Saturday, August 31, 2013

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားနှင့် တွေ့ဆုံ

8.1.1
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားကို သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားကို သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်၊ ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် ဦးကျော်ကျော်ဝင်းတို့လည်း ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း အချင်းချင်း အပြန်အလှန် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ယင်းအပေါ် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက် မှုများအပေါ် ကုလသမဂ္ဂမှ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားနိုင်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားသည် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့်လည်း ဆက်လက်တွေ့ဆုံခဲ့ပြီး လွှတ်တော်ရေးရာများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဗီဂျေးနမ်ဘီးယားသည် ယခုအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ခြင်း၊ မြစ်ကြီးနားမြို့ရှိ မြို့ခံပြည်သူလူထုနှင့် တွေ့ဆုံခြင်း၊ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများသို့ သွားရောက်ခြင်း၊ လိုင်ဇာရှိ ကေအိုင်အို ဌာနချုပ်သို့ သွားရောက်ခြင်းများ ပြုလုပ်ခဲ့သည်။
Eleven


ရန်ကုန်မြို့တွင် Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်


ရန်ကုန်တိုင်း ဒေသကြီးအတွင်း Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်းနှင့် ယင်းညွှန်ကြားချက်အား လိုက်နာမှု မရှိသူများအား ပုဒ်မ ၁၈၈ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း Night Club များသာမက ယခုနောက်ပိုင်း Day Club များပါ ဖွင့်လှစ်မှု ရှိလာကြောင်း၊ ထိုသို့ ဖွင့်လှစ်မှုများမှာ အကျင့်စာရိတ္တ ပျက်ပျားစေကြောင်း၊ ထို့ပြင် အချို့မိဘများမှာ Day Club များနှင့်ပတ်သက်၍ တိုင်းတန်းမှု အချို့ပင် ပြုလုပ်လာကြခြင်းကြောင့် ၎င်းတို့အား အရေးယူရန် တရားဝင် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားချက်အရ သိရသည်။

Day Club တွေကို အရေးယူဖို့ တရားဝင် ညွှန်ကြားထားပြီး ဖြစ်တယ်။ ရဲတပ်ဖွဲ့ကနေ အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းပြီး အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

''ပုဒ်မ ၁၈၈ ဆိုတာ တားမြစ်ထားတဲ့ ညွှန်ကြားချက် တစ်ခုကို လိုက်နာခြင်း မရှိသူတွေကို အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပြီး အခုလို Day Club များ ဖွင့်လှစ်ခြင်း မပြုရန် ညွှန်ကြားချက်ကို မလိုက်နာရင် ပုဒ်မ ၁၈၈ နဲ့ အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

ပုဒ်မ ၁၈၈ ဆိုသည်မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာသော အမိန့်ကို ဖီဆန်ခြင်းဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ ထောင်ဒဏ် ၁ လ ဖြစ်စေ၊ ငွေနှစ်ရာဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ အကယ်၍ ထိုသို့ ဖီဆန်မှုသည် လူ့အသက်ကိုသော် လည်းကောင်း၊ ကျန်းမာရေးကိုသော် လည်းကောင်း၊ လုံခြုံရေးကို သော်လည်းကောင်း၊ ဘေးဖြစ်စေသော် ခြောက်လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေတစ်ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော် လက်ရှိအထိ Day Club ဖွင့်လှစ်ရန် တားမြစ်ချက်အား မလိုက်နာ၍ ပုဒ်မ ၁၈၈ ဖြင့် အရေးယူမှု မရှိသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွင်းရှိ Day Club တစ်ခုအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
 
Eleven

ဘင်္ဂါလီ ကျောင်းသားများ တက်ရောက်သင်ကြားနေသည့် အခြေခံပညာ စာသင်ကျောင်းများတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်း မရှိ


ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီ ကျောင်းသားများသာ သီးသန့်တက်ရောက် သင်ကြားနေကြသည့် အခြေခံပညာ စာသင်ကျောင်းများတွင် နိုင်ငံတော်အလံ အား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်း မရှိကြောင်း ပညာရေး ဌာန မှ သိရသည်။

ရခိုင်ပြည်နယ် ပညာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်း က "ဘင်္ဂါလီတွေက နိုင်ငံတော်သီချင်းကို မဆိုသလို၊ နိုင်ငံတော် အလံကို လည်း အလေးမပြုကြဘူး။ အထူးသဖြင့် ရခိုင်ပြည်နယ် အတွင်းက အစိုးရက ခန့်အပ်ထားတဲ့ ဘင်္ဂါလီကျောင်းဆရာတွေလည်း ဒီအတိုင်းပဲ" ဟု ပြောကြား သည်။

ရခိုင်ပြည်နယ်တွင်းရှိ ကယ်ဆယ်ရေး စခန်းများနှင့် ရခိုင်တိုင်းရင်းသားများ မရှိသော အခြေခံပညာ ကျောင်းများတွင် တိုင်းရင်းသား ကျောင်းဆရာ ဆရာမများအား သွားရောက်တာဝန် ထမ်းဆောင်ခြင်းကိုလည်း ယာယီ ရပ်တန့်ထားကြောင်း သိရသည်။ သို့သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ၌ ဖော်ပြထားချက်အရ ဘင်္ဂါလီများ ယဉ်ကျေးလိမ္မာ လာစေရန်နှင့် ပြည်သူ့နီတိကဲ့သို့ စာများကိုလည်း သင်ကြားရမည်ဟု ပါရှိခဲ့ခြင်းအပေါ် စာသင်ကျောင်းများတွင် ပြည်သူ့နီတိများအား အချိန်ဇယား အလိုက် ထည့်သွင်းသင်ကြားမှုများ ရှိသော်လည်း ဘင်္ဂါလီကျောင်းသားများမှာ လိုက်နာမှု အားနည်းခြင်းများကို ပညာရေးဌာနမှ သက်ဆိုင်ရာ ဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

