Sunday, September 22, 2013
ကျန်းမာရေး နှင့်ညီညွတ်စေတဲ့ ရေချိုးသောနည်းလမ်းများ
ရေချိုးသောစနစ်
ရေချိုးသော အချိန်မှာ နေ့မွှန်းမတည့်မီ နံနက်ပိုင်း အချိန် ဖြစ်၏။ ယေဘုယျအားဖြင့် နေ့လည် ၁၂နာ၇ီ မထိုးမီနေ့အချိန်ဖြစ်၏။ နံနက်ပိုင်းသည် တက်ဥတုအချိန် ဖြစ်ပြီး၊ ညနေပိုင်းသည် သက်ဥတုအချိန် ပိုင်းဖြစ်လေသည်။ ဆောင်းတစ်ဆယ်၊ နွေကိုး၊ မိုးခုနှစ် ရေချိုးစနစ်သည်အကောင်းဆုံး ဖြစ်သည်။အချို့အလုပ်များ၍ကိုယ်ခန္ဓာညစ်ပေနေသူတို့မှာ
နေမ၀င်မီေ၇ချိုးသင့်သည်။
နေ၀င်ပြီးသွားပါက ရေမချိုးသင့်တော့ပဲ ခြေလက်ဆေးကြောခြင်း အမှုသာပြုသင့်၏။
ရေမချိုးသင့်သောအချိန်
အစာစားပြီးစ၌ ချက်ချင်း ရေမချိုးသင့်ချေ။ အစာမကြေ ရောဂါ ရရှိတက်၏။ နေပူ၊ မီးပူ၊ အပူ တစ်စုံတစ်ခု ခံစားရပြီး စ၌လည်း ရေမချိုးသင့်ချေ။ လေဖြတ်ရောဂါ၊ သွေးတိုးရောဂါ၊ နား၊ မျက်စိ၊ ခံတွင်းနာရှိသူများ၊ ၀မ်းဖောဝမ်း ရောင်သူများ၊ နှာစေးသူများမှာ ထိုအခိုက်အတန့်တွင် ရေမချိုးဘဲနေသင့်၏။ မီးအပူခံပြီးနောက် ရေချိုးလိုလျှင် ရေအေးကိုဝအောင်သောက် ပြီးနောက် ခဏလောက် နားနားနေနေ၊ နေထိုင်ပြီးမှ ရေချိုးပါ။
မကျန်းမမာ ဖြစ်ပြီးနောက် ပထမဆုံး ရေမချိုးသေးပဲ၊ ကရက်မက်နံသာများ သွေးလိမ်းကြည့်ပါ၊ တစုံတရာ အပြစ်မရှိမှ ရေစချိုးပါ။ ရေချိုးပြီးအခိုး ပြန်ရအောင် ပြုလုပ်ရမည်။ ရေချိုးပြီးပြီးချင်း အ၀က်သန့်သန့်ဖြင့် ရေပေါက်ရေစများ တစ်ကိုယ် လုံးသန့်စင်အောင် သုတ်ပစ်ပါ။ ဖြစ်နိုင်ပါက ကိုယ်ငွေ့ရလာသည်အထိ အ၀တ်သန့်သန့်ဖြင့်ပွတ်တိုက်ပေး ရမည်။ ရေသုတ်ပြီးလျှင် အမြန်ဆုံး အ၀တ်သစ်လဲ၍ လေလုံအောင်နေပါ။ ရေနွေးပူပူ၊ ကော်ဖီပူပူ၊ နွားနို့ပူပူ တစ်ခုခုကို ကိုယ်ငွေ့အားကောင်းလာအောင် သောက်ပေးပါ။ တက်နိုင်လျှင် ကိုယ်ငွေ့ရအောင် (၁၅) မိနစ်ခန့် ခေါင်းမြီးခြုံ၍ လဲလျောင်းနေပါ။
ရေစချိုးပုံ
ရေချိုးတော့မည်ဆိုလျှင် ချက်ချင်းမချိုးသေးပဲ ခြေထောက်အောက်ပိုင်းကို ရေအရင်လောင်းရမည်။ ခြေဖျားမှသည် ဒူးခေါင်း၊ ပေါင် စသည်ဖြင့် တရွေ့ရွေ့အထက်သို့ လောင်းပြီးမှ တစ်ကိုယ်လုံး ချိုးရမည်။ ရေချိုးစဉ် ပထမ ကိုယ်စိုရုံ လောင်းပြီးမှ ခေတ္တနားပါ။ အတွင်းအခိုးများထွက်ရန် အချိန်အနည်းငယ်ပေးခြင်းဖြစ်၏။ အထူးသဖြင့် ခေါင်းနှင့်ပက်သက်သော ရောဂါ၇ှိသူများ ခေါင်းလောင်း၍ ရေမချိုးသင့်ချေ။ ရှေးဦးစွာ
ရေမချိုးမီ ရေကိုပါးစပ် အတွင်း၌ ငုံထားပါ။ သို့မှသာ ခန္ဓာကို်ယ် အတွင်း၇ှိ အပူအပုပ် များရန်မှ ကာကွယ်ပြီး ဖြစ်မည်။ သွားနှင့်စပ်သော ရောဂါများလည်း ကင်းရှင်းစေ နိုင်သည်။
ရေချိုးသင့်သည်ကိုသိပုံ
မိမိ ရေချိုးမည်ဟုပြုစဉ် အောင်ပါလက္ခဏာများ ဖြစ်ပါက ရေမချိုးဘဲနေက အပြစ်ကင်း၏။ ချိုးသော်လည်း ရေတစ်မှုတ် နှစ်မှုတ်ခန့်သာ ရေချိုးသည်ဆိုရုံ ချိုးသင့်သည်။ (သို့) ရေဖက်တိုက်ခြင်း၊ ရေနွေးဖြင့် ချိုးခြင်းပြုအပ်၏။
(၁) ဗဟိဒ္ဓတွင် အပိတ်အဖွဲ့ များ၍ လွန်စွာအေးသောအခါ
(၂) ရေချိုးမည်ဟု ရေနားသွားလျှင် ချမ်းစိမ့်စိမ့် ဖြစ်ပြီး ကြက်သီးထသောအခါ၊
(၃) ရေချိုးလိုစိတ်မ၇ှိသောအခါ
(၄) အဖျားရှိနေသောအခါ ရေမချိုးဘဲနေက အပြစ်ကင်း၏။
ချေးတွန်းခြင်း
ဆီးဖြူသီးဖြင့် ချေးတွန်းခြင်းမှာ သည်းခြေနာ၊ ကြက်မျက်သင့်သော အနာကိုနိုင်၏။ ပဲတဲကော၊ နွားဖြေ၇င်မှုန့်တို့ဖြင့် ချေးတွန်းလျှင် သလိပ်နာနှင့် ညအခါမမြင်၇သော ကြက်မျက်သင့်နာကိုကောင်းစေသည်။ ဇီးဖြူသီးမှုန့်ဖြင့် ချေးတွန်းလျှင် မျက်စိအားကောင်းစေသည်။
credit to >> မွေးနေ့ ဆုမွန်
နေတိုးသရုပ်ဆောင်ထားသည့် “အောင်ပဒင်..အင်ပဒေါင်း” ဇာတ်ကားမှ အသုံးအနှုန်းများအတွက် မတောင်းပန်ပါက ကယန်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ တရားစွဲဆိုမည်
လွန်ခဲ့သည့် ခြောက်လခန့်ကတည်းက ဖြန့်ချီခဲ့သည့် နေတိုးပါဝင် သရုပ်ဆောင်ထားသော “အောင်ပဒင်...အင်ပဒေါင်း”
ဇာတ်ကားတွင် ပါဝင်သော အသုံးအနှုန်းများ၊ အပြုအမူများနှင့် ပတ်သက်၍ မတောင်းပန်ပါက ကယန်း စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ နှင့် ကယန်းအမျိုးသားပါတီတို့မှ တရားစွဲဆိုမည်ဖြစ်ကြောင်း ကယန်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ကိုခွန်ကလဲ့မင်းက ပြောသည်။
