Sunday, September 15, 2013

မုန့်ဟင်းခါး တုံယမ်း ပါဝါအပျော့




ပုဂံဘုရားများနှင့် ရှေးဟောင်းအဆောက်အအုံ များကို ရှေးမူမပျက် စောင့်ရှောက်ခြင်းဖြင့် မြန်မာ့အမွေအနှစ် များကို ထိန်းသိမ်းပါမည့် အကြောင်း ဆောင်းပါး ရေးလိုက်သည့်အခါတွင် ဖတ်ရှုရသည့် Facebook မှ မိတ်ဆွေ တစ်ဦးက ထိုင်းတုံယမ်းက ကမ္ဘာကျော်ပြီး မြန်မာမုန့်ဟင်းခါးက ဘာကြောင့် ကမ္ဘာမကျော်သလဲဟု မေးခွန်းထုတ်လာသည်။

သူပြောလျှင်လည်း ပြောစရာ။ ထိုင်းတုံယမ်းခေါ် ထိုင်းချဉ်စပ်ဟင်းရည် သည် CNN က ထုတ်လွှင့်သော ကမ္ဘာ့အရသာအရှိဆုံး အစားအသောက် ၅၀ စာရင်းတွင် နံပါတ် ၈ နေရာတွင် ချိတ်သည်။ ထိုင်းသင်္ဘောသီးထောင်းက နံပါတ် ၄၆ တွင် ချိတ်သည်။ တုံယမ်းဟင်းရည်သည် မြန်မာနိုင်ငံ တွင်ပင် ထိုင်းဆိုင်ဟုတ်သည်ရော၊ မဟုတ်သည်ရော စားသောက်ဆိုင်အတော် များများတွင် ရနိုင်သောဟင်းရည် ဖြစ်လာသည်။ ယခင်က စားသောက်ဆိုင် တို့တွင် ငါးခေါင်းဟင်းရည်၊ ဆယ့်နှစ်မျိုး၊ ဆွမ်တန်တို့သာ ရှိခဲ့ရာမှ ယခုအခါ တုံယမ်းသည် မပါမဖြစ် ဖြစ်လာသည်။ တုံယမ်းနှင့် သင်္ဘောသီးထောင်းသည် ထိုင်းအစားအစာထဲတွင် နာမည်အကျော်ဆုံး အစားအစာများဖြစ်ပြီး သူတို့ သာမက ထိုင်းစာများသည် ကမ္ဘာတွင်လည်း နာမည်ကျော်သည်။ ရိုးရာ အစားအစာဟု ဆိုလိုက်လျှင် လူအများသည် အီတလီ၊ ပြင်သစ်နှင့် တရုတ် ပြီးလျှင် ထိုင်းကို စိတ်ထဲရောက်ကြသည်ဟု သုတေသနတစ်ခုက ဆိုသည်။

မြန်မာမုန့်ဟင်းခါးက ထိုင်းတုံယမ်းလောက် နာမည်မကြီးခြင်းတွင် အကြောင်းများစွာ ရှိနိုင်သည်။ နံပါတ်တစ်အဖြေက မြန်မာကို ကမ္ဘာက မသိ၊ ထိုင်းကို ကမ္ဘာက သိသည်။ ယခု မြန်မာကိုသိလာပြီ မဟုတ်လောဟု မေးကြမည်။ ဟုတ်ပါသည် ယခင်ကထက်စာလျှင် သိလာပါပြီ။ သို့သော် ထိုင်း လောက်မူ မသိကြသေးပါ။ မြန်မာနိုင်ငံကပါဟု မိတ်ဆက်လိုက်လျှင် “ဟုတ်ကဲ့” ဟု အားနာပါးနာဖြင့် ဖြေသော်လည်း ဇဝေဇဝါ ဖြစ်နေသူများ မကြာခဏ တွေ့ရလိမ့်မည်။ မြန်မာနိုင်ငံကို သိသောသူ သည်လည်း ဒေါ်အောင်ဆန်းစုကြည် လောက်သာ ကြားဖူးကြသည်။ မြန်မာပြည် ဘယ်နားလဲဆို မသိ။ ထိုင်းနှင့်ကပ်လျက် ဆိုမှ “သြော်” ဆိုပြီး သိကြပြီ။ နိုင်ငံကို ကမ္ဘာကပင် မသိမှတော့ မြန်မာ့အစားအသောက် မုန့်ဟင်းခါးကို ဘယ်သိကြ ပါ့မလဲ။