"ဘင်္ဂါလီတွေကို ပြည်သူ့နိတိတွေ သင်ခဲ့တယ်။ မလိုက်နာဘူး။ သူတို့ ဂရုမစိုက်ဘူး ဆိုတာကို အထက်အရာရှိတွေဆီ တင်ပြထားပြီး ဖြစ်တယ်။ ဘင်္ဂါလီ လူကြီးတွေက နိုင်ငံတော်အလံကို အလေးမပြုတော့၊ ကလေးတွေက ဘယ်လိုလုပ် အလေးပြုမှာလဲ" ဟု ဦးလှစိန်ထွန်းက ထပ်လောင်းပြောဆို ခဲ့ပါသည်။

လက်ရှိ အနေအထားတွင် ကယ်ဆယ်ရေး စခန်းများ၌ ဘင်္ဂါလီ ကျောင်းသား များ အတွက် ကယ်ဆယ်ရေး စခန်းများရှိ ယာယီစာသင်ကျောင်းများ ဖွင့်လှစ် ထားရှိပြီး ဘင်္ဂါလီဆွဲခန့် ကျောင်းဆရာများကိုလည်း ခန့်အပ်ထားရှိကြောင်း သိရသည်။ ထို့ပြင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင်လည်း ဘင်္ဂါလီများ သီးသန့်တက်ရောက် သင်ကြားနေသည့် အခြေခံပညာရေး ကျောင်း ၄၀ ကျော်ရှိကြောင်းနှင့် အဆိုပါ ကျောင်းများအား တိုင်းရင်းသား ကျောင်းဆရာ/မများ လုံခြုံရေးအရ သွားရောက်တာဝန် ထမ်းဆောင်ရန် ခက်ခဲသဖြင့် ဘင်္ဂါလီဆရာများကို သင်ကြားရန် ညွှန်ကြားထားကြောင်း သိရသည်။ လက်ရှိအနေအထားတွင် ရခိုင်ပြည်နယ် အတွင်းရှိ အစိုးရ ကျောင်းများအားလုံး ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
 

Friday, August 30, 2013

မိုင်လီနှင့် လမ်းခွဲရန် ဟမ်းဆွော့သ်အား သူငယ်ချင်းများ တိုက်တွန်း



MTV ဂီတဗီဒီယို ဆုပေးပွဲတွင် လူအများ ဝေဖန်စရာ ဖျော်ဖြေမှုမျိုး ပြုလုပ်
ခဲ့သည့် မိုင်လီဆိုင်းရပ်စ်ကို စွန့်ခွာရန် လီယမ်ဟမ်းဆွော့သ်အား သူငယ်ချင်းများက ဝိုင်းဝန်း တိုက်တွန်းနေကြောင်း သိရှိရသည်။ Hunger Games: Catching Fireစတား လီယမ်သည် မိုင်လီနှင့် ချစ်သူများအဖြစ် ကာလအတန်ကြာ ရှိနေခဲ့သော်လည်း ယခုအခါတွင် ၎င်း၏ အနာဂတ် အနုပညာဘဝအတွက် မိုင်လီကို စွန့်ခွာသင့်ပြီဟု ဖိအားပေး အကြံပြုမှုများ ကြုံနေရသည်။ မိုင်လီသည် MTV၏ ဆုပေးပွဲ အစီအစဉ်တွင် ရော်ဘင် သီကီနှင့် တွဲဖက်ကာ ကာမရာဂ နှိုးဆွလွန်းပြီး ရိုင်းပြပွင့်လင်းလွန်းသည့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ အသက်(၂၀)အရွယ်ရှိ မိုင်လီသည် သူမထက် (၃)နှစ်ကြီးသည့် လီယမ်နှင့် (၃)နှစ်ကြာ တွဲနေခဲ့ပြီး ဖြစ်သည်။

The Last Song ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ရင်း ချစ်သူများ
ဖြစ်လာသည့် စုံတွဲသည် ပြီးခဲ့သည့် လပိုင်းများက ဆက်ဆံရေး အေး
ခဲကြောင်း သတင်းများ ထွက်ပေါ်ဖူးသော်လည်း လက်တွေ့ လမ်းခွဲဖြစ်ခဲ့ခြင်း မရှိချေ။ Hannah Montana ကြယ်ပွင့်ဟောင်း မိုင်လီ၏ MTV ဖျော်ဖြေ
မှုနှင့် ပတ်သက်၍ သူမသည် ကလေးဘဝမှ လူကြီးအဖြစ် ပြောင်းလဲ
လာသည်ကို ဖွင့်ဟပြခြင်းဟု ထောက်ခံသူများ ရှိသလို အမြင်မတင့်တယ်
လွန်းကြောင်း ဝေဖန် ပြစ်တင်သူများလည်း ရှိနေသည်။ လီယမ်၏သူငယ်ချင်း
များကမူ မိုင်လီ၏ ပုံရိပ်သည် တက်လမ်းကောင်းမွန်နေသော ဟောလီးဝုဒ် လူငယ်မင်းသား၏ အနာဂတ်ကို ထိခိုက်လာနိုင်ကြောင်း စိုးရိမ်တကြီး သတိပေးနေကြသည်။

လီယမ်နှင့် နီးစပ်သူများက ယင်းအခြေအနေကို လီယမ်ကိုယ်တိုင်ကလည်း အလေးအနက် တွေးတောနေသော်လည်း တစ်စုံတစ်ရာ မှတ်ချက်စကား
ပြောဆိုခြင်း မရှိသေးဟုလည်း ပြောကြားသွားကြသည်။

Planet Myanmar Network

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း ပြင်သစ် ပြောကြား


လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်မှု စတင်ဖွယ် ရှိနေကြောင်း ပြင်သစ်နိုင်ငံက စတင် ပြောကြားလိုက်ပြီ ဖြစ်သည်။

အမေရိကန်၏ အဓိက မဟာမိတ် နိုင်ငံတစ်ခုလည်း ဖြစ်သည့် ပြင်သစ်နိုင်ငံ
၏ သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးက မိမိတို့သည် ဓာတုလက်နက်များ အသုံးပြုခဲ့သည့် ဆီးရီးယား အစိုးရအပေါ် အရေးယူရန် အသင့်ရှိနေကြောင်း
ကြေညာခဲ့သည်။