“ အဲဒီဇာတ်ကားထဲမှာ သုံးထားတဲ့ စကားလုံးတွေက တိရစ္ဆာန်တွေနဲ့ နှိုင်းပြီးတော့ ပြောထားတယ်။ အခု ပါတီ လူကြီးတွေ ၀ိုင်းပြီးတော့ ဆွေးနွေးနေကြတယ်။ အခုအချိန်မှာ တစ်ခုခုတော့ လုပ်သင့်နေပြီ။ဘာဖြစ် လို့လဲဆိုတော့ ဒီဇာတ်ကားက ထွက်ထားတာလည်း ကြာပြီ။
လူတိုင်းကြည့်ပြီးသား ဖြစ်နေပြီ။ အဲဒီတော့ သူ့စိတ်ထဲမှာ ကယန်းအမျိုးသားတွေကို ဘယ်လောက်တောင် သိက္ခာကျစေ သလဲ။ ဇာတ်ကားထဲမှာ ပါတာတွေက အလွန်စိတ်ဆိုးဖို့ ကောင်းတယ်” ဟု ယင်းက ထပ်မံ ပြောကြားသည်။
အဆိုပါကိစ္စနဲ့ ပစပ်လျဉ်း၍ ဆွေးနွေးမှုရလဒ်များအပေါ်မူတည်ပြီး ဇာတ်ကားနှင့် ပတ်သက်သည့် ထုတ် လုပ်ဖြန့်ချီသူ၊ ရိုက်ကူးသူနှင့် ဇာတ်ညွန်းရေးသားသူ၊ ဆင်ဆာအဖွဲ့များ အားလုံးတို့အနေဖြင့် တောင်း ပန်ပေး ရန် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးသို့ တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ ယင်းတောင်းဆိုချက် များ အား မလိုက်လျောပေးနိုင်ပါက တရားစွဲမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံဆရာရိုက်ပြတဲ့ ကမ္ဘာပေါ်က ဘ၀အထွေထွေ
နယူးယော့ ၅လမ်းမှာပါ။ အိုင်ဖုန်းဝယ်ဖို့ စောင့်ဆိုင်းနေသူတွေကိုဓာတ်ပုံဆရာလက်စွမ်းပြလိုက်တာပါ။
ဒက်ခ်ျလူမျိုးဖန်တီးတဲ့၅၉ပေမြင့်တဲ့ဘဲရုပ်ကလေးပါ။ ဒါကထိုင်ဝမ်မှာပါ။
<A href="http://www.bing.com/videos/browse?mkt=en-us&vid=318acfb0-e4e0-4a4f-80b6-6374797f1263&from=shareembed-syndication&src=v5:embed:syndication:" target="_new" title="Giant rubber ducky shows up in Hong Kong">Video: Giant rubber ducky shows up in Hong Kong</A>
အိန္ဒိယကကလေးငယ်တယောက်ပါ။ ဂနတ်ရှ်ပွဲတော်ပြီးတဲ့အခါ စွန့် ပစ်ထားတဲ့ ပွဲတော်ပစ္စည်းထဲက အဖိုးတန်မယ့်ပစ္စည်းတွေကိုရှာဖွေနေတာပါ။
ဆီးရီးယားက သူပုန်အဖွဲ့ ထဲကတစ်ယောက် အစ်ဒ်လစ်ခရိုင်က ဂူထဲမှာအနားယူအိပ်စက်နေပုံပါ။
ဖိလစ်ပိုင်မှာ အစိုးရနဲ့ မူဆလင်သူပုန်တွေအကြားတိုက်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ထွက်ပြေးရတဲ့ဖိလစ်ပိုင်က ကလေးတယောက်ပုံပါ။ အစားအသောက်အတွက်တန်းစီနေတာဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် လူတစ်သိန်းလောက်အိုးအိမ်စွန့် ပြီးထွက်ပြေးနေရပါတယ်။
နီပေါကလေးငယ်နှစ်ယောက်ကို မြို့ တော်ခေတမန်ဒူမှာ ကုမာရီပုဂျာပွဲတော်ကျင်းပစဉ်တွေ့ မြင်ရတာပါ။ အသက် ၉နှစ်အောက်မိန်းကလေးတွေစုပေါင်းပြီးတော့ကုမ္မာရီဒေ၀ီဝတ်ပြုပူဇော်ကြတဲ့ပွဲပါ။ မကောင်းမှုတွေကာ ကာကွယ်ပြီးတော့အနာဂတ်မှာ ကံကောင်းမယ်လို့  ယုံကြည်ကြပါတယ်။
" အမျိုးသမီးတိုင်း အလိုချင်ဆုံး အရာက ဘာလဲ "
တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်း ပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်…..ထို ဘုရင်ကြီး ဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲ တဲ့ မေးခွန်းတစ်ခုပါ….
ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….
“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “
အဲဒီမေးခွန်းကတော့
ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..
ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူ ပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….
နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆို လိုက်ပါတယ်…
အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင် လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အား အကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….
ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ် သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…
ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင် ဒီကိစ္စဟာ သူ့အတွက် အရေးမကြီး ကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…
ဒီလိုနဲ့ မင်္ဂလာပွဲ အစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးက ပေးလိုက် ပါတော့တယ်..