နောက်အဖြေတစ်ခုက ထိုင်းကမ္ဘာလှည့် ခရီးသွားလုပ်ငန်း။ ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်း အဖွံ့ဖြိုးဆုံး ကမ္ဘာ့ထိပ်တန်းနိုင်ငံ များထဲတွင် ပါဝင်သည်။ လာမည့်နှစ် ၂၀၁၄ တွင် ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့် ၂၈ သန်း လာလည်မည်၊ ခရီးသွားနှင့် ဆက်စပ်လုပ်ငန်းများမှ ဒေါ်လာ ၄၄၀ ဘီလီယံ ရမည်ဟု ခန့်မှန်းထားသည်။ ထိုဧည့်သည်များသည် ထိုင်းအစားအသောက်များကို မြည်းစမ်းကြည့်ပြီး သဘောကျသူက ကျသွားကာ အခြားသူများထံသို့ သတင်းစကား လက်ဆင့်ကမ်းသည်။ အရှေ့တောင်အာရှ ဒေသတွင်း ကွန်မြူနစ်ရန် ကာကွယ်ရန် အမေရိကန်စစ်စခန်းများ ထိုင်းတွင် အခြေစိုက်ရာမှ ထိုင်းအစားအသောက်များကို စွဲလမ်းသွားသည်လည်း အများအပြား ရှိသည်။ ထိုင်းကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနှင့် ထိုင်းအစားအစာသည် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အကျိုးပြုသည်။

နိုင်ငံခြားရောက် ထိုင်း၊ နိုင်ငံခြားတွင် အခြေစိုက်နေထိုင်သူ ထိုင်းများ သည်လည်း ထိုင်းအစားအစာကို ဖြန့်ဖြူးသူများ ဖြစ်သည်။ ထိုင်းလူမျိုးများ ကမ္ဘာအနှံ့အပြားသို့ သွားရောက်နေထိုင်သည့် အရေအတွက် များလာသည် နှင့်အမျှ ထိုင်းတို့သွားလေရာ နောက်သို့ ထိုင်းအစားအစာ ကောက်ကောက် ပါအောင် လိုက်သဖြင့် ထိုင်းအစားအစာသည် ကမ္ဘာတစ်လွှားသို့ ပျံ့နှံ့သွား သည်။ ယခုအချိန်တွင် ထိုင်းစားသောက်ဆိုင် များသည် ကမ္ဘာအနှံ့တွင် ထောင်နှင့်ချီ ရှိနေပြီး ထက်ဝက်ခန့်မှာ အမေရိကတွင် ရှိသည်။

ထိုင်းအစားအသောက်များ နာမည်ကျော်ရခြင်းသည် ထိုင်းတို့ ဈေးကွက်တင် အနုပညာ အားကောင်းခြင်းနှင့်လည်း သက်ဆိုင်သည်။ ထိုင်းတို့သည် ကြော်ငြာကောင်းသည်၊ အထုပ်အပိုး ကောင်းသည်။ အရည်အသွေး ချင်းတူလျှင် ထိုင်းပစ္စည်းက ပိုကောင်းသည် ထင်အောင် လုပ်တတ်သည်။ ထိုင်းတို့သည် မြန်မာတို့ထက် အစစအရာရာ နှစ် ၃၀ ခန့် ရှေ့ရောက်နေပြီ ဖြစ်ရာ ဈေးကွက်တင်ခြင်း တွင်လည်း အဆင့်မြင့်နေကြပြီ။ စီးပွားရေး ထုထည်လည်း ကြီးမားနေပြီ ဖြစ်သည့်အတွက် နိုင်ငံခြားသားတို့ သိအောင်၊ အထင်ကြီးအောင် လုပ်တတ်ကိုင်တတ်သည်။

