Monday, September 23, 2013

နဝဒေးတံတားအောက် လူသတ်မှု ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရန် ဒေသခံများ လက်မှတ်ရေးထိုး





The Voice Weekly
တပ်မတော်သားသုံးဦး ပါဝင်သည်ဟု စွပ်စွဲတိုင်ကြားထားသော ပြည်မြို့ နဝဒေး တံတားအောက် လူသတ်မှုနှင့် စပ်လျဉ်း၍ ပြစ်မှု ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ် အရေးယူပေးရန် ဒေသခံများက စက်တင်ဘာလ ဒုတိယပတ်မှ စတင်၍ စုပေါင်း လက်မှတ် ရေးထိုးနေပြီ ဖြစ်ကြောင်း ပါဝင်လှုပ်ရှားသူများထံမှ သိရှိရသည်။

ငါးလကြာသည်အထိ အမှုမှန် စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသည့်အတွက် လက်မှတ်ထိုး တောင်းဆိုလှုပ်ရှားမှု ပြုလုပ်၍ လူသတ်မှု ဖြစ်စဉ် မှတ်တမ်းများနှင့် သုံးသပ်ချက် အစီရင်ခံစာများကို ဖြန့်ဝေကာ လက်မှတ်များကို စုဆောင်းနေပြီး လက်ရှိလက်မှတ် ရေးထိုးသူများတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူ အပါအဝင် ပြည်မြို့နယ်ရှိ လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသခံ တစ်သောင်းကျော်၏ လက်မှတ်များ စုဆောင်းရရှိထားပြီ ဖြစ်သည်ဟု ယင်းလက်မှတ်စု ဆောင်းမှုတွင် ပါဝင်လှုပ်ရှားနေသောသူ ပြည်မြိုခံ အမျိုးသားတစ်ဦးက ပြောကြားသည်။
“ခုကတော့ လက်မှတ်က သောင်းဂဏန်း ရှိပြီ။ သိန်းဂဏန်းထိ ရလာနိုင်တယ်။ လက်မှတ်တွေကို စုပြီးတော့ ဒီလကုန်လောက်မှာ နိုင်ငံတော်သမ္မတကြီး အပါအဝင် ဌာနဆိုင်ရာ တွေကိုပို့မယ်။ Facebook မှာ Page တစ်ခု ဖန်တီးပြီး Vote တောင်းမယ်။ တစ်နိုင်ငံလုံး အာရုံစိုက်အောင် စဉ်ဆက်မပြတ် ပြုလုပ်သွားမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ လူသတ်မှုတွင် ကျူးလွန်သူ တရားခံ၏ DNA နှင့် တိုက်ဆိုင် စစ်ဆေးရန် သေဆုံးသူ အမျိုးသားထံမှ သင်္ဂြိုဟ်မည့်နေ့တွင် ရုပ်အလောင်းမှ DNA ယူခဲ့ပြီး တရားခံများ ဖမ်းမိနိုင်ရန်အတွက် တပ်မတော်က စစ်ခုံရုံးနှင့် စီအိုင်ဒီတို့မှ တစ်ပြိုင်နက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဧပြီလ ၂၃ ရက်နေ့က လူသတ်မှု ဖြစ်ပွားပြီးချိန်တွင် သောင်ပြင်နှင့် ကပ်လျက် ကမ်းပါးယံ ကိုင်းတောထဲတွင် ပုန်းခိုနေသော သံသယဖြစ်ဖွယ် လူသုံးဦးကိုသာ တွေ့ရှိရပြီး ရပ်ကွက်နေလူထုက ဖမ်းဆီးရာနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သော်လည်း တစ်ဦးမှာ လွတ်မြောက်သွားခဲ့ကြောင်း၊ ဖမ်းဆီးခဲ့သည့် လူများမှာ ခလရ ၇၅ တပ်မှ တပ်သားများ ဖြစ်ကြပြီး တပ်မတော်သားများ ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များက ညတွင်းချင်း တပ်သို့ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း လိုက်လံ ဖမ်းဆီးခဲ့သူ ဆင်စု ရပ်ကွက်သားများထံမှ သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...