“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“
ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…
အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????
ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ် ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွား လှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…
ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရ လို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….
“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင် နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်
ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရ တော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ ညအချိန် မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???
အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ
သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????
အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “
အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..
“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “
ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…
ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????
သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………
………….သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ ……………………………… ………………………………..မလှပနိုင်တော့ဘူးပေါ့နော်……….။ ။ ။
သုတလင်း
Saturday, September 21, 2013
ကျေးဇူးပြု၍ အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ ဒစ်ပို ထိုးဆေးအကြောင်း
.jpg)
DMPA သားဆက်ခြား ထိုးဆေးများနဲ့ မိတ်ဆက် သည်နည်း လမ်းကို အသုံးပြုသူ အမျိုးသမီးများအနေနဲ့ကတော့ ကိုယ်ဝန် ရှိမလာရလေအောင် ထိုးဆေးကို ထိုးနှံကြရပါတယ်။
သည်မှာတော့ လူသုံးအများဆုံး၊ လူသိအများဆုံး သားဆက်ခြား ထိုးဆေးဖြစ်လေတဲ့ ဒီအယ်(မ်)ပီအေ (DMPA)အကြောင်းကို ဆွေးနွေး တင်ပြသွားပါမယ်။ DMPA ကို သုံးလတစ်ကြိမ် ထိုးရပါတယ်။ သည် ထိုးဆေးထဲမှာတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကနေ သဘာဝ အလျောက်ထုတ်လုပ်ပေးတဲ့ ဟော်မုန်းနဲ့
ခပ်ဆင်ဆင် ပရိုဂျက်စတင် ပါဝင်ပါတယ်။ ဆေးထိုးပြီးသွားတဲ့အခါ သွေးထဲကို အဲဒီ့ဟော်မုန်းဓာတ်က ဖြည်း ဖြည်းချင်း ပျံ့နှံ့သွားတာပါပဲ။ သည်DMPA ကိုပဲ ကျွန်တော်တို့ဆီက အိမ်ထောင်သည် အမျိုးသမီးတွေကြား မှာတော့ “ဒီပို” (တချို့ကလည်း “ဒစ်ပို”)ရယ်လို့ ခေါ်ကြတာ များတယ်။ တခြားနိုင်ငံတွေမှာတော့ depot-medroxyprogesterone acetate လို့လည်း ခန့်ခန့်ညားညား၊ ရှည်ရှည်လျားလျား ခေါ်တတ်ကြသလို ဆေးအမည်အတိုင်း Depo-Provera လို့ သော်လည်းကောင်း၊ Depo လို့သော်လည်းကောင်း၊ နောက်ထပ် ဆေးအမည်တစ်ခု (တံဆိပ်နောက်တစ်မျိုး)နဲ့ Megestron လို့ သော်လည်းကောင်း ခေါ်တတ်ကြပါတယ်။
တခြား သားဆက်ခြား ထိုးဆေးတွေလည်း ရှိပါသေးတယ်။ ဆေးအမည် အတိုင်း နော်ရစ်စတာရက်(တ်) (Noristerat) ရယ်လို့ဖြစ်စေ၊ norethindrone enanthate ရယ်လို့ ဖြစ်စေ၊ norethisterone enanthate လို့ဖြစ်စေလည်း ခေါ်တတ်ကြတဲ့ နက်တယ်(န်) (NET EN) ထိုးဆေးကိုကျတော့ နှစ်လတစ်ကြိမ် ထိုးရတာပါ။ DMPA နဲ့ပတ်သက်တဲ့ အချက် အလက်အတော်များများကNET EN နဲ့လည်း သက်ဆိုင်ပါ တယ်။ တချို့နိုင်ငံတွေမှာတော့ လစဉ် ထိုးလို့ရတဲ့ သားဆက်ခြား ထိုးဆေးတွေ လွယ်လွယ်ကူကူ ဝယ်လို့ ရနေပါပြီ။ အဲသလို လစဉ်ထိုးရတဲ့ ထိုးဆေးတွေထဲမှာတော့ Cyclofem တို့၊ Cycloprovera တို့၊ Mesigyna တို့လို ဆေးအမည်တွေ ပါဝင်ပါတယ်။ လစဉ်ထိုးရတဲ့ ထိုးဆေးaတွထဲမှာကျတော့ အက်စတြိုဂျင်ရော၊ ပရိုဂျက်စတင်ရော ဟော်မုန်းဓာတ် နှစ်မျိုးစလုံး ပါဝင်ပါတယ်။ ဒါ့ကြောင့် အဲဒီ့လစဉ်သုံး ထိုးဆေးတွေက DMPA တို့၊ NET EN တို့နဲ့ မတူတော့ပါဘူး။ ဒါ့ကြောင့်သည်အခန်းမှာ အဲဒီ့လစဉ်သုံး ထိုးဆေးတွေအကြောင်းကို ထည့်သွင်းဆွေးနွေးမထားပါဘူး။