ဗြိတိန်တွင် မဲခွဲဆုံးဖြတ်မှုအရ ဆီးရီးယားကို စစ်ဆင်မှု ပြုလုပ်မည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့သော်လည်း ယင်းအချက်ကြောင့် ပြင်သစ်၏ ရပ်တည်မှုကို အပြောင်းအလဲ ဖြစ်စေမည် မဟုတ်ဟုလည်း ဟော်လန်ဒေးက ဆိုသည်။ "ပြင်သစ်ဟာ ဒမတ်စကက်က အစိုးရရဲ့ မလျော်မကန် လုပ်ရပ်ကို အရေးယူဖို့ လိုလားချက်အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပါတယ်"ဟု ၎င်းက
ပြောကြားခဲ့သည်။

ဟော်လန်ဒေးက ဗြိတိန်က စစ်ဆင်ရေးကိစ္စကို နောက်ဆုတ်သွားသော်
လည်း ပြင်သစ်ကမူ အစီအစဉ် အပြောင်းအလဲမရှိဟုလည်း ထပ်လောင်း
ပြောဆိုလိုက်သည်။

"နိုင်ငံတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ အထူးသဖြင့် ဒီလို စစ်ဆင်ရေးမျိုးမှာ ပါဝင်မလား၊ မပါဝင်ဘူးလား ဆိုတာကို စိတ်ကြိုက် ဆုံးဖြတ်ခွင့် ရှိပါတယ်။ ဗြိတိန်က ဗြိတိန်အနေနဲ့၊ ပြင်သစ်က ပြင်သစ်အနေနဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်"ဟုလည်း ၎င်းက ဆိုသည်။

ဩဂုတ်လ (၂၁)ရက်နေ့က သူပုန်တပ်ဖွဲ့များကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်ကြောင်း စွပ်စွဲခံနေရသည့် ဘာရှာအယ်လ် အာဆက်ဒ် အစိုးရကို ပြင်သစ်က ပြစ်ဒဏ်ခတ်ရန်ရည်ရွယ်ပြီး ဖြစ်ကြောင်း
ဟော်လန်ဒေးက ဆက်လက် ပြောဆိုသွားသည်။

Planet Myanmar Network

လွှတ်တော်မှာ တိုင်းပြည်နှင့် ပြည်သူအကျိုးအတွက် ဆွေးနွေးခဲ့ကြသည့် တပ်မတော်သားကိုယ်စားလှယ်များအား တဆင့်မြင့် ရာထူးများတိုးပေးလိုက်ပြီ

နိုင်ငံသား မဟုတ်သူများအား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မှမတ်တပ်ရပ် ထောက်ခံနေစဉ်

 နေပြည်တော် သြဂုတ် ၃၀ 
ဇူလိုင် ၁ ရက်တွင် စတင်ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်ပထမအကြိမ် သတ္တမပုံမှန် အစည်း အဝေးများ သြဂုတ် ၂၉ ရက် တွင် ပြီးစီးခဲ့ပြီဖြစ်သည်။ ထိုအတောအတွင်း အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မရှင်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့သည့်အပြင် ဥပဒေ ၁၆ ခုကိုလည်း ပြည်သူများအကျိုး အတွက် ပြဋ္ဌာန်းနိုင်ခဲ့သည်။ 

လွှတ်တော်အစည်းအဝေးကာလအတွင်း တပ်မတော်သားကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြ သည့် တပ်မတော်သားကိုယ်စားလှယ်အချို့သည် အစည်းအဝေးပြီးပြီးခြင်း နောက်တစ်ရက်တွင် တပ်မတော် အတွင်း တဆင့်မြင့်ရာထူးများ တိုးမြှင့် ရရှိခဲ့ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

တဆင့်မြင့်ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသော တပ်မတော်သားကိုယ်စားလှယ်အချို့သည် လွှတ်တော်အတွင်း တိုင်းပြည်  နှင့် ပြည်သူအတွက် အကျိုးရှိစေသော   ဆွေးနွေးချက်များကို ရဲရဲဝံ့ဝံထဆွေးနွေးခြင်း၊ အကြံပြု ချက်များတင်သွင်းခြင်း တို့ကြောင့် တဆင့်မြင့်ရာထူးများ ချီးမြှင့်ခြင်း ခံရခြင်းဖြစ်ကြောင်း နေပြည်တော်မှ သိရှိရသည်။

တပ်မတော်သား ကိုယ်စားလှယ်များသည် လွှတ်တော်အတွင်း   ထိုင်နေယုံသက်သက် မဟုတ်ဘဲ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးရှိစေမည့် အကြောင်းအရာများကိုလိုအပ်လျှင် ဆွေးနွေးကြခြင်း၊ တိုင်းပြည်အပေါ်အမှန်တကယ်အကျိုးရှိစေသည့်ဥပဒေများကို ထောက်ခံအားပေးခြင်းများ ပြုလုပ်ခဲ့သည်ကို ကျင်းပပြီးစီးခဲ့သည့် လွှတ်တော်အစည်းအဝေးက သက်သေပြခဲ့သည်။

New Myanmar News

ပရဟိတစိတ်ဓါတ် ရှိစေချင်

ဒီသြဂုတ်လဟာမြန်မာနိုင်ငံရဲ့ကြယ်ပွင့်တွေကြွေတဲ့လလို့ဆိုရပါမယ်။ နိုင်ငံကျော် စာရေးဆရာတွေ၊ကဗျာ ဆရာတွေ၊တေးသံရှင်တွေ ကြွေလွင့်ခဲ့ တဲ့လဖြစ်ပြီး ၈၈၈၈အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် လဲဖြစ်ပါတယ်။ ဒါ့ကြောင့်ဒီလထဲမှာ သတင်းတွေများစွာရှုပ်ထွေးသလို အမေ ရိကန်ကလဲ ဆီးရီးယား ကိုတိုက်မယ်၊ခိုက်မယ်နဲ့ သတင်းတွေတော်တော်ဗလောင်ဆူတဲ့ လလို့ သတ်မှတ်ရပါမယ်။ အဲ့ဒီဗလောင်ဆူ တဲ့ သတင်းတွေကြားမှာ ကျနော်တွေ့ တာလေးတစ်ခုပြောချင်လို့ ဒီဆောင်းပါးလေးရေးလိုက်ပါတယ်။


       