နောက်တစ်ခုက ကိုယ့်နိုင်ငံသား လျှာအကျင့်ပါပြီးသူ များသာမက ယခုမှ မြည်းစမ်းမည့်သူများ စားနိုင်အောင် အံကျစီမံနိုင်ခြင်း။ ဟင်းလျာ ပူပူစပ်စပ်များကို လျှော့ထားခြင်းဖြင့် ပူသေးစပ်သေးသော်လည်း နိုင်ငံခြားသားများ ခံနိုင်ရည်ရှိကာ အကြိုက်တွေ့သွားမည်။ ထိုအကြောင်းအရာနှင့် ဆက်စပ်သည့် အဖြစ်အပျက်လေးတစ်ခုကို ဖောက်သည်ချ လိုပါသည်။ ထိုင်းသို့ လုပ်ငန်းကိစ္စနှင့် ပြန်ရောက်သည့်အခါ ထိုင်းပြင်ပ နိုင်ငံခြားတွင် ခင်ခဲ့သည့် သူငယ်ချင်းမ တစ်ဦးနှင့် ပြန်တွေ့စားသောက်ကြရန် ချိန်းကြသည်။ ကျွန်တော် ထိုင်းတွင် တစ်နှစ်ခန့် ကျောင်းတက်ခဲ့ကြောင်း သိထားသည့် သူငယ်ချင်းမက သာမန်ထိုင်းဆိုင်သို့ ခေါ်မသွား။ “နင့်ကို ထိုင်းဆိုင်စစ်စစ် ခေါ်သွားမယ်”၊ ကျွန်တော်က “အေးပေါ့” ဟု ဘာမှ မထူးဆန်းသလို ပြန်ဖြေ သည့်အခါ သူက “အခုခေါ်သွားမှာက နိုင်ငံခြားသားတွေစားတဲ့ ထိုင်းဆိုင် မဟုတ်ဘူး။

ထိုင်းတွေစားတဲ့ ထိုင်းဆိုင်။ တကယ့် ပူပေ့စပ်ပေ့ဆိုတာတွေ ပါလိမ့်မယ်” ရှင်းလည်းရှင်းပြ၊ ကျွန်တော့်မျက်နှာကိုလည်း အကဲက ခတ်လိုက်သေး။ သူခေါ်သွားသည့်ဆိုင်က ထိုင်းတွေချည်း တရုန်းရုန်း။ စားကြည့်တော့ ဟုတ်ပါ့၊ တကယ်စပ်သည်။ ငရုတ်သီးစပ်စပ် စားနိုင်သော ကျွန်တော် သူတို့နှင့် အပြိုင်စားနိုင်သော်လည်း စပ်ကြောင်းကတော့ ဝန်ခံရသည်၊ တရှူးရှူးနှင့်။ “ဟင်းထပ်မှာပါဦးလား”။ အစားအသောက်စာရင်းကို ကြည့်ပြီး စားကောင်းမည့်ပုံရှိသည့် မျှစ်နှင့် ကြက်သားချက် မှာလိုက်သည်။ “ဒါက တကယ်စပ်တယ်နော်။ တို့ထိုင်းတွေတောင် သိပ်မစားနိုင်ဘူး”။ ဟုတ်ပါသည်၊ ထိုဟင်းနှင့်ကျတော့ တစ်ဝက်လောက်နှင့် လက်မြှောက်လိုက်ရသည်။

ကျွန်တော် ပြောချင်တာက မျှစ်နှင့် ကြက်သားဟင်းအကြောင်း မဟုတ်။ ထိုင်းတို့သည် သူတို့၏ ဟင်းလျာကို နိုင်ငံခြားသားလျှာ နှင့်လည်းတွေ့၊ ထိုင်းအရသာလည်း မပျောက်အောင် စီမံထားကြ သည့်အကြောင်း ပြောလိုရင်းသာ။ မြန်မာနိုင်ငံတွင်လည်း အချို့ နာမည်ကြီးဆိုင်များတွင် နိုင်ငံခြားသားနှင့် လိုက်ဖက်အောင် ဆီလျှော့၊ ဆားလျှော့၊ အစပ်လျှော့ စီမံလာကြ သည်ကို တွေ့ရသည်။

ထိုင်းအစားအသောက်တို့ အောင်မြင်ရခြင်းတွင် အစိုးရ၏ အခန်းကဏ္ဍ သည်လည်း ကြီးမားသည်။ ထိုင်းအစားအသောက် နိုင်ငံခြားတွင် ပေါက်အောင် အစိုးရ ကိုယ်တိုင်က လူစိုက်၊ အကြံဉာဏ်စိုက်၊ ငွေစိုက် ပံ့ပိုးသည်။ အထူးသဖြင့် ယခင်ဝန်ကြီးချုပ် သက်ဆင်လက်ထက်တွင် “ထိုင်းသည် ကမ္ဘာ့မီးဖိုချောင်” (Kitchen of the World) ပန်းတိုင်ကို ချမှတ်ကာ ထိုင်း အစားအစာကို နိုင်ငံတကာတွင် မြှင့်တင်ရန် အားထုတ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ထိုင်းစားသောက်ဆိုင် ကမ္ဘာတွင် ဆိုင်ပေါင်း နှစ်သောင်းဖြစ်အောင် ရည်မှန်းချက်ထားခဲ့သည်။