DMPA ထိုးဆေးတွေကို သုံးချင်တယ်ဆိုရင်
အဲဒီ့ဆေးတွေက ဘယ်လိုဖြစ်စေနိုင်သလဲ
အဓိကအားဖြင့် သားအိမ်ထဲက မမျိုးဥများထုတ်ပေးတာ၊ တစ်နည်းအား ဖြင့် မျိုးဥတည်တာကို ရပ်ဆိုင်းစေ ပါတယ်။ ဒါတင်မကသေးဘဲ သားအိမ်ခေါင်းက အကျိအချွဲကိုလည်း ပိုပျစ်ခဲလာစေပြီး သုက်ပိုးဖြတ်သန်းရ ခက်သွားအောင်လည်း တားဆီးပေးပါတယ်။ သည်ဆေးများဟာ ရှိနှင့်ပြီးသား သန္ဓေသားကို နှောင့်ယှက် ဖျက်ဆီးမှာတော့ မဟုတ်ပါဘူး။
ဘယ်လောက်စိတ်ချရသလဲ
အလွန်ထိရောက်ပါတယ်။ ကိန်းဂဏန်းများအရ ပြောရင်တော့ သည်ဆေးတွေ သုံးပြီး ပထမတစ်နှစ် အတွင်းမှာ အမျိုးသမီး ၁၀ဝ မှာ ဝ.၃ ယောက်သာ ကိုယ်ဝန်ရှိနိုင်တယ်လို့ ဆိုပါတယ်။ (ဆိုလိုတာက ဆေးထိုး ထားသူ အမျိုးသမီး ၃၃၃ ယောက်မှာမှ တစ်ယောက်နှုန်းလောက်သာ သည်ဆေးထိုးထားလျက်နဲ့
ကိုယ်ဝန်ဆောင်တာကို တွေ့ရသပေါ့။)
အမျိုးသမီးအတော်များများဟာ သည်ဆေးတွေကို မှန်မှန် မထိုးမိခဲ့ကြလို့သာ (ဝါ) ထိုးရမယ့် အချိန်ကျနေပါ လျက်နဲ့ မထိုးဖြစ်ခဲ့ကြလို့သာ ဆေးထိုးနေတဲ့ ကြားက ကိုယ်ဝန်ရှိကုန်ရတာပါ။ မှန်မှန်ထိုးနေလို့ကတော့ အလွန့်အလွန်ကို စိတ်ချရပါတယ်။
DMPA ထိုးဆေးတွေရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးအထွေထွေ
ကောင်းကျိုးတွေ
အလွန်ထိရောက်ပါတယ်။
လူမသိနိုင်ဘူး။ သည်ဆေးကို ထိုးနေတယ်ဆိုတာ ဆေးထိုးပေးတဲ့ဆရာဝန်ရယ်၊ ဆေးထိုးထားတဲ့ အမျိုး သမီးကိုယ်တိုင်ရယ်က လွဲလို့ တခြားဘယ်သူမှ မသိနိုင်ဘူး။
ကိုယ်ဝန်မဆောင်ဖြစ်အောင် ရေရှည်ကာကွယ်ပေးသလို ကိုယ်ဝန် ပြန်ဆောင်ဖို့လည်း မခဲယဉ်းလှဘူး။ ဆေးတစ်ခါထိုးထားရင် အနည်းဆုံး သုံးလတော့ ကိုယ်ဝန်မဆောင်နိုင်ဘူး။
ချစ်တင်းနှောခြင်းကို အနှောင့်အယှက်မဖြစ်စေနိုင်ဘူး။
ကိုယ်ဝန်ရှိလာမှာ မပူရတဲ့အတွက် ချစ်တင်းနှောရာမှာ သာယာမှုကို တိုးပွားခံစားနိုင်တယ်။
တစ်နေ့တစ်လုံး ဆေးသောက်ရတဲ့ ဒုက္ခမျိုး မရှိဘူး။
ဆေးထိုးဖို့အတွက် အချိန်အတိအကျ စောင့်စရာ မလိုဘူး။ ပုံမှန်ထိုးနေကျထက် နှစ်ပတ်ကနေ လေးပတ် စောပြီး ထိုးလို့လည်း ရတယ်။ ဒါမှမဟုတ် လည်း နှစ်ပတ်ကနေ လေးပတ်အထိတောင် နောက်ကျပြီးမှ ထိုးမယ်ဆို လည်းဖြစ်နိုင်တယ်။
အသက်အရွယ်မရွေး အသုံးပြုနိုင်တယ်။
မိခင်နို့ရဲ့ အရည်အသွေးနဲ့ ပမာဏကို ထိခိုက်ပုံ မရဘူး။ ရင်သွေးကို နို့ချိုတိုက်ကျွေးနေသူ မိခင်များအနေနဲ့ မီးဖွားပြီး ရက်သတ္တခြောက်ပတ် အကြာမှာ စတင်အသုံးပြုနိုင်တယ်။
အက်စတြိုဂျင်ကြောင့်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မရှိဘူး။ နှလုံးရောဂါလို အက်စတြိုဂျင်နဲ့ ဆက်စပ် နေတဲ့ အန္တရာယ်တွေလည်း တိုးပွားလာတာမျိုး မရှိပါဘူး။သားအိမ်ပြင်ပမှာ သန္ဓေတည်ခြင်းကို ကာကွယ်ပေးနိုင်တယ်။
သားအိမ်ကင်ဆာရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်တယ်။
သားအိမ်အကျိတ်များဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်တယ်။
တချို့အမျိုးသမီးတွေအတွက်ဆိုရင်
- သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းတဲ့ရောဂါကို ကာကွယ်ပေး နိုင်တယ်။
- ဝက်ရူးပြန်ရောဂါရှိသူအမျိုးသမီးတွေမှာဆိုရင် ဝက်ရူးပြန်တဲ့အကြိမ် အရေအတွက်ကို လျော့ပါးသွားစေနိုင်တယ်။
ဆိုးကျိုးများ
ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးများ (ရောဂါလက္ခဏာမဟုတ်ပါ)
- အောက်ပါတို့အပါအဝင် ဓမ္မတာပေါ်တဲ့အခါမှာ အပြောင်းအလဲတွေ ဖြစ်တတ်တယ်။
အနည်းငယ်မျှသာ ဆင်းတာမျိုး၊ အထူးသဖြင့် စတင်သုံးခါစမှာ အဲသလိုဖြစ်တတ်ပါတယ်။
အလွန်အကျွံဆင်းတာမျိုး။ ဒါလည်း စတင်သုံးခါစမှာ ဖြစ်တတ်ပါတယ်။ သို့ပေမယ့် ဖြစ်ခဲလှပါတယ်။
ဓမ္မတာလုံးလုံး မပေါ်ဘဲ ပျောက်နေတာမျိုး။ တကယ်တော့ ဒါဟာ သည်ဆေးကို သုံးစွဲသူတွေအတွက် ပုံမှန်ဖြစ်ပြီး တစ်နှစ်လောက် ဆက်တိုက် သုံးစွဲပြီးရင် ဖြစ်လာတတ်ပါတယ်။ (တချို့အမျိုးသမီးတွေအတွက် အဲသလို သွေးမပေါ်တာကိုက စိတ်ချမ်းသာစရာကောင်းနေနိုင်ပြန်ပါတယ်။)
ကိုယ်အလေးချိန် တိုးလာနိုင်ပါတယ်။ (ပျမ်းမျှအားဖြင့် တစ်နှစ်ကို ၁ကီလိုမှ ၂ကီလို၊ ဒါမှမဟုတ် ၂ပေါင် ကနေ ၄ပေါင်အတွင်း တိုးလာနိုင်တယ်)။ (အစားအသောက်ကို ဂရုစိုက်မယ်ဆိုရင် ကိုယ်အလေး ချိန် တိုးတာကို ထိန်းချုပ်နိုင်၊ ကာကွယ်နိုင်ပါတယ်။ တချို့အမျိုးသမီး တွေအတွက်ကျပြန်တော့လည်း ကိုယ် အလေးချိန်တိုးလာတာ၊ ဝလာတာကိုက ကျေနပ်စရာ ကောင်းနေနိုင်ပြန်ပါတယ်။)