ဟိုတစ်လောက်ကသတင်းတစ်ခုတွေ့ တယ်။၈၈မျိုးဆက်အနေနဲ့ စာရင်းရှင်းတမ်းမှာသိန်း၁၈၃၆ ရရှိပြီး သိန်း၁၃၀၀အသုံးပြုပြီး သိန်း၅ရာကျော်ကျန်သေးကြောင်း ၈၈မျိုးဆက် ကိုမြအေး စာရင်းရှင်း ထား တာတွေ့ရ တယ်။ အဲ့ဒီသိန်း၁၃၀၀ကုန်မယ့် ပွဲကိုဘယ်လိုပုံစံမျိုး ကျင်းပတာလဲ ဆိုတာ စိတ်ဝင်စားစရာ။ ကျန်တဲ့  ၅ ရာကျော်ကို လဲလှူမယ်၊ တန်းမယ်၊ ကူညီမယ်သာပြော ထားတာ။ ဘာမှမဘာရသေး။ ထားပါ။ အဲ့တာ ထောက်ပံ့ကြေးတွေနဲ့ လုပ်တာဆိုတော့ ဘယ်လို လုပ်လုပ်ပေါ့လို့ပြောလို့ ရမယ်။ ဒါပေမယ့် လှူတဲ့သူကတော့စေတနာကို အရင်းခံပြီး လှူတန်း ထောက်ပံ့ပေးထားတာ အလကား ဖြုန်းတီး ပစ်မယ့်အစား အများအကျိုးရှိအောင် ဒုက္ခရောက်နေသူတွေကို ကူညီစေချင်တယ်ဗျာ။ ဒါပေမယ့် သူတို့ စာရင်းရှင်းတာ လေနဲ့ပဲရှင်းတာဆိုတော့ အချိန်တန်ရင်သုံးရင်းဖြုန်းရင်းကုန်မယ်လို့ ပဲ ထင်ပါတယ်။

နောက်တစ်ခု ထပ်တွေ့ တဲ့သတင်းတစ်ခုက တပ်မတော်သားများနှင့်ပါရမီဖြည့်ဖက်များ ဂရုတစ် ခုက သူတို့ ရဲ့ စာရင်းရှင်းတမ်း အလှူငွေစာရင်းထွက်လာတယ်။ကျပ်သိန်း၁၅၀ကျော်လှူတန်းပြီး သွားပြီ။ ဘယ်နိုင်ငံ အဖွဲ့ အစည်းကမှ ထောက်ပံ့ကြေးမရဘဲ လှူထားတယ် ဆိုတာ သိရတယ်။ စိတ်ထဲ မှာ တော်တော်စဉ်းစားစရာဖြစ်ခဲ့ပါတယ်။ ဘာမှထောက်ပံ့ကြေး မရတဲ့ တပ်မတော်သားတွေတောင် သူတို့ ဟာသူတို့ ရတဲ့လစာလေးနဲ့ စုစည်းပြီး အများအကျိုး သယ်ပိုးနေတာသိန်း ၁၅၀ကျော်တောင် လှူတန်းပြီးသွားပြီ။ ထောက်ပံ့ကြေးတွေယူလိုက်၊ပွဲတွေလုပ်ပြီး ယူလိုက်နဲ့ လုပ်နေတဲ့ ၈၈မျိုးဆက်တွေ လှူတန်းထားတာ ဘယ်မှာလဲ။ဘာမှမတွေ့ ရ။နှိုင်းလို့ မသင့်ဘူးဆိုတာတော့သိပါတယ်။ ဘာလို့ဆို စိတ်ဓါတ်ချင်းတော်တော်ကွာနေလို့ ပါ။


       
                                                                                                                                 
တကယ်လဲ လေးစားစရာပါ။ တပ်မတော်သား မိသားစုတွေရဲ့  စေတနာနဲ့ စည်းလုံးမှု ကိုတော့ မလေးစားပဲ မနေနိုင်လောက်အောင် ဖြစ်ခဲ့ ရပါတယ်။ကျနော်ဟာ ပြင်ပစီးပွားရေးလုပ်နေပေမယ့်ဝန်ထမ်းထဲမှာလဲ သူငယ်ချင်းတွေ တွေ့ နေတော့ သူတို့ လိုလခစားဝန်ထမ်းတွေရဲ့ သဘောသဘာဝကို နားလည်ပါတယ်။ ဒါပေမယ့် အဲ့လိုတွေကြားထဲကနေ အကူအညီ အလှူအတန်းလုပ် ကိုင်နေကြတဲ့ အနာဂတ် ရဲ့ မျိုးဆက်သစ်တွေကို ချီးကျူး ဂုဏ်ပြုပါတယ်။ လူတွေထင်နေကြတာက အစိုးရကို အတိုက်အခံလုပ်မှ နိုင်ငံရေးလုပ်တယ်လို့ ထင်နေကြတယ်။ အဲ့တာ ကျနော့်အမြင် တော့ပါးစပ်နိုင်ငံရေး၊ လုပ်စားနိုင်ငံရေး သမားတွေပေါ့ဗျာ။ အခုလို လိုအပ်တဲ့နေရာမှာလိုအပ်သလို ကူညီဖေးမခြင်းဟာ ပါးစပ်နိုင်ငံရေး၊ လုပ်စားနိုင်ငံရေးသမားတွေနဲ့ ယှဉ်ရင် ဘာမှမဆိုင်ပါဘူး။ အဓိကကတော့ ပရဟိတစိတ်ဓါတ် ပါပဲ။

မိမိတို့ အတွက်၊ မိမိတို့ နာမည်ရရေးအတွက် ပါးစပ်ကနေ အလုပ်လုပ်နေကြသော ၈၈ မျိုးဆက် ကျောင်းသားဆိုသူတွေကိုတော့ အမှန်တကယ် အတ္တသမားတွေလားလို့ မေးလိုက်ချင်ပါတယ်။ အရင်က ဆို မြန်မာနိုင်ငံမှာ တစ်ခုခုဖြစ်ပီဆို ရှေ့ ကနေ ဟောင်ပွာဟောင်ပွာ။ ဒီနောက်ပိုင်း လဲ ရောက်ရော အကျင့်တွေ ပေါ်လာတော့တာပဲ။ဘင်္ဂလီကိစ္စမှာ ဘာအသံမှ ထွက်မလာတာ သာကြည့်ပေတော့။ ဘယ်လောက်တောင်ဘင်္ဂါလီတွေဆီကစားထားတာ နင်နေကြသလဲဆိုရင်။

