Sunday, May 26, 2013

ပူပြင်းသော နွေရက်များတွင် ရေဓာတ် ခန်းခြောက်မှု မဖြစ်စေရန်



လူအများစုဟာ ပုံမှန်ခန္ဓာကိုယ် လုပ်ငန်းဆောင်တာတွေ လုပ်နေစဉ် အတွင်း တစ်နေ့ ရေ ၂-၃ လီတာလောက် ဆုံးရှုံးနေပါတယ်။  ခန္ဓာကိုယ်ကို အဓိကအားဖြင့် ရေတွေနဲ့ တည်ဆောက်ထားကာ အဆစ်နဲ့ အရေပြားလုပ်ငန်း လုပ်ဆောင်တာ၊ အစာ ကြေညက်စေတာ၊ စွန့်ပစ်ပစ္စည်း စွန့်ထုတ်တာ၊ ကြွက်သားနဲ့ နာ့ဗ်ကြောဆိုင်ရာ လုပ်ငန်းလုပ်ဆောင်တာ စတဲ့ ခန္ဓာကိုယ်ရဲ့
ပုံမှန်လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ နေ့စဉ် လုံလောက်တဲ့ အရည်ကို သောက်တာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝနေပါတယ်။ ဒါပေမဲ့ သောက်သုံးတဲ့ ရေထက် ဆုံးရှုံးမှုပမာဏက ပိုများရင် ရေဓာတ် ခန်းခြောက်နိုင်ပါတယ်။  
ရေဓာတ်ခန်းခြောက်သော လက္ခဏာများ

ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာ ပြင်းထန်မှုပေါ် မူတည်ပြီး လက္ခဏာ ပြသတတ်ပါတယ်။ ရေငတ်တဲ့ အဆင့်ကနေ မေ့မျောတဲ့ အဆင့်အထိ ပြတတ်ပါတယ်။

ရေဓာတ် ခန်းခြောက်ရသော အကြောင်းများ

လူအများစုဟာ အသက်ရှူတာ၊ ဆီးသွားတာ၊ ဝမ်းသွားတာနဲ့ ချွေးထွက်တာတို့လို ပုံမှန် ခန္ဓာကိုယ် လုပ်ငန်းဆောင်တာတွေ လုပ်ရင်း တစ်နေ့ ရေ ၂-၃ လီတာလောက် ဆုံးရှုံးနေပါတယ်။ ပူတဲ့ရာသီမှာ ချွေးထွက်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ အန်တာ၊ ဆီးချိုရောဂါ၊ လေ့ကျင့်ခန်းလုပ်တာ၊ အရက်အလွန်အမင်း သောက်တာနဲ့ ရေကို အလုံအလောက် မသောက်တာစတဲ့ အကြောင်းတွေကြောင့် ရေဓာတ် ခန်းခြောက်ရတတ်ပါတယ်။ လူအများစုမှာ ရေဓာတ်ခန်းခြောက်ပါက စပေါ်တဲ့ လက္ခဏာကတော့ ရေငတ်တာဖြစ်ပြီး နောက်ပိုင်းမှာ နုံးချည့်ညောင်းညာတာ၊ ခေါင်းကိုက်တာနဲ့ အာခြောက်တာစတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ မူးဝေတာ၊ အားနည်းတာနဲ့ ဆီးသွားနည်းတာ အပြင် အာရုံစူးစိုက်နိုင်စွမ်း မရှိတာနဲ့ ဆီးအရောင် ရင့်တာလို လက္ခဏာတွေလည်း ပေါ်တတ်ပါတယ်။ ရေဓာတ် ခန်းခြောက်မှုက ပြင်းထန်လာတဲ့အခါ သွေးခုန်နှုန်း မြင့်တက်တာ၊ ချွေးမထွက်တော့တာ၊ ရေအလွန်အမင်း ဆာတာနဲ့ မျက်တွင်းဟောက်ပက် ဖြစ်တာ စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ သွေးပေါင်ကျပြီး သတိလစ်တာမျိုးအထိ ဖြစ်တတ်ပါတယ်။ ကလေးတွေမှာ ရေဓာတ်ခန်းခြောက်မှု ဖြစ်တဲ့အခါ ပြတဲ့ လက္ခဏာတွေက ပုံမှန်ဆီးမသွားတာ၊ ဂနာမငြိမ်ဖြစ်တာ၊ စိတ်တိုတာ၊ လှုပ်ရှားမှု နည်းတာ၊ ငိုပေမယ့်မျက်ရည် မထွက်တာ၊ မျက်တွင်းဟောက်ပက် ဖြစ်တာ၊ အရေပြား ခြောက်သွေ့တာ၊ သွေးခုန်နှုန်းနဲ့ အသက်ရှူနှုန်း မြန်တာ စတာတွေ ဖြစ်ကြပါတယ်။

