ဆိုထားသည်။

အရှေ့တောင်အာရှတွင် နိုင်ငံအလိုက် ပျောက်ဆုံးသည့် အရေအတွက်များကလည်း မတူညီနိုင်ပေ။ လုပ်နည်းလုပ်ဟန် ကွာခြားချက်အလိုက် ပြောင်းလဲနိုင်သည်။ ဖမ်းဆီးပိုင်ခွင့် ရှိသူများသည် ရဲတပ်ဖွဲ့ သို့မဟုတ် စစ်တပ်နှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေကြသည်။ သူတို့နောက်ကွယ်တွင် ပုန်းကွယ်နေသည့် မထင်မရှား အာဏာပိုင်များ ရှိနိုင်သလို၊ ပြောင်ပြောင်တင်းတင်း အကာအကွယ် ပေးနေသည့် အစိုးရ အရာရှိများလည်း ရှိနိုင်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ထိုကဲ့သို့သောသူများ ရှိနေသောကြောင့် ၁၉၇၁ ခုနှစ်က စတင်ပြီး ပျောက်ဆုံးနေခဲ့ရသူ ၂၀၀၀ ခန့် ရှိကြောင်း ပြည်တွင်း NGO အဖွဲ့အစည်း တစ်ခုဖြစ်သည့် ပျောက်ဆုံးသူများ ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ကဆိုသည်။

ဖိလစ်ပိုင် ရေဒီယို အသံလွှင့်ဌာန DzBB တွင် ပြီးခဲ့သည့် ဒီဇင်ဘာလက လွှတ်တော် အမတ်တစ်ဦးနှင့် ရဲအရာရှိချုပ် အငြိမ်းစား ပန်ဖီလိုလက်ဆန်တို့ အင်တာဗျူး တစ်ခု၌ ဖိလစ်ပိုင် လက်နက်ကိုင်အဖွဲ့၏ အဓမ္မ လူဖမ်းဆီးသည့် ကိစ္စများကို ဆွေးနွေးသွားခဲ့သည်။ ထိုဆွေးနွေးပွဲတွင် လက်ဆန်က ဥပဒေ အဖွဲ့အစည်း တစ်ရပ်အနေနှင့် တစ်ခါတစ်ရံတွင် အကြမ်းဖက်မှုများကို လုပ်ဆောင်ရာ၌ အထင်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ရမှုများ ရှိသော်လည်း တရားရုံး ရောက်သည့်အခါတွင် ခိုင်လုံသော သက်သေ အထောက်အထားများ ပြသနိုင်မှု မရှိခဲ့ကြောင်း၊ တစ်ခါတစ်ရံတွင်လည်း အမှန်တကယ် ပြစ်မှု ကျူးလွန်နေသူများကို ဖမ်းဆီးခဲ့ရသော်လည်း အရေးယူနိုင်မှု မရှိခဲ့ခြင်းကို သူကဝန်ခံသွားသည်။

အကြမ်းဖက် ဖမ်းဆီးခံရမှုများသည် နိုင်ငံအတွင်း ဒေသမရွေး ဖြစ်နိုင်သည်။ သို့သော် ဖမ်းဆီးခံရ သော ဆွေမျိုးသားချင်းများ ကိုယ်တိုင်က အဖမ်းခံသွားရကြောင်း မသိမှုများလည်း ရှိနေသည်။ များသောအားဖြင့် ခိုင်လုံသော သတင်းအချက်အလက်များ မရဘဲ အစပျောက်သွားရသည်က များသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၀၆ ခုနှစ်က စစ်တပ်သည် ရေမွန်နှင့် ရေနယ်ဒို မာနာလို ဆိုသူနှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ပြည်သူ့ တပ်မတော်သစ်တွင် တာဝန် ထမ်းဆောင်နေသော အစ်ကိုဖြစ်သူနှင့် အဆက်အသွယ် ရှိသည်ဆိုကာ ဖမ်းထားခြင်း ဖြစ်သည်။ တစ်ညတွင် ဖမ်းဆီးသူများ အရက်မူးနေချိန်၌ ညီအစ်ကိုနှစ်ယောက် ထွက်ပြေးကြသည့်အပြင် အခြားအကျဉ်းသား များကိုလည်း ခေါ် ထုတ်သွားခဲ့ကြသည်။ သူတို့ ထွက်ပြေး လွတ်မြောက်သွားပြီး တစ်လအကြာတွင် ထိုအကျဉ်းစခန်းကို ဖျက်သိမ်းလိုက်ကြသည်။ မီးရှို့ထားသည့် စခန်းများ အတွင်း၌ မီးလောင်ကျွမ်းနေသည့် အရိုးကျနေသော အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရသည်။