အစိုးရက သူ့လမ်းသူ လမ်းကြောင်းဖြောင့်အောင်သွားနေတော့ လုပ်စားဖို့ ၊ဟောင်ပွာဟောင်ပွာ လုပ်ဖို့ က အခွင့်အရေးမရ။ အဲ့တော့ ပွဲတွေလုပ်။ နိုင်ငံခြားတွေသွား။ဟိုတောင်းဒီတောင်းပေါ့။ အခုလဲ နိုင်ငံခြားလေ့ လာရေး ဆိုလား။ဘာဆိုလားပဲ သွားအုံးမယ်တဲ့ ။အရင်က ပြည်သူ့ အတွက် ဆိုပြီးအသံကောင်းတွေ လွှင့်နေတဲ့ ၈၈။ အခုတော့ ပြည်သူ့ အတွက်ဘာလုပ်ပေးနိုင်သလဲ။ ဘာတွေကော လုပ်ပေးပြီးပြီ လဲ။ ကျနော်တို့ အဖွဲ့ က ပြည်သူ့ အတွက် အစိုးရကို ကန့်လန့် တိုက်ပေးပါ့မယ်ဗျ ဆိုတာမျိုးတော့ လာမလုပ်နဲ့ ။ အဲ့လိုတော်ကီတွေက ၈၈ မျိုးဆက်ကို အားကျပါတယ် ဆိုတဲ့  နလပိန်းတုန်းတွေ ကို ပဲရ မယ်။ ၂၀၁၃ ရောက်နေပြီ။ပြည်သူတွေလဲ အသိဥာဏ်ကြွယ်နေကြပြီ။

၈၈ ရဲ့ မဟာဗျူဟာအရ အစိုးရကို အတိုက်အခံလုပ်ပြီးနာမည်ယူမယ်ဆိုတဲ့ ဗျူဟာ ပြောင်းပြီး ပြည်သူ့ အတွက် အကျိုးရှိမည့်အလုပ်များပြုလုပ်ပြီးနာမည်ယူကြပါ။ လက်တွေ့ တိုင်းပြည်အတွက် အလုပ် လုပ်ပေးနေကြ တဲ့ တပ်မတော်သားတွေကို အတုယူကြပါလို့ တိုက်တွန်းချင်ပါတယ်။

Min Thu

တန်ဖိုးနည်း ၁၅၀၀ ကျပ်တန်ဆင်းကတ်များ ချထားပေးပြီးနောက် အင်တာနက်ဆိုင်တချို့ စီးပွားရေးအရ ပိတ်သိမ်းမှုများ ရှိလာ



ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဆင်းကတ်များ ချထား ပေးပြီးနောက် ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ အင်တာနက်ဆိုင် တချို့ စီးပွားရေးအရ တွက်ခြေမကိုက် သဖြင့် ပိတ်သိမ်းမှုများ ရှိလာကြောင်း သိရသည်။


ငွေကျပ် နှစ်သိန်းတန်ဖုန်း စတင် ချထားပေးပြီး နောက်ပိုင်းမှ စ၍ အင်တာနက် ဆိုင်တချို့ ရပ်တည်ရန် ခက်ခဲလာကြောင်း ၊ ငွေကျပ် တစ်သောင်းဖြင့် ဖုန်း အင်တာနက် လျှောက်ထား နိုင်သဖြင့် ဆိုင်သို့ တကူးတက လာရောက် အသုံးပြုသူ နည်းပါး လာကြောင်း ၊ ၀န်ဆောင်မှု ကောင်းမွန်စွာ ပေးနိုင်မှု နှင့် ပုံမှန် အသုံးပြုသူ ရရှိထားသော ဆိုင်တချို့သာ ဆက်လက် ရပ်တည် နိုင်ကြောင်း သိရသည်။


" အခုဆိုရင် တန်ဖိုးနည်း ဖုန်းတွေ ချထားပေး နေတော့ လူအတော်များများ က ဖုန်းကိုင် လာနိုင်ကြတယ် ၊ ဖုန်း အင်တာနက် ကလည်း လျှောက်ရတာ လွယ်ကူပြီး သက်သာတော့ ဆိုင်လာပြီး အသုံးပြု တာမျိုးက တဖြည်းဖြည်း နည်းလာတာပေါ့ ၊ တချို့ဆိုင် တွေက တွက်ခြေ မကိုက်လို့ ပိတ်ကြတယ် ၊ တချို့ကလည်း ဂိမ်းဆိုင် အဖြစ် ပြောင်းလိုက် ကြတယ် ၊ ဂိမ်းနဲ့ အင်တာနက် တွဲလိုက်တော့ ဘာပဲ ပြောပြော တစ်ခုတည်း နဲ့ စာရင်တော့ လူပိုဝင် တာပေါ့ .... " ဟု အင်တာနက်ဆိုင် ပိုင်ရှင် တစ်ဦးက ပြောကြား ခဲ့သည်။



လက်ရှိ လူငယ် အများစုသည် အင်တာနက် အသုံးပြုရုံ သက်သက်ဖြင့် ဆိုင်သို့ လာရောက်သူ နည်းပါးကြောင်း ၊ DOTA-2 ကဲ့သို့ အွန်လိုင်းဂိမ်း များ ဆော့ရန်အတွက် လာရောက် အသုံးပြု ကြကြောင်း ၊ ထို့ကြောင့် ဂိမ်း နှင့် အင်တာနက် နှစ်ခုတွဲဖွင့်မှသာ အင်တာနက် ဆိုင်များ အတွက် တွက်ခြေ ကိုက်မည် ဖြစ်ကြောင်း B-Net အင်တာနက်ဆိုင် မှ မန်နေဂျာ က သုံးသပ် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ကရင်ပြည်နယ် သို့ အဓိက လာရောက်သူများမှာ သမိုင်းဆိုင်ရာ သုတေသီ အများဆုံး ဖြစ်ကြောင်း သိရ