သန္ဓေတည်နိုင်တဲ့အနေအထားကို ပြန်ရဖို့ တော်တော်စောင့်ဆိုင်းယူရတတ်ပါတယ်။ (ကိုယ်ခန္ဓာထဲက DMPA ပမာဏ လျော့ကျတဲ့အထိ စောင့်ရတတ်တယ်။) နှစ်မျိုးစပ်သားဆက်ခြားသောက်ဆေးတွေကို သောက် သုံးသူတွေ၊ အိုင်ယူဒီ၊ ကွန်ဒုံး၊ ဒါမှမဟုတ် အခြား ယောနိသုံးနည်းတစ်မျိုးမျိုးကို သုံးစွဲပြီး သား ဆက်ခြားအောင် ဆောင်ရွက်ထားသူများနဲ့ ယှဉ်မယ်ဆိုရင် သန္ဓေတည်ဖို့ လေးလလောက် ပိုပြီး စောင့်ဆိုင်း ယူရတတ်ပါတယ်။
တစ်ခါထိုးပြီး နောက်သုံးလကြာတိုင်းကြာတိုင်း နောက်တစ်လုံး ထပ်ထိုးဖို့ လိုပါတယ်။
တချို့အမျိုးသမီးတွေမှာ ခေါင်းကိုက်တာ၊ ရင်သားနူးညံ့လာတာ၊ စိတ် အတက်အကျမြန်တာ၊ ပျို့ချင် အန် ချင်တာ၊ ဆံပင်ကျွတ်တာ၊ လိင်စိတ် နည်းပါးတာများကိုလည်းကောင်း၊ ဝက်ခြံထွက်တာကို သော်လည်း ကောင်း၊ နှစ်မျိုးစလုံးကိုသော်လည်းကောင်း ခံစားရတတ်တယ်။
အိပ်(ခ်ျ)အိုင်ဗှီ/အေအိုင်ဒီအက်(စ်)အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင် စွမ်းမရှိပါဘူး။
အထူးသိထားသင့်တဲ့ အချက်တွေ
၁။ ဆေးတစ်ခါ ထိုးပြီးတဲ့နောက်မှာ ဆက်လက်ပြီး သားဆက်ခြားလိုသေးတယ်ဆိုရင် နောက်တစ်ကြိမ် အချိန်မီ ထပ်ထိုးဖို့လိုပါတယ်။ အတိအကျ ပြောရင်တော့ သုံးလတိတိအကြာမှာ ထပ်ထိုးရမှာပါ။ သို့ပေမယ့် အဲဒီ့ သုံးလမတိုင်ခင် နှစ်ပတ်ကနေ လေးပတ်စောပြီး ကြိုထိုးလို့ရသလို၊ နှစ်ပတ်ကနေ လေးပတ် နောက် ကျပြီးမှ ထိုးလို့လည်း ရပါတယ်။
၂။ နှစ်ပတ်ထက်ကျော်တဲ့အထိ ဆေးမထိုးဖြစ်သေးဘူးဆိုရင်တော့ ကွန်ဒုံးကို ဖြစ်စေ၊ သုက်ပိုးသတ်ဆေး တွေကိုဖြစ်စေ သုံးသင့်တယ်။ ဒါမှမဟုတ်လည်း ချစ်တင်းနှောခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
၃။ တစ်ကြိမ်ထိုးပြီးတဲ့နောက် ဘယ်လောက်ပဲ နောက်ကျနောက်ကျ၊ ကိုယ်ဝန် မရှိဘူးဆိုတာ သေချာမယ် ဆိုရင် ဆက်ထိုးလို့ရပါသေးတယ်။
၎။ ဆေးစ ထိုးခါစမှာ ဓမ္မတာက မမျှော်လင့်တဲ့အချိန်တွေမှာ ပေါ်လာတတ်တယ်။ ဓမ္မတာဆင်းတဲ့ပမာဏ က တဖြည်းဖြည်း နည်းနည်းသွားပြီး ၆ လ ကနေ ၁၂ လအတွင်းမှာ ဆေးကို ဆက်တိုက်ထိုးနေမယ်ဆိုရင်၊ ဆိုလိုတာက ဆေးနှစ်ခါကနေ လေးခါအထိ ထိုးပြီးသွားပြီဆိုရင် ဓမ္မတာဆင်းတာ တအားကို နည်းသွား နိုင်သလို လုံးလုံးကို ဓမ္မတာ မပေါ်တော့တာမျိုးလည်း ဖြစ်နေနိုင်တယ်။
၅။ အဲသလို ဓမ္မတာ အပြောင်းအလဲဖြစ်တာဟာ သည်ဆေးကို သုံးစွဲသူများမှာ ဖြစ်နေကျ ပုံမှန်ဖြစ်ရိုး ဖြစ်စဉ်ပါ။ ဘာအန္တရာယ်မှ မရှိပါဘူး။ အဲသလို ဓမ္မတာ မဆင်းလို့၊ ပျောက်သွား၊ ထိန်သွားလို့ ကိုယ်ဝန်ရှိတဲ့ သဘော၊ ရောဂါ တစ်ခုခုဖြစ်နေတဲ့သဘော၊ သွေးပုပ်တွေ ကိုယ်ခန္ဓာအတွင်းမှာ အောင်းနေတဲ့သဘော လုံးလုံးမဟုတ်ပါဘူး။ ဓမ္မတာအဆင်းနည်းတာ၊ ဒါမှမဟုတ် လုံးလုံးမပေါ်တာဟာ တချို့အမျိုးသမီးတွေ အတွက်ကျတော့ ပိုတောင် ကျန်းမာလာစေနိုင်ပါတယ်။ သွေးအားနည်းရောဂါကို ကာကွယ်ပေးရာတောင် ရောက်နေတတ်လို့ပါ။
၆။ ကိုယ်အလေးချိန်လည်း တိုးလာပါလိမ့်မယ်။ အနည်းအပါး ဝလာပါလိမ့်မယ်။ ဒါလည်း ဖြစ်ရိုးဖြစ်စဉ်ပါ။ အန္တရာယ်လည်း မရှိပါဘူး။
ဆရာဝန်နဲ့ ပြဖို့ လိုတဲ့ ရောဂါလက္ခဏာများ
DMPA ထိုးဆေးကြောင့် စိုးရိမ်စရာ ရောဂါတွေ ဖြစ်တတ်တာ အင်မတန်မှ ရှားလှပါတယ်။ သို့ပေမယ့် အောက်ဖော်ပြပါ အဖြစ်တွေနဲ့ ကြုံနေရတယ်ဆိုရင်တော့ စိုးရိမ်စရာကောင်းတဲ့ တခြားရောဂါ တစ်ခုခုရှိ နေနိုင်တာမို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေဟာ DMPA ကြောင့်လည်း ဖြစ်နေနိုင်သလို အဲဒီ့ထိုးဆေးကြောင့်လည်း ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ တခြား ရောဂါတစ်ခုခု ကြောင့်လည်း ဖြစ်နေနိုင်တယ်လို့ ဆိုလိုတာပါ။
စိတ်ပျက်စရာကောင်းလောက်အောင် ဓမ္မတာတွေ မတရားဆင်းနေတာ။ (ခါတိုင်းထက် နှစ်ဆလောက် ပိုဆင်းနေတာ၊ ဒါမှမဟုတ် ခါတိုင်းထက် နှစ်ဆတောင် ကြာအောင် ဆင်းနေတာမျိုးပါ)
DMPA ထိုးပြီးခါမှ ဆိုးဆိုးရွားရွားကြီးကို ခေါင်းကိုက်လာတာ၊ ဒါမှမဟုတ် ခေါင်းကိုက်ဝေဒနာက ဆေးထိုးပြီး မှ ပိုဆိုးရွားလာတာ။
