Tuesday, September 3, 2013

ကျောင်းသူဟောင်းတစ်ဦး၏ ဒိုင်ယာရီ




“စာကျက်ပျင်းတဲ့သမီးတော့ စာအုပ်ပုံထဲရောက်နေရပြီ မေမေရေ”
ဆေးဝါးတက္ကသိုလ်ကို စတင်တက်ရောက်ဖြစ်စရက်မှာပင် ဇာတိမြေမှ မိဘထံသို့ ထိုသို့အစချီ ထားပြီး စာရေးဖြစ်ပါတယ်။ ကျွန်မတက္ကသိုလ်တက်စဉ်က အင်တာနက်မရသေးပါ။ ဒါကြောင့်ရပ်ဝေး တွင် တက္ကသိုလ်တက်ရတဲ့ ကျောင်းသား၊ ကျောင်းသူတိုင်း နယ်ကမိဘထံသို့ ဖုန်း ဒါမှမဟုတ် စာနဲ့ အကျိုးအကြောင်းပြောရပါတယ်။ စာထဲမှာ ကျွန်မနေထိုင်ရာလှည်းတန်းအဆောင်မှ မြောက်ဥက္ကလာပရှိ တက္ကသိုလ်ကို ရောက်ဖို့ကားစီးချိန် ၄၅မိနစ်ကြာမြင့်ကြောင်း၊ တက္ကသိုလ်ဆိုသော်လည်း အထက်တန်း
ကျောင်းများလိုပင် စည်းကမ်းကြီးမားလှကြောင်း၊ စာသင်ကြားချိန်တွေကလည်း အပြည့်ဖြစ်နေကြောင်း၊ စာမေးပွဲကလည်း မကြာခဏစစ်ဆေးလေ့ရှိကြောင်း.. ညည်းညူတဲ့စာရေးသားမိပါတယ်။ တက္ကသိုလ် တက်စဉ်မှာမှန်မှန်ရေးဖြစ်ခဲ့တဲ့ ကျွန်မရဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာလည်း ဒီအကြောင်းတွေကို စီကာ ပတ်ကုံးရေးဖြစ်ခဲ့ပါတယ်။

ရန်ကုန်ဆေးဝါးတက္ကသိုလ်သို့ စတက်ရချိန်တွင် ဇာတိမြို့မှ အဖော်သူငယ်ချင်းလည်း မပါတာ
ကြောင့်အားငယ်ခဲ့မိတယ်။ မိဘတွ၊ မောင်နှမတွေနဲ့ဝေးပြီး အဆောင်မှာနေရမှာ၊ တက္ကသိုလ်တက် ရမှာ.. အပေါင်းအသင်းသူငယ်ချင်းတွေနဲ့ အဆင်ပြေမှပြေပါ့မလားဆိုတဲ့ စိုးရွံ့စိတ်ဝင်ခဲ့ပါတယ်။ တက္ကသိုလ်မှ ဘွဲ့ရပြီးနယ်သို့ပြန်လာတဲ့ အစ်မတချို့က “တက္ကသိုလ်က သူငယ်ချင်းတွေကို ငယ်သူငယ် ချင်းတွေထက်တောင် ပိုခင်သွားလိမ့်မယ်၊ စိတ်ပူမနေနဲ့” လို့ အားပေးခဲ့တဲ့ စကားကိုလည်းမယုံတ၀က်၊ ယုံတစ်ဝက်။ ဒီလိုနဲ့ပဲ ဆေးဝါးတက္ကသိုလ်ကို စတက်ဖြစ်ခဲ့ပါတယ်။
အဆောင်မှာနေလို့ အဆောင်နေသူငယ်ခင်းတွေနဲ့ စတင်ဆုံစည်းခဲ့ရသလို ဆေးဝါးတက္ကသိုလ် တက်စရက်တွေမှာကတည်းက သူငယ်ချင်းတွေနဲ့ ခင်မင်ခွင့်ရခဲ့ပါတယ်။ မှန်ပါတယ်။ အစ်မတွေပြောခဲ့ သလိုပါပဲ။ ငယ်စဉ်တောင်ကျေး ကလေးဘ၀တုန်းကခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေနဲ့ဆိုရင် အတူတကွ
ဆာ့ကစားရုံ၊ အတူတူစာကျက်ရုံထက်မပိုခဲ့ပါဘူး။ အခုလိုကြီးပြင်းလာလို့ တစ်ဦးတည်း နေထိုင်ရတဲ့ အချိန်မှာ သူငယ်ချင်းတွေရဲ့ ခွန်အား၊ မေတ္တာတရားတွေနဲ့ ရပ်တည်နိုင်ခဲ့ရပါတယ်။ ဒါကြောင့်ကျွန်မရဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ သူငယ်ချင်းနဲ့ ပတ်သက်ပြီး ခံစားရေးသားဖြစ်ခဲ့တဲ့ စာသားလေးတွေက ပာင်းလဲသွားခဲ့ပါတယ်။
“သူငယ်ချင်းမေတ္တာမှာ အံ့သြစရာကောင်းတဲ့ အစွမ်းသတ္တိတွေ ရှိနေပါတယ်။ သူငယ်ချင်းတွေရဲ့ ခိုင်မာတဲ့မေတ္တာတရားဟာ နားလည်ဖို့ခက်ခဲတဲ့ နက်ရှိုင်းမှုတစ်ခုပါပဲ၊ ၀မ်းနည်းမှုတွေ ခံစားရတိုင်း သူငယ်ချင်းရဲ့ သံယောဇဉ်ကပပျောက်အောင် နှစ်သိမ့်နေမှာပါ။ ၀မ်းသာမှုတွေကြုံတွေ့ရတိုင်း ပိုမိုကြည်
နူးပျော်ရွှင်စေဖို့ ပံ့ပိုးနေမှာပါ။”
◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦


ကျွန်မငယ်ငယ်ကတည်းက စာကျက်ရတာ အတော်ပျင်းပါတယ်။ ဒါကြောင့် ဆေးဝါးတက္ကသိုလ်ကို စတင်တက်ခါစ သီတင်းပတ်တွေမှာ တစ်နှစ်ပတ်လုံး စာကိုမှန်မှန်ကျက်ရမယ်ဆိုတဲ့ အသိစိတ်ကြောင့် စိတ်ထဲမသက်မသာဖြစ်မိပါတယ်။ ပြီးတော့ ကျွန်မမှာအချိန်ဇယားနဲ့ စာကျက်တတ်တဲ့အလေ့အထ လည်းမရှိဘူးလေ။ ကျွန်မ တွေးခဲ့မိတဲ့ တက္ကသိုလ်ကျောင်းသူဘ၀ဆိုတာလည်း လှလှပပပြင်ဆင်၊ အတန်းတက်၊ ကန်တင်းမှာ သူငယ်ချင်းတွေနဲ့ထိုင်၊ ရန်ကုန်မြို့ရဲ့အထင်ကရနေရာတွေကို လျှောက် လည်၊ အလှဓာတ်ပုံတွေရိုက် . . အဲဒီလို ပေါ့ပေါ့ပါးပါးဖြတ်သန်းရမယ်လို့ပဲ ထင်ခဲ့မိတာကိုး။ ဒါကြောင့် တက္ကသိုလ်တက်စရက်တွေက စာသင်ချိန်အပြည့်ဖြစ်နေတဲ့ ကျွန်မတို့ ကျောင်းကိုရော စာသင်ချိန်တစ်ချိန်မှာ စာတွေအများကြီးသင်ကြားပေးတတ်တဲ့ ဆရာ၊ ဆရာမ တွေကိုပါ နားမလည်နိုင် ခဲ့ပါဘူး။ ကျောင်းတက်လို့မှ သိပ်မကြာသေးဘူး။ Notice Board မှာဖြေရမယ့် အစမ်းစာမေးပွဲ အချိန်စာရင်းတွေကလည်းအပြည့်၊ အစမ်းစာမေးပွဲတွေက တစ်ခုနဲ့တစ်ခုရက်က သိပ်မခြားထားပါဘူး။ အဲဒီအချိန်တုန်းက ညည်းတွားခဲ့မိပါတယ်။ ဒါပေမယ့် သိပ်မကြာလှတဲ့အချိန် ကာလတစ်ခုအတွင်းမှာပဲ ကျွန်မတို့တစ်တွေဟာ ကျောင်းစာမေးပွဲအချိန်ဇယားတွေကြားမှာ ကောင်းကောင်းကျင်လည်ဖြတ်သန်းသွား
နိုင်ပါတယ်။
“ဆေးဝါးတက္ကသိုလ်ရဲ့ ကျေးဇူးကြောင့်အချိန်ကို ကောင်းကောင်းအသုံးချတတ်လာတယ်၊ ကိုယ့်ရဲ့အရည်အချင်းတွေကို စနစ်တကျ အသုံးပြုတတ်လာတယ်၊ စာပေလေ့လာမှတ်သားရတာကြောင့် အာရုံစူးစိုက်နိုင်စွမ်းလည်း ပိုကောင်းလာတယ်” ကျွန်မရဲ့ ဒိုင်ယာရီလေးထဲမှာ ကျောင်းတက်ကာလ တစ်နှစ်မပြည့်ခင်မှာပဲ ရေးသားဖြစ်ခဲ့တဲ့ စာသားလေးတွေပါ။
(နောက်ပိုင်း လုပ်ငန်းခွင်ထဲ အသီးသီးဝင်ခဲ့ကြချိန်မှာ အရေးကြီးဆုံးအလုပ်ကိုပြီး မြောက်အောင်
မြင်အောင် လုပ်ဆောင်တတ်တဲ့ အကျင့် ကစွဲမြဲသွားခဲ့ပါတယ်။ ဒီအကျင့်က ကျွန်မတို့ တက္ကသိုလ်ကပေးခဲ့တဲ့ ကောင်းမွေတစ်ခုပါ။ ဒီအကြောင်းလေးကိုလည်း လုပ်ငန်းခွင်ဝင်ပြီး မကြာခင် ကျွန်မရဲ့ ဒိုင်ယာရီမှာ ရေးသားဖြစ်ခဲ့ပါတယ်။)
◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦


တက္ကသိုလ်တက်ရချိန်မှာ ဆရာ၊ ဆရာမတွေက စာသင်ကြားပေးရုံသာမက မိန်းကလေးများတဲ့
ကျောင်းသား၊ ကျောင်းသူတွေကို အနေအထိုင်ပါတတ်အောင် သင်ကြားပေးခဲ့ပါတယ်။ အစပိုင်းက စာသင်လွန်းလို့ စိတ်ရှုပ်ခဲ့ရတဲ့ ကျွန်မအနေနဲ့ နောက်ပိုင်းမှာ ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်ကျေးဇူးကို သိနားလည်ပြီး မြတ်ဆရာဆိုတဲ့ ကဗျာတစ်ပုဒ်ကို ရေးဖွဲ့မိပါတယ်။


အလှကင်းပါလျက်
ဘ၀က လင်းသူမို့
စေတနာလမ်းခင်းကာ
ငြိမ်းအေးရင်း လျှောက်ဝံ့သူ။

အနေအစား ရိုးစင်းလျက်
အသရေ တိုးသူမို့
များအကျိုး သယ်ပိုးရင်း
စာသင်ကြား ပျိုးထောင်သူ။

ကြင်တပည့်များအတွက်
ရင်ဝယ်ပွား သမီးသားပမာ
အငြီးတွား မများပါလို့
မေတ္တာထား မပျက်ခဲ့သူ။

အဲဒီဆရာဟာလေ..
ဇမ္ဗူမှာ ရှာမှ ရှားရယ်မို့
အင်အားတွေတစ်ပွေ့တစ်ပိုက်
တွေ့လိုက်တဲ့ အခိုက်မှာဖြင့်
ဒူးတုပ်ခါ ဂါရ၀ထားမိပါရဲ့
ဦးညွတ်ဝပ်တွား။

တတိယနှစ်ကျောင်းသူဘ၀ အာစရီယပူဇော်ပွဲမှာ ဒီကဗျာလေးနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့အခါ ဆုရရှိခဲ့ပါ တယ်။ ပြိုင်ပွဲတွေမှာမဖော်ပြဖြစ်ဘဲ ကျွန်မရဲ့ ဒိုင်ယာရီစာအုပ်ထဲမှာပဲ ရေးခြစ်မိတဲ့ ဆရာ့ဂုဏ်ဖွဲ့ ကဗျာ
တွေလည်းရှိခဲ့ပါသေးတယ်။