ကရင်ပြည်နယ် ရှိ ရှေးဟောင်း ဘုရားစေတီ များကို ဂူကြီးများအတွင်း ထုလုပ်ထားခဲ့မှု များသည် လွန်ခဲ့သော အေဒီ ၇ ရာစုအတွင်းက ထုလုပ်ထား ခဲ့သည် ဆိုသော သမိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ် များကို လာရောက် လေ့လာသော သမိုင်း သုတေသီများမှာ ကရင်ပြည်နယ် သို့ လာရောက်ကြပြီး ပြင်သစ် ပညာရှင်များ အဓိက လာရောက် ကြကြောင်း ကရင်ပြည်နယ် ၏ ရှေးဟောင်း ဘုရားများကို စောင့်ရှောက်နေ သူတစ်ဦးဖြစ်သူ ဆရာကြီး မောင်မောင်ကြည် က ပြောကြားခဲ့သည်။


ကရင်ပြည်နယ်တွင် ကော့ကွန်းဂူ ၊ ရသေ့ပျံဂူ များမှာ ရှေးမွန်ကျောက်စာ များအပါအဝင် ရှေးဟောင်းဂူကပ် ဘုရားရုပ်တုတော် များရှိသောကြောင့် နိုင်ငံတကာ သမိုင်း သုတေသန များ အများအပြား လာရောက် ကြသော နေရာဖြစ်ပြီး သမိုင်းဆိုင်ရာ စာတမ်းများရေး သားထုတ်ဝေ နိုင်ရန် တိုင်းရင်းသားများ နှင့် သမိုင်းဆိုင်ရာ အချက်အလက် များရရန် ကရင်ပြည်နယ် သို့ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။


ကရင်ပြည်နယ်တွင် တန်ဖိုးမဖြတ် နိုင်သော ရှေးဟောင်း အမွေအနှစ် များစွာရှိနေပြီး ကော့ကွန်းဂူမှာ ၇ ရာစုနှစ် လောက်က ကျောက်စာများ ပါရှိနေပြီး အခြားသော ထုံးကျောက်ဂူ များတွင်လည်း ရှေးဟောင်း လက်ရာ အများအပြား ကျန်ရှိ နေနိုင်သေးပြီး လေ့လာမှုများ ပြုလုပ်ရန် လိုအပ် နေသေးကြောင်း သိရသည်။



ကရင်ပြည်နယ်သည် နိုင်ငံတကာ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်သော ဒေသကြီးဖြစ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ နှင့် နယ်စပ်မြို့ကြီး နှစ်မြို့ထိစပ်နေမှု များကြောင့် နိုင်ငံတကာ ခရီးသွား အများအပြား လာရောက်ရာ ထိုင်းနိုင်ငံမှ တစ်ဆင့် လာရောက် လည်ပတ်ရန် အကောင်းဆုံး အနေအထား တွင်ရှိနေပြီး ကရင်ပြည်နယ် ခရီးသွား လုပ်ငန်းမှ ၀င်ငွေ အများအပြား ရရှိနိုင်သော အခြေအနေ တွင် ရှိကြောင်း သိရှိရသည်။

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းသည့် ဥပဒေ ပြန်ဆွေးနွေးရန် ကော်မရှင် တောင်းဆို

From : .. the voice

ပြည်သူ့လွှတ်တော်က ဆက်ဆွေးနွေးရန် ဆိုင်းငံ့ထားသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေကို ဆက်လက် ဆွေးနွေးပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ စာပို့ တောင်းဆိုထားကြောင်း လွှတ်တော် ကိုယ်စားလှယ် များထံမှ စုံစမ်း သိရှိရသည်။

နိုင်ငံသားတိုင်းသည် မိမိတို့ မဲဆန္ဒနယ်အတွက် လွှတ်တော် ကိုယ်စားလှယ် ကို ရွေးကောက် တင်မြှောက်ခွင့် ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၉ အရ ပြန်လည် ရုပ်သိမ်းပိုင်ခွင့်လည်း ရှိသည့်အတွက် အဆိုပါ ဥပဒေ ကို ပြန်လည် ဆွေးနွေးရန် တိုက်တွန်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ပေးပို့ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေကြမ်းကို သြဂုတ်လ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော် တွင် ဆွေးနွေးရာ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ က ဆွေးနွေးခြင်းကို ရွေ့ဆိုင်းရန် တင်ပြချက်ကြောင့် ဆိုင်းငံ့ ထားခြင်း ဖြစ် သည်။

အဆိုပါဥပဒေကို အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆက်လက် ဆွေးနွေး အတည်ပြု သင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များက တင်ပြ ဆွေးနွေးခဲ့သည်။

ယင်း ဥပဒေနှင့် ပတ်သက်၍ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် အချို့နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အချို့ လွှတ်တော်တွင်း အချေအတင် ဆွေးနွေးခဲ့ကြကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းခဲ့ပြီး ၁၉၇၄ ခုနှစ် ဆိုရှယ်လစ် အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်လည်း ထည့်သွင်း ထားသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့က ဆိုသည်။



.


ချစ်ခြင်းမေတ္တာနှင်.ကျန်းမာရေး




လောကကြီးသာယာလှပဖို့အတွက်ချစ်ခြင်း မေတ္တာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်. . လူတိုင်းအချစ်နဲ့ မကင်းနိုင်ကြပါဘူး . . . တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အချစ်နဲ့ကြုံတွေ့ကြမှာပါ. . .
အချစ်ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုး
ဖွင့်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူမှ ဘယ်လိုမှ ရှင်းပြလို့မရနိုင်
လောက်အောင် နက်နဲကတဲ့ ခံစားမှုမျိုးပါ . .


ချစ်ခြင်းမေတ္တာဟာ အန်မတန်ကိုမှ ဆန်းကြယ်လွန်းလှပါတယ် . . . ဆေးပညာရှုဒေါင့်က ကြည့်မယ်ဆိုရင်
တော့ တစ်စုံ တစ်ယောက်အပေါ်မှာ ချစ်မေတ္တာယိုစိမ့်တဲ့ အခါ ချစ်တဲ့သူမှာရော
အချစ်ခံရသူမှာပါ စိတ်ပျော်ရွှင်ကြည်နူးကြရုံမျှ မက ကိုယ်ကျန်းမာရေးရော ၊
စိတ်ကျန်းမာရေးအတွက်ပါ အန်မတန် အကျိုးပြုတာကို တွေ့ရပါတယ် . . . .