အသားအရေ၊ ဒါမှမဟုတ် မျက်လုံးတွေ ထူးထူးခြားခြား ဝါလာတာ။

Injection
အရေးတကာ့ အရေးကြီးဆုံး အချက်များ
၁။ ထိုးဆေးကို လက်မောင်းမှာ ထိုးရတာပါ။ ဆေးထိုးပြီးရင် ဘယ်တော့jဖစ်ဖြစ် ဆေးထိုးထားတဲ့နေရာကို ပွတ်ချေမိတတ်ကြပါတယ်။ DMPA ထိုးပြီးရင် မချေပါနဲ့။ ချေလိုက်မယ်ဆိုရင် ဆေးက ခန္ဓာကိုယ်ထဲကို မြန်မြန်ကြီး ပျံ့နှံ့သွားပါလိမ့်မယ်။
၂။ ဖြစ်နိုင်မယ်ဆိုရင် တစ်ခါသုံး ဆေးထိုးအပ်နဲ့ပြွန်များကိုသာ သုံးသင့်ပါတယ်။
၃။ တစ်ခါသုံးကိုပေမင့် ပြန်သုံးတာမျိုးကို လုံးလုံး မလုပ်သင့်ပါဘူး။ တချို့ ဆေးခန်းတွေ၊ သူနာပြုတွေက ပစ်ရမှာ နှမျောပြီး ပြန်သုံးတတ်ကြတာကို ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်မြင်ဖူးပါတယ်ခင်ဗျား။ ဒါကြောင့် သတိပေးနေရတာပါ။ ဖြစ်နိုင်ရင်၊ တတ်နိုင်ရင် ကိုယ့်ရှေ့မှာ အသစ်ဖောက်သုံးတာမျိုး၊ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်က တစ်ခါသုံးအပ်ကို ဝယ်သွားပြီး ဖောက်သုံးတာမျိုးနဲ့ ထိုးသင့်ပါတယ်။ တစ်ခါသုံးအပ်တွေ ရဲ့ တည်ဆောက်ပုံကြောင့် ပိုးသတ်ဖို့လည်း အင်မတန် ခက်လှပါတယ်။ အဲဒါကြောင့် တစ်ခါသုံးကို တစ်ခါ မက သုံးမယ်ဆိုရင် ဘယ်လောက်ပဲ ပိုးသတ်ထားတယ်ဆိုဆို HIV/AIDS လို ရောဂါပိုးမျိုး ကူးစက်လာ နိုင်ပါတယ်။
၎။ တစ်ခါသုံးအပ်တွေ မရနိုင်ဘူးဆိုရင်တော့ အထပ်ထပ်ပြန်သုံးလို့ရတဲ့ ဆေးထိုးအပ်နဲ့ ပြွန်တွေကို မလွှဲ မရှောင်သာ သုံးရတော့မှာပါ။ အဲလိုဆိုရင်လည်း သေချာ ပိုးသတ်ထားတဲ့ ဆေးထိုး ကိရိယာနဲ့မှသာ ဆေးထိုးခံသင့်ပါတယ်။
Ref: The Essentials of Contraceptive Technology: A Handbook for Clinic Staff published by John Hopkins Public Health University ၂၀၀၅ မှ ၂၀၀၇ ခုနှစ်အတွင်း Wellness ကျန်းမာရေး မဂ္ဂဇင်းမှာ လပေါင်းများစွာ အခန်းဆက် ဖော်ပြခဲ့တဲ့ ကျွန်တော့်ရဲ့ “သားဆက်ခြားခြင်းဆိုင်ရာ နည်းပညာ အဖြာဖြာ” ထဲက ထိုးဆေးနဲ့ ပတ်သက်တဲ့အပိုင်းကို ပြန်လည် ကောက်နုတ်တင်ပြလိုက်တာပါ။
ATK's Explicit Blog
လူရွှင်တော် 5 Stars အဖွဲ့ ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား

လူရွှင်တော် 5 Stars အဖွဲ့သည် ရန်ကုန်- နေပြည်တော် ၊ အမြန်လမ်း (၁၆) မိုင်တစ်ဖာလုံတွင် စက်တင်ဘာ ၁၉ ရက်၊ နံနက် ၂ နာရီခွဲအချိန်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ ပဲခူးတိုင်း၊ ကျောက်ကြီးဖျော်ဖြေပွဲ မှအပြန် လမ်းမပေါ်တွင် စက်ပျက်နေသည့် ယာဉ်တစ်စီးအား ၀င်ရောက်ကူညီနေစဉ် ယာဉ်တိုက်မှု ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း 5 Stars အဖွဲ့မှ အောင်သော်က မဇ္ဈိမသို့ ပြောသည်။
“ကျွန်တော်တို့က ရန်ကုန်ဘက်နေပြီး တက်လာတဲ့ စူပါကာစတန်ကားက ဘတ္ထရီ မကောင်းဖြစ်နေလို့ ကူညီပြီး ပြင်ပေးနေတဲ့ အချိန်မှာ
အခုလိုဖြစ်တာပါ။ ကျွန်တော်တို့ အဖွဲ့ပိုင် ဟိုက်အေ့စ်ကားနဲ့ နှစ်ကား စလုံး ခေါင်းချင်းဆိုင် မီးထိုးပြီးပြင်နေတဲ့အချိန်မှာ ရန်ကုန်ဘက်က တက်လာတဲ့ ကားကဖြတ်ပြီး တိုက်လိုက်တာပါ။ ကျွန်တော်အဖွဲ့ထဲက နှစ်ယောက်က ကားပြင်နေတယ်ဆိုတာကို အချက်ပြနေတာပါ။ နောက်ပြီး ကျွန်တော်တို့ ကားတွေက ဘေးကို ချပြီး ပြင်နေကြတာပါ။ အဲဒီအချိန်မှာ ၀င်တိုက်သွားတာပါ၊ ကျွန်တော်တို့က ကျောက်ကြီးဖျော်ဖြေပွဲဖြစ်တဲ့ ရှင်ဥပဂုတ္တ မီးမျှောပူဇော်ပွဲ၊ လှေလှော်ပြိုင်ပွဲ၊ ဘုရားပွဲကနေပြီး ပြန်လာတာပါ၊ တစ်ဖက်က အခုလိုထိခိုက်ပျက်စီးတာနဲ့ ပတ်သက်ပြီး၊ အဆင်ပြေအောင် ပြန်လည် လုပ်ပေးမယ်လို့ ပြောပါတယ်” ဟု အောင်သော်ကပြောသည်။
ယင်းဖြစ်စဉ်ကြောင့် လူရွှင်တော် 5 Stars အဖွဲ့ပိုင်ကားသည် ယာဉ်မောင်းဘက်အခြမ်းမှ ပျက်စီးခဲ့ပြီး ၎င်းတို့အဖွဲ့မှ ၀င်ရောက်ကူညီပေးနေသည့် ကားမှာ တံခါးပျက်စီးသွားခဲ့သည်။
“ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာတော့ မဖြစ်ခဲ့ပါဘူး။ ကိုကျင်ဝှက်ရဲ့သားက ပါးမှာ ဒဏ်ရာရသွားတယ်။ အောင်သော်ရဲ့ ညီနဲ့ ညီမကတော့ ခြေ၊ လက်တွေ ထိခိုက်သွားတယ်။ ၀င်တိုက်တဲ့ ကားမှာပါတဲ့ လူတွေကတော့ ညှပ်ရိုးကျိုးသူကျိုး၊ တင်ပါးဆုံရိုးကျိုးတဲ့လူ ကျိုးသွားပါတယ်” ဟု မျောက်ရှုံးက ဆိုသည်။