ရေဓာတ်ခန်းခြောက်မှု ဖြစ်နိုင်ခြေ များသူများ

ဘယ်သူမဆို ရေဓာတ်ခန်းခြောက်မှု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အောက်ပါတချို့လူတွေက  ရေဓာတ်ခန်းခြောက်မှု ဖြစ်နိုင်ခြေ ပိုများပါတယ်။

အားကစားသမားများ

ပူပြင်းတဲ့ ရာသီမှာ နေထိုင်ရင်း အားကစားပြုလုပ်တဲ့ အားကစားသမားတွေဟာ အရည်ဓာတ်ကို အလုံအလောက် မသောက်တာကြောင့် ရေဓာတ် ခမ်းခြောက်မှုအန္တရာယ် ပိုဖြစ်လွယ်ပါတယ်။ အသက်ကြီးသူများအသက်ကြီးသူတွေက ရေကို သိုလှောင်ထားနိုင်စွမ်း နည်းပါတယ်။ သူတို့ရေဆာတာကို သိတဲ့ အာရုံခံစားမှုကလည်း လူငယ်တွေလို မမြန်ပါဘူး။ ဒါကြောင့် ရေဆာမှန်းမသိဘဲ ရေဓာတ်ခန်းခြောက်မှု ဖြစ်ရတာပါ။ နာမကျန်းဖြစ်တဲ့အခါနဲ့ မသန်စွမ်းတဲ့အခါ ရေဓာတ် ခန်းခြောက်နိုင်ခြေ ပိုများပါတယ်။

ဗိုင်းရပ်စ်ပိုးဝင်ကာ ဖျားနာသူများ

ဗိုင်းရပ်စ်ပိုးဝင်ကာ ဖျားနာတာကြောင့် ကိုယ်အပူချိန်မြင့်တာ၊ ချွေးထွက်များတာနဲ့ အစားအသောက် စားသောက်ချင်စိတ် မရှိတာတို့ ဖြစ်ကာ ရေဓာတ် ခန်းခြောက်နိုင်ခြေ များပါတယ်။

နာတာရှည် ရောဂါရှိသူများ

ကျောက်ကပ်ရောဂါလို နာတာရှည်ရောဂါ ရှိတာကြောင့် ရေဓာတ်ခန်းခြောက်နိုင်ခြေ များပါတယ်။

ကလေးငယ်များနှင့် မွေးကင်းစကလေးများ

ကလေးငယ်တွေနဲ့ မွေးကင်းစကလေးတွေဟာ ကိုယ်အလေးချိန် နည်းပါးမှုကြောင့် ရေဓာတ်ဆုံးရှုံးမှု ဒဏ်ကို ပိုခံရလွယ်ပါတယ်။

ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင် ကာကွယ်ကုသမှု

-ရေဓာတ်ခမ်းခြောက်မှု မဖြစ်စေဖို့ ပူပြင်းတဲ့နေ့ရက်တွေမှာ ရေအလုံအလောက် သောက်ပေးပါ။ -ပူတဲ့အခါ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ရေကို လိုအပ်တာထက် ပိုပြီးသောက်သင့်ပါတယ်။ -ဆီးအရောင်ကို အဝါဖျော့ဖျော့ပဲ ဖြစ်နေပါစေ။ ဆီးအရောင် ရင့်လေ၊ ရေဓာတ်ခန်းခြောက်မှု ဖြစ်နိုင်ခြေ ပိုများလေပါ။ -ရေဓာတ်ခန်းခြောက်မှု အသေးအမွှားကို ရေနဲ့ တခြားအရည်တွေ သောက်ပြီး အလွယ်တကူ ကုသနိုင်ပါတယ်။ -ပြင်းထန်ဆိုးရွားတဲ့ ရေဓာတ်ခန်းခြောက်မှုဖြစ်ရင် ဆေးရုံတင်ပြီး သွေးကြောမှ အရည်ဓာတ် ပြန်လည်ဖြည့်တင်းတဲ့ ကုထုံးနဲ့ ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Ref: Good Health

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...