တပည့်တကာ၊ တတ်စရာ၌
လိမ္မာပွန်က၊ အရွယ်လွန်မူ
ရွှေဆင်းတူရောင်၊ လုပ်ငန်းဘောင်တွင်
အတောင်ဖြူကာ၊ ဗျိုင်းပမာသို့
ပညာရှိလယ်၊ တင့်တယ်မြဲအောင်
ဆေးဝါးနယ်ပယ်၊ ကော်နှယ်ကျို၍
ထိုးဆရာများ၊ ရင်ဝယ်သားပမာ
သွန်သင်ပါ၏တကား။
အဲဒီလို ကဗျာတိုလေးတွေကို ရေးဖွဲ့မိတဲ့အထိ ဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို နားလည်မိလာခဲ့ပါတယ်။
◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦◦


အခုကျောင်းပြီးလို့ ဘွဲ့ရပြီး လုပ်ငန်းခွင်ထဲ ၀င်ရချိန်ရောက်တော့ လူကြီးဖြစ်ပြီဆိုတဲ့ အသိစိတ် ကို ရင်ဝယ်ပိုက်ရင်း အပူအပင် ကင်းမဲ့စွာ ပျော်ရွှင်ခဲ့ရတဲ့ ကျောင်းသူဘ၀ကို သတိရမိပါတယ်။ Facebook စာမျက်နှာပေါ်မှာ သူငယ်ချင်းတစ်ဦးတစ်လေက “Missing University Student’s Life” လို့များရေးလိုက်ရင် ကျန်သူငယ်ချင်းတွေအားလုံး သဘောတူကြောင်းထောက်
ခံမိကြပါတယ်။ ဟုတ်ပါတယ်။ ကျွန်မတို့တစ်တွေ ဟိုတုန်းကလို... ကျာင်းသူဘ၀တုန်းကလို သူငယ်ချင်းတွေ စုဝေးပြီး ချစ်ခင်ပျော်ရွှင်မှုအပြည့်နဲ့ ၀ိုင်းဖွဲ့စကားပြောဖို့ အချိန်မပေးနိုင်တော့ပါဘူး။ Facebook မှာ၊ G talk မှာ ဆုံရင်တောင် မြင်နေပါရက် အလုပ်များနေလို့ ကောင်းကောင်းမနှုတ် ဆက်နိုင်ကြပါဘူး။ ဟိုတုန်းကလို... ကျောင်းသူဘ၀တုန်းကလို ဆရာတွေရဲ့ သင်ကြားပို့ချမှုကို နာခံ ချင်လို့လည်း မဖြစ်နိုင်တော့ပါဘူး။ ဆရာတွေသင်ကြားပေးလိုက်တဲ့ အသိပညာ၊ အတက်ပညာတွေကို အသုံးချနေရ တာကြောင့် မအားမလပ်နိုင်လောက်အောင် အလုပ်များနေလို့ပါ။
ဟိုတုန်းကလို . . ကျောင်းသူဘ၀တုန်းကလို အပူအပင်မရှိ ကျောင်းကားစီးပြီး ကျောင်းတက် ရတာကိုလည်း ပြန်တမ်းတမက် မောမိပါသေးတယ်။ ကျောင်းကနေ အပြန်မှာအရင်ထွက်တဲ့ကားက မထွက်ဖြစ်သေးတဲ့ နောက်ကားက သူငယ်ခင်းတွေကို လက်ပြနှုတ်ဆက်တော့ ကျန်ခဲ့တဲ့ သူတွေက မခံချိမခံသာဖြစ်ရတဲ့ ပုံရိပ်တွေကိုလည်း အမှတ်ရမိပါသေးတယ်။ အခုအချိန်မှာ ကျွန်မတို့အဲဒီလို ကလေးဆန်ခွင့်မရှိတော့ပါဘူး။ ကျွန်မတို့ဟာ ကျောင်းတော်ကသင်ပေးလိုက်တဲ့ ပညာတွေနဲ့ လောက အလယ်မှာ လူကြီးတစ်ယောက်လို လျှောက်လှမ်းနေရပြီလေ။ အလုပ်ကိစ္စကြီးငယ်မှန်သမျှကို တာဝန် ယူနေတာ၊ ကျောင်းကထိန်အတွက် ပဒေသာပင်သီခဲ့ကြတာ၊ ကျောင်းရဲ့ အစဉ်အလာမပျက်စည်ကား လှတဲ့ အာစရိယပူဇော်ပွဲမှာ ဆရာတွေကို ဦးခိုက်ကန်တော့ခဲ့တာတွေ... အရာရာတိုင်းက အမှတ်ရစရာတွေပါပဲ။
လေးနှစ်တာကာလ တက္ကသိုလ်တက်ရချိန်မှာ စာမေးပွဲတစ်ကြိမ်ဖြေဆိုတိုင်း ရင်ခုန်စိတ်လှုပ်ရှား ခဲ့ရတာ၊ နှုတ်ဖြေစာမေးပွဲဆိုရင် ထိတ်လန့်ခဲ့ရတာ၊ အောင်စာရင်းကပ်ပြီဆိုတာနဲ့ အပြေးအလွှားသွား ကြည့်ခဲ့ရတာ... ဒါတွေကလည်း မမေ့နိုင်စရာ အချိန်လေးတွေပါပဲ။ ဒီလို... ဒီလိုနဲ့ပဲ ကျွန်မတို့
ဆေးဝါးတက္ကသိုလ်ကဘွဲ့ကို အသီးသီးရရှိခဲ့ကြပါတယ်။ နောက်ပိုင်း ကျွန်မရဲ့ ဒိုင်ယာရီမျက်နှာထက်မှာ တက္ကသိုလ်နောက်ခံမြင်ကွင်းတွေ မပါဝင်တော့ပေမယ့် လုပ်ငန်းခွင်က ဘ၀အမောတွေကြား ရုန်းကန် လှုပ်ရှားရင်း တက္ကသိုလ်ကျောင်းသူဘ၀ကို ပြန်တပ်မက်တဲ့ ခံစားချက်တွေကတော့ပါစမြဲပါ။ သူငယ်ချင်းတွေနဲ့ဆုံမိတိုင်း ကျောင်းနဲ့ပတ်သက်တဲ့ အမှတ်တရ အဖြစ်အပျက်လေးတွေ၊ ငယ်နုစဉ်က
ပေါ့ပါးလွတ်လပ်တဲ့ အခိုက်အတန့်လေးတွေကို ပြန်ပြောင်းအောက်မေ့ ပြောလေ့ရှိတုန်းပါ။ ရယ်စရာ အဖြစ်အပျက်တွေကိုပြောရင်း လွတ်လပ်ကြည်နူးစွာ ရယ်မောမိတဲ့အခါ ကျွန်မတို့တစ်တွေ ကလေးတွေ လို စိတ်တွေပေါ့ပါးသွားလိုက်ကြတာ။