ချစ်ခြင်းမေတ္တာနဲ့ ကျန်းမာရေးက အံ့အားသင့်ဖွယ် နည်းလမ်းတွေနဲ့ ဆက်စပ်မှုရှိနေတာ တွေ့ရပါတယ်
ချစ်ခြင်းမေတ္တာ ဟာ လူသားတွေကို ပျော်ရွှင်စေရုံမျှမက ကိုယ်ခံအားကောင်းစေကာ
ရောဂါတွေ တိုက်ဖက်ပေးပါတယ်. . . ဒါအပြင် တခြားကျန်းမာရေးအတွက်
ကောင်းကျိုးများစွာလည်း ရှိပါတယ်. . . . ချစ်နေတဲ့သူနဲ့ အချစ်ခံရသူမှာ
ချစ်နေတဲ့သူက ကျန်းမာရေးအတွက် ကောင်းကျိုးကို ပိုခံစားရနိုင်ပါတယ်. . . .
ဒါပေမယ့် ချစ်တတ်ဖို့လည်း လိုတာပေါ့ နော်. .

ပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ပါက သ၀န်တိုမှု၊ မနာလိုမှု နဲက တခြားသော သောကအပူမီးတွေ ပါလာနိုင်ပါတယ်.
. . ချစ်နေရရင်ပြီးရော ဆို ကာ မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်တတ်ပါမှ
ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်. . .
အချစ်က ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုရင်. . .

အချစ်က နုပျိုစေနိုင်တယ်
အချစ်က အသက်ရှည်စေနိုင်တယ်
အချစ်က ကိုယ်ခံအားကောင်းစေနိုင်တယ်
အချစ်က သွေးတိုးကာကွယ်ပေးတယ်
အချစ်က နှလုံးအတွက် ကောင်းစေတယ်
အချစ်က ကိုလက်စထရောပမာဏ လျှော့ချပေးတယ်
အချစ်က နာကျင်မှုကို သက်သာစေနိုင်တယ်.
အချစ်က ညဏ်ကောင်းစေတယ်
အချစ်က စိတ်ဖိစီးမှု လျော့နည်းစေတယ်
အချစ်က ကျန်းမာရေးအလေ့အကျင့်ကောင်းတွေ ကို ရစေနိုင်တယ်တဲ့ . . . .
အဓိကကတော့ ဘာကာလာမှ မရော အချစ်သန့်သန့်လေးနဲ့ ချစ်တတ်ဖို့ပါပဲ . . .
ပိုင်ဆိုင်လိုစိတ်တွေက အပူမီးတောက်လောင်စေကာ အချစ်ကို အရောင်ဆိုးလိုက်သလို
ကိုယ်ချစ်နေတဲ့ သူစိတ်ချမ်းသာ ပျော်ရွှင်နေတာကို မြင်ရုံနဲ့ ကျေနပ်
ပီတိစိတ်မွေးပါ. . . . မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တတ်ပါက စိတ်ချမ်းသာ
ကိုယ်ကျန်းမာ ပြီး လောကကြီးက နေပျော်လာပါလိမ့်မယ် . . .

ကိုးကား

နုမြတ် (ဆေး -၁) (အာရောဂျံ)

အမျိုးသမီးပါးကို ဓားဖြင့်ခြစ်မှုအတွက် ၅ ဦးကို ဖမ်းဆီး


ရန်ကုန်မြို့က အမျိုးသမီးတယောက်ရဲ့ပါးကို ဓားနဲ့ခြစ်မှုအတွက် သံသယဖြစ်ဖွယ် ၅ ယောက်ကို စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook မှာ ရေးထားတာကို ကူးယူ ဖော်ပြလိုက်ပါတယ်။၂၆.၈.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ဒေါ်ချိုချိုဝင်း၊ (၄၆)နှစ်၊ (ဘ)ဦးစိန်ဝင်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူသည် တောင်ဥက္ကလာပ မြို့နယ်၊ အ.ထ.က(၃)ကျောင်းသို့ ကျောင်းကြိုရန် ဆိုက္ကားဖြင့်သွားစဉ် ကျောင်းလမ်းဆုံအရောက်၌ အမည်မသိလူ(၂)ဦးအနက်တစ်ဦးက ဆိုက္ကားအားတားကာ ကျန်တစ်ဦးမှသံပြားဝိုင်းဖြင့်ခြစ်ခဲ့သဖြင့်
ဒေါ်ချိုချိုဝင်း၏ ယာပါးတွင် ၃လက်မခန့် ဒေါင်လိုက်ပြတ်ရှဒဏ်ရာရရှိခဲ့သောကြောင့် အရေးယူပေးပါရန် ဒေါ်ချိုချိုဝင်းမှ တိုင်တန်းခဲ့၍
တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၃၁၂/၂၀၁၃၊ ပုဒ်မ ၃၂၆/၃၄၁/၁၁၄ ဖြင့် အရေးယူကာ စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ တပ်ဖွဲ့ဝင်များမှ အချိန်နှင့်တပြေးညီ စုံစမ်းဖေါ်ထုတ်ခဲ့ရာ
ပြစ်မှုကျူးလွန်သူတရားခံများဖြစ်သည့် လှဌေး၊ (ဘ)ဦးကျော်သိန်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ လှတိုး၊ (ဘ)ဦးစံရင်၊ (၁၃)ရပ်ကွက်၊ (၁၀)တောင်၊ သာကေတမြို့နယ်၊
ဟိန်းမင်းလတ်(ခ)အောင်အောင်၊ (ဘ)ဦးဖိုးထောင်၊ အားကစားကွင်းဝင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မိုးသူ၊ (ဘ)ဦးသန်းဌေး၊ မှော်စက်ရပ်ကွက်၊ ဒလမြို့နယ်နှင့် ဇော်ကြီး၊ (ဘ)ဦးသောင်းစိန်၊ ကျန်စစ်သားရပ်ကွက်၊ ဒလမြို့နယ်နေသူတို့(၅)ဦးအား ပြစ်မှုကျူးလွန်ပြီး(၃)ရက်အတွင်း ဖေါ်ထုတ် ဖမ်းဆီးရမိခဲ့ပါသည်။