တရားဝင် မဟုတ်ဘဲ တိတ်တဆိတ် ဖမ်းဆီးခြင်းများသည် ဖိလစ်ပိုင်နိုင်ငံ၌ သမ္မတ ဖာဒီနန်မားကို့စ် လက်ထက် ကတည်းက ရှိနေခဲ့သည်။ ထိုကာလများတွင် နှစ်ပေါင်း နှစ်ဆယ်ခန့် အကြမ်းဖက်မှုများ၊ အဓမ္မ ဖမ်းဆီးခံရပြီး ပျောက်ဆုံးသွားရမှုများ အမြောက်အမြား ရှိနေခဲ့သည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ကွန်မြူနစ် သူပုန်ဟုဆိုကာ နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီး အစဖျောက်မှုများသည် ထိုနိုင်ငံအတွက် မထူးဆန်းသည့် ကိစ္စတစ်ရပ်ပင် ဖြစ်သည်။

“အကြမ်းဖက်ဖမ်းဆီး၊ အစဖျောက်တာတွေက စစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပဲ” ဟု ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ အထူးအရာရှိ ကားလို့စ်ကွန်ဒီက ဆိုသည်။

ယမန်နှစ် ဒီဇင်ဘာလက သမ္မတအကွီနိုသည် သမိုင်းဝင် လုပ်ဆောင်မှု တစ်ခုကို ပြုလုပ်ခဲ့သည်။ မတရား ဖမ်းဆီးခြင်း၊ အကျဉ်းချခြင်းများ မပြုလုပ်ရန် ဥပဒေ တစ်ခုကို ပြဋ္ဌာန်းပြီး လက်မှတ် ရေးထိုး ပေးလိုက်ခြင်းသည် အာရှအတွက် ပထမဦးဆုံး လူ့အခွင့်အရေးကို အသိအမှတ်ပြုသည့် ဥပဒေတစ်ရပ်ကို ထုတ်ပြန်နိုင်ခဲ့ခြင်းဟု ဆိုရမည် ဖြစ်သည်။

“အစိုးရအပေါ် တကယ့်ကို အသိအမှတ် ပြုရမယ့် လုပ်ဆောင်ချက်ပါပဲ။ အဲဒီလို အကြမ်းဖက် လုပ်ဆောင်မှုတွေကို နှစ်ပေါင်းများစွာ လျစ်လျူရှုထားခဲ့တာ ကြာပါပြီ။ အဲဒီလို ဂရုမစိုက်ခဲ့လို့လည်း ပျောက်ဆုံး သွားတာတွေ၊ ဖမ်းဆီးမှုတွေကို ထောက်လှမ်းရေးတွေက လုပ်ချင်တိုင်း လုပ်ခဲ့ကြတာပေါ့” ဟု ကွန်ဒီက ဆိုသည်။

အကြမ်းဖက် အဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားမှုများကို အရေးယူမှုများ လုပ်ဆောင်ကာ အကာအကွယ် ပေးလိုက်ခြင်းကို ကြိုဆိုရမည် ဖြစ်သည်။ သို့သော် ပျောက်ဆုံးသွားသူတွေကတော့ ဘယ်မှာ ဖွေရှာရမှန်းမသိ ဖြစ်နေသည်။ အစိုးရတွေက ဥပဒေတွေထုတ်ကာ အကာအကွယ်တွေ လုပ်သည်။ ကြားခံ ဖောက်ဖျက်သည့် အဖွဲ့အစည်းတွေကလည်း ဥပဒေကို လက်တစ်လုံးခြား လုပ်ကာ အစဖျောက်မှုများ ရှိနေဆဲ ဖြစ်သည်။ ဥပဒေကို ယခုမှ ထုတ်ရသလားဟု နောက်ကျသည့်အတွက် အပြစ်တင်သော်လည်း မိသားစုများအတွက် ထိုနောက်ကျသည့် တန်ဖိုးများကို မည်သူတွေက အစားထိုး ပေးလျော်နိုင်မည်နည်း ဆိုသည်က အငြင်းပွားစရာပင် ဖြစ်သည်။

Ref: The Vanishing, by Caroline Vernaillen
thevoicemyanmar

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...