ဒါကြောင့် ထင်ပါရဲ့... ။

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဘ၀ဆိုတာ ပျော်ရွှင်ကြည်နူးစရာကောင်းလွန်းလို့ ဖြတ်သန်းခဲ့
ပြီးရင်လည်း ပြန်လည်မရ နိုင်တော့တဲ့ အိပ်မက်တစ်ခုပါပဲလို့ တင်စားလေ့ရှိကြပါတယ်။ ဟုတ်ပါတယ်။ ကျွန်မတို့မက်ခဲ့ရတဲ့ အိပ်မက်လေးက ဘယ်လောက်အထိ သာယာကြည်နူးစရာကောင်းသလဲဆိုတာကို အိပ်ရာကနိုးထလို့ အိပ်မက်လေး လွင့်ပြယ်သွားတော့မှပဲ သိနားလည်ခွင့်ရခဲ့ပါတယ်။ ဒီအိပ်မက်လေးရဲ့
ကျေးဇူးကြောင့် လက်တွေ့ဘ၀ထဲကို တိုးဝင်တဲ့အချိန်မှာ အဆင်ပြေပြေ၊ စွမ်းဆောင်နိုင်စွမ်းပြည့်ဝစွာနဲ့
လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ အဲဒီအတွက် ကျွန်မတက်ခဲ့ရတဲ့ ဆေးဝါးတက္ကသိုလ်ကိုရော၊ သင်ကြားပို့ ချပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေကိုပါ ကျေးဇူးဥပသကာရ တင်ရှိစွာ အကြိမ်ကြိမ်ဦးခိုက် ကန်တော့မိပါ
တော့တယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...