ထိုင်း အစားအသောက်တွင် ထည့်ရသည့် ပစ္စည်းများ နိုင်ငံရပ်ခြား ထိုင်းစားသောက်ဆိုင်များသို့ လတ်လတ်ဆတ်ဆတ် ရောက်အောင် ထိုင်းလေကြောင်းက ကူညီသည်။ ထိုင်းအစားအစာကို မြှင့်တင်ရာတွင် ထိုင်းအစိုးရသည် စံချိန်စံညွှန်းနှင့် အရည်အသွေးတို့ကို ဂရုပြုသည်။ ကမ္ဘာအနှံ့မှ ထိုင်းစားသောက်ဆိုင် များအနက် အကောင်းဆုံး အရည်အသွေး ရှိဆိုင်များကို ဆုများချီးမြှင့်ကာ ကြိုးစားချင်စိတ်ရှိအောင် ဆွဲဆောင်သည်။
ထိုင်းအစားအစာသည် ထိုင်း (Thainess) ကို ကိုယ်စားပြုသည်။

ထိုင်းအစားအစာသည် ထိုင်းယဉ်ကျေးမှု၏ မျက်နှာဖြစ်သည်။ ထိုင်းအစာ အစာကို စားသောက်ခြင်းသည် ထိုင်းယဉ်ကျေးမှုနှင့် စတင်ထိတွေ့ခြင်း ဖြစ်သည့်အားလျော်စွာ ကမ္ဘာအနှံ့ ထိုင်းစားသောက်ဆိုင်များတွင် ထိုင်းစာ စားရင်း ထိုင်းဂီတ တေးသံများကို နားဆင်နိုင်အောင် ပြင်ဆင်ထားသည်။ ထိုင်းလက်ရာ ပန်းကန်ခွက်ယောက်၊ စားပွဲခင်း၊ ပန်းချီတို့ဖြင့်လည်း ထိုင်းနိုင်ငံ ရောက်ပြီး စားသောက်နေရသည့်အလား ခံစားရအောင် စီမံထားခြင်းဖြင့် ထိုင်းယဉ်ကျေးမှုကိုပါ တစ်ပါတည်း စားသုံး ကြည်နူးစေသည်။

ထိုင်း အစားအသောက်တို့ ပေါက်မှ ထိုင်းတည်းဟူသော အမှတ်တံဆိပ် ပေါက်ပြီး ကျန်သော ထိုင်းထုတ်ကုန်ပစ္စည်း များလည်း တစ်နွယ်ငင်တစ်စင်ပါ လူကြိုက်များ ရောင်းအားတက်မည်။ ကုန်ပစ္စည်းပြပွဲ များတွင်လည်း ထိုင်းလယ်ယာ ထွက်ကုန်၊ စက်မှုထွက်ကုန် များနှင့်အတူ ထိုင်းအစားအစာကို တည်ခင်းပြသ ဧည့်ခံကျွေးမွေးသည်။

ယဉ်ကျေးမှုသည် လူတို့၏ စိတ်အာရုံကို လွှမ်းမိုးနိုင်သော ပါဝါအပျော့ (Soft Power) ဖြစ်သည့်အတွက် ထိုင်းတုံယမ်းနှင့်တကွ ထိုင်းအစားအစာ တို့သည် ထိုင်းတို့အတွက် ပါဝါအပျော့ဖြစ်သည်။ ထိုင်းအစားအစာတို့သည် ထိုင်းတို့ကို ဂုဏ်သတင်း၊ ချစ်ခင်ခြင်း၊ ငွေကြေး၊ အလုပ်အကိုင်တို့ကို ဆောင်ကြဉ်းပေး သည်။ မြန်မာမုန့်ဟင်းခါး နှင့်တကွသော စားဖွယ်သောက်ဖွယ် အပေါင်းကို လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဦးမော့ချိန်၊ မြန်မာကို ကမ္ဘာက စိတ်ဝင်စားချိန်၊ ပြုပြင်ပြောင်းလဲရေး ဒီရေတက်ချိန်တွင် စနစ်တကျ ဝိုင်းဝန်းပံ့ပိုးနိုင်လျှင် မြန်မာတို့အတွက် ပါဝါအပျော့နှင့်တကွသော အခွင့်အရေးများကို ရယူနိုင်မည် ဖြစ်သည်။

ဇေယျသူ

The Voice

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...