ယင်းထိခိုက်မှုကြောင့် 5 Stars အဖွဲ့မှ ဒဏ်ရာရသူများကို လှည်းကူးဆေးရုံသို့ ပို့ဆောင်ကုသပေးလျက် ရှိသည်။ လူရွှင်တော် 5 Stars အဖွဲ့တွင် အောင်သော်၊ အောင်မော်၊ မျောက်ရှုံး၊ ကြာစိ၊ ကျင်ဝှက်တို့ပါဝင်ပြီး လူရွှင်တော်ရွှေဖလားပြိုင်ပွဲမှတစ်ဆင့် အနုပညာလောကအတွင်းသို့ ရောက်ရှိလာကြသူများဖြစ်သည်။
_______________________________________
Mizzima
ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန်ရေးသားဖော်ပြသူ ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောပြီ
From : ..popular
ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန်ရေးသားဖော်ပြသူက ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မီဒီယာသမားများအား
ယနေ့တွင် Myanmar Peace Centre ၌ တွေ့ဆုံပြောဆိုလိုက်သည်။
အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်က နိုင်ငံခြား၌ငွေစာရင်းဖွင့်ထားသည့် သတင်းထွက်ပေါ်ဟူသော သတင်းခေါင်းစဉ်ဖြင့် ၄င်းအမည်တပ်ရေးသားဖော်ပြမှုအား ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
“စာပေလွတ်လပ်ခွင့် က မှန်မှန်ကန်ကန်ရှိရမှာပေါ့ဗျာ။ မှန်ကန်တဲ့သတင်းပဲပေးရမှာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘဲ မမှန်ကန်တဲ့သတင်းဆိုတော့ ဒါဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာပဲ”ဟု ၀န်ကြီးဦးစိုးသိန်းကပြောသည်။
အကယ်၍ ဂျာနယ်က ဖော်ပြသည့်သတင်းမှန်ကန်ပါက သက်သေအထောက်အထားနှင့်တကွ ဖော်ပြစေလိုကြောင်းနှင့်
ဟုတ်မှန်ပါက ၄င်းကို စစ်ဆေး၍ ထောင်ချနိုင်ကြောင်း ဦးစိုးသိန်းက ထပ်လောင်းဆိုခဲ့သည်။
နိင်ငံတော်အစိုးရ၏ ပြည်ထောင်စုဝန်ကြီးများထဲ၌ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့မှာ ပြုပြင်ပြောင်းလဲမှုကဏ္ဍနှင့် နိုင်ငံတကာ ဆက်ဆံရေး ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတို့၌
လှုပ်ရှားပါဝင်မှုအများဆုံးဖြစ်သည့်အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတို့နှင့် တွေ့ထိမှု အများစုပြုလုပ်နိုင်ခဲ့ကြသူများဖြစ်သည်။
ဟင်္သာတ နှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ပြည်သူ အများ ရေဘေး ကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့ထားရပြီး အကူညီများ လိုအပ်ချိန် စင်္ကာပူမှ မြန်မာများ ဒေါ်လာ ၃၀ ကို ဖြုန်းတီးနေ
From : .. Myit Ma kha
ဟင်္သာတ နှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ပြည်သူများ ရေဘေး ကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့ထားရပြီး အကူညီများလိုအပ်ချိန် စင်္ကာပူမှ မြန်မာများ ဒေါ်လာ ၃၀ ကို ဖြုန်းတီးနေ ကြောင်း သိရသည်။ စင်္ကာပူတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် ဝင်ကြေး ဒေါ်လာ ၃၀ ကောက်ခံနေပြီး ထိုငွေများကို လက်တလော ဒုက္ခရောက်နေတဲ့ မြန်မာရေဘေးဒုက္ခသည်များကို ကူညီပါက ပိုမိုတန်ဖိုးရှိမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၂ပေမြင့်တက်လာသည့်အတွက် ဟင်္သာတမြို့နယ်အနိမ့်ပိုင်းရှိ ကျေးရွာများမှ အိမ်ခြေ၁၀၀နီးပါး ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားရသည်ဟု ဒေသခံများထံမှ သိရှိရသည်။
ရေဘေးအရေးပေါ်ကယ်ဆယ်မှုများအား စက်တင်ဘာ(၁၉)ရက်နေ့မှစ၍ စစ်ကုန်းအုပ်စုရေ လယ်သောင် ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း သိရှိရသည်။
အဆိုပါဒေသများမှာ မြေနိမ့်ပိုင်းဒေသများဖြစ်သည့်အတွက် နှစ်စဉ်မြစ်ရေတက်မှုဒဏ်ကို ခံစားခဲ့ရသော်လည်း ယခုနှစ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်တက်လာသည့်အတွက်ကြောင့် အိမ်မွေးတိရိစ္ဆာန်များနှင့် ကျွဲ၊ နွား၊ ဝက်များအား ရေဘေးကင်းလွတ်သည့် ကယ်ဆယ်ရေးစခန်းများသို့ ယာယီရွှေ့ပြောင်းမှုများ ပြုလျှက်ရှိကြောင်း ဒေသခံ အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
“ စကုန်းအုပ်စုအတွင်းက ရေလယ်သောင်ကျေးရွားနဲ့ အောင်ချမ်းသာကျေးရွာက အများဆုံးဖြစ်ပါတယ်၊ ယာယီကယ်ဆယ်ရေး စခန်းတွေဆီ စက်လှေတွေနဲ့ ပြောင်းရွှေ့ထားပါတယ်”ဟု စစ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦကျော်သူရက ပြောသည်။
အဆိုပါ ကယ်ဆယ်ရေးစခန်း၌ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် သောက်သုံးရေတို့ လိုအပ်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု များအား မြို့နယ်သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီး၏ အကူအညီဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ပြည်သူများအား ရေဘေးလွတ်ရာကုန်းမြင့်ဖြစ်သည့် ရေကာတာအတွင်းပိုင်းရှိ ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းသို့ ပြောင်းထားပြီး ဒေသခံများမှာ ယခင်နေထိုင်သော ကျေးရွာများသည် မြေနေရာ အနေအထား အနည်းငယ် နိမ့်သည့်အတွက် (၂၀၀၈) ခုနှစ်တွင် ခံစားခဲ့ရသော နာဂစ်မုန်တိုင်းကြောင့်ဖြစ်သည့် ရေလွှမ်းမိုးမှုနှင့် နှိုင်းယဉ်မည် ဆိုပါက တန်းတူနှုန်းလောက်သာ ရှိမည်ဖြစ်ဟု ဒေသခံ ရပ်ကွက်လူကြီး ဟောင်းတစ်ဦးက သုံးသပ်သည်။
“အနိမ့်ပိုင်းဖြစ်နေတဲ့အတွက် ပထမရေမှီဖို့ နည်းနည်းသာ လိုတယ်ဆိုပေမဲ့ အရင်ကယ်ဆယ်ရေးလုပ်တဲ့ ရေအမှတ်နဲ့ သွားညီ နေတယ်။ နောက်ထပ်ရေတက်မယ်ဆိုရင် မပြောင်းရွှေ့သေးတဲ့ မိသားစုတွေအတွက် အခက်အခဲရှိနိုင်ပါတယ်” ဟုဦးဌေးဝင်းက ပြောသည်။
လက်ရှိ စစ်ကုန်းအုပ်စုအတွင်းရှိ ရေလယ်သောင်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ကမ်းသာယာကျေးရွာနှင့် စစ်ကုန်းလေး (တာပြင်)ကျေးရွာများအား ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်ကာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး အိမ်ထောင်စုပေါင်း (၁၀၀)ဝန်းကျင်၊ ကျွဲနွားနဲ့ အိမ်မွေးတိရိစ္ဆာန် (၆၀)ဝန်းကျင် ပြောင်းရွှေ့ထားရသည်ဟု မြို့နယ်ဒုဦးစီးမှူး ဦးဝင်း ဇော်ဦးက ဆိုသည်။
ငါးသယ်ယာဉ် ဘရိတ်ပေါက်၍ လမ်းတစ်ဖက်ခြမ်းမှ လူများကို ဝင်တိုက်၊ တစ်ဦးသေဆုံး
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဇေယျတံတားအဆင်း ကမ်းနား အလယ်ရပ်ကွက် လှိုင်မြစ်လမ်းပေါ်တွင် စက်တင်ဘာလ ၂၀ ရက် နံနက် ၇ နာရီခန့်က လမ်းလျှောက်လာသည့် လူလေးဦးကို ငါးတင်ဆောင်လာသည့် ယာဉ်က ဘရိတ်ပေါက်ကာ ဝင်တိုက်ရာမှ လူတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
မစ်ဆူဘီရှီ ကန်တာ (Canter) ငါးသယ်ယာဉ်သည် လှိုင်သာယာမြို့နယ်ဘက်မှ အောင်ဇေယျတံတားအတိုင်း မောင်းနှင်လာပြီး အင်းစိန်မြို့နယ်ဘက် တံတားအဆင်းတွင် တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိသွားကာ လမ်းလျှောက်နေသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို တိုက်မိသွားကြောင်း၊ ယာဉ်သည် ဆက်လက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်တစ်ပင်ကို ထပ်မံတိုက်မိခဲ့ကြောင်း မျက်မြင် တွေရှိခဲ့သူ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးက The Voice သို့ ပြောကြားသည်။
“ကားပေါ်ကနေ ပြုတ်ကျတဲ့ ငါးတွေကော၊ လူတွေကော ပြန့်ကျဲနေတာပဲ။ ဆုံးသွားတဲ့ အမျိုးသားက သူ့အမျိုးသမီးနဲ့ ဈေးသွားနေတဲ့ အချိန်မှာ ခုလိုတိုက်မိတာ။ ကျန်တဲ့ နှစ်ယောက်ကတော့ ပွန်းပဲ့ရုံ လောက်ပဲ” ဟု ၎င်းက ပြောကြားသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် လှိုင်သာယာမြို့နယ်တွင်နေသူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသူ၏ ဇနီးနှင့် လှိုင်သာယာမြို့နယ်တွင်နေသူ အမျိုးသမီးတစ်ဦး၊ အင်းစိန်ကမ်းနားတွင် အလုပ်ဆင်းမည့် ကုန်ထမ်းသမား တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စု အမှတ် (၁၄) မှ တာဝန်ရှိသူများ၏ ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။
ယာဉ်တိုက်ခံရသူ လေးဦးအနက် အသက် ၅၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးသည် ဆေးရုံ အရောက်တွင် သေဆုံးခဲ့ပြီး ကျန်သုံးဦးကို အင်းစိန် ပြည်သူ့ဆေးရုံသို့ ပိုဆောင် ကုသနေကြောင်း အဆိုပါ ယာဉ်ထိန်းရုံးထံမှ သိရှိရသည်။
လူလေးဦးကို ဝင်တိုက်သည့် ငါးသယ်ယာဉ်မောင်းကို ဖမ်းမိထားပြီး (ပ) ၁၀၉/၁၃၊ ပြစ်မှု ၃၀၄(က)၊ ၃၃၈၊ ၂၇၉ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ တပ်ဖွဲ့စုရုံးထံမှ သိရှိရသည်။
