အမှုဖြစ်စဉ်မှာ ဒဏ်ရာရရှိသူဒေါ်ချိုချိုဝင်းနှင့်အိမ်ချင်းကပ်လျက်နေ လှဌေး (မြေပဲယိုလုပ်ငန်း) တို့မှာ မုန့်လုပ်စဉ်အညှော်နံ့ နံသည့်ကိစ္စဖြင့် မကြာခဏစကားများခဲ့ကြသည့်အတွက် လှဌေးမှ မကျေမနပ် ဖြစ်ကာ
ဒေါ်ချိုချိုဝင်း၏ မျက်နှာအားရုပ်ဆင်းပျက်အောင် လုပ်ပေးရန်အတွက်
ထောင်ထွက်(၂)ဦးဖြစ်သည့် လှတိုးနှင့်ဟိန်းမင်းလတ်(ခ)အောင်အောင်တို့အား ငွေကျပ်(၅)သိန်းဖြင့် ငှါးရမ်းခဲ့ကြောင်း၊

လှတိုးနှင့်ဟိန်းမင်းလတ်(ခ)အောင်အောင်တို့က ၎င်းတို့ကိုယ်တိုင် ကျူးလွန်ခြင်းမပြုဘဲ မိုးသူနှင့် ဇော်ကြီး တို့(၂)ဦးအား ထပ်မံခိုင်းစေခဲ့သဖြင့်
အခင်းဖြစ်ပွားသည့်အချိန်၌ ဒေါ်ချိုချိုဝင်းစီး လာသောဆိုက္ကားရှေ့တွင် ဇော်ကြီးမှပိတ်ရပ်ကာ မိုးသူမှခဲတံချွန်ခေါက်ဓါးဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးအား ဆွဲခြစ်ကျူးလွန်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊

လှဌေးက ငှားရမ်းခငွေကျပ်(၅)သိန်းအား လှတိုးထံပေးအပ်ခဲ့ရာ လှတိုးကငွေကျပ်(၂၃၀၀၀၀)ယူကာ၊ ဟိန်းမင်းလတ်(ခ)အောင်အောင်အား ငွေကျပ် (၁၈၀၀၀၀)၊ မိုးသူနှင့် ဇော်ကြီးတို့အား တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀)စီ ခွဲဝေပေး အပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ဒေါ်ချိုချိုဝင်းနှင့် အခင်းဖြစ်နေရာတွင် ပြစ်မှုကျူးလွန်ခဲ့ကြသူ တရားခံ(၂)ဦးမှာ ရန်ငြိုးရန်စနှင့် တိုက်ရိုက်ဆက်စပ်ပတ်သက်သိရှိမှုမရှိဘဲ တရားခံ(၂)ဦးမှ ငွေကြေးရရှိ၍ ပြစ်မှုကျူးလွန်ခဲ့ကြခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

ဧရာဝတီ

တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းကြိုသွားသည့် အမျိုးသမီး၏ပါးကို ဓါးဖြင့် ခြစ်ခဲ့သည့် တရားခံများအား (၃)ရက်အတွင်းဖေါ်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၃၀

ပြည်ပဆားများ ပြည်တွင်းသို့ ၀င်ရောက်မှု များပြားလာသဖြင့် ပြည်တွင်းဆားဈေးကွက် အခြေအနေ ယိုင်နဲ့နေ





ပြည်တွင်း ဆားထုတ်လုပ် သူများသည် အိမ်နီးချင်း နိုင်ငံများမှ ထုတ်သော အရည်အသွေးမြင့် ဆားများကို မယှဉ်ပြိုင် နိုင်သဖြင့် ဆားထုတ်လုပ်ငန်း ကွယ်ပျောက်လု နီးအခြေအနေ နှင့် တွေ့ကြုံ နေရကြောင်း သိရသည်။


ပြည်တွင်း ဆားဈေးကွက်သို့ ထိုင်းနိုင်ငံ ၊ အိန္ဒိယနိုင်ငံ တို့မှ အရည်အသွေးမြင့် ဆားဈေးများ ပြည်တွင်း ဈေးကွက် သို့ တင်သွင်း နေသည့် ဆားများမှာ လူကြိုက်များပြီး ပြည်တွင်းဖြစ် ဆားများမှာ မယှဉ်နိုင် ကြောင်း သိရသည်။အဆိုပါ ဆားဈေးနှုန်း ကွာခြားခြင်းမှာ ပြည်တွင်းရှိ ဆားထွက်ရာ ဒေသဖြစ်သော ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် ရှိ ဆားလုပ်ကွက်များ မှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ကာလမှစ၍ ယခုအချိန်ထိ ယခင် လုပ်ကိုင် နေသည့် လူများထဲမှ အနည်း အကျဉ်းသာ ဝင်ရောက် လုပ်ကိုင်နေပြီး ယင်းသို့ လုပ်ကိုင် နေသည့် သူများမှာ နည်းပညာ အခက်အခဲ များကြောင့် ဆားဈေးကွက် ကို မယှဉ်ပြိုင် နိုင်ဘဲ အခက်များနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။

ယခုအချိန်တွင် ဆားလုပ်ကွက် ဧက တစ်သောင်းကျော် ရှိသည့်အနက် ၁၇၁ ဧက လောက်သာ လုပ်ကိုင် နေခြင်းတို့ကြောင့် ယခင် ဆားလုပ်ငန်း ကို မှီခို လုပ်ကိုင် သူများမှာ မြို့ကြီးများသို့ ပြောင်းရွှေ့ အလုပ်လုပ်ကိုင် နေရကြောင်း သိရသည်။

" ကျွန်တော်တို့ ဆီမှာ ဆားလုပ်ကွက် အများကြီး ရှိပါတယ် ၊ နာဂစ် မုန်တိုင်း အပြီး ရာသီဥတု ဆိုးဝါးသဖြင့် ဆားထွက်ရှိမှု ကလည်း လျော့ကျ သွားပါတယ် ၊ လုပ်တဲ့ သူတွေလည်း သိပ်မလုပ် နိုင်ဘူး ၊ အခုလို ဖြစ်တော့ ပြည်ပလုပ် ဆားများ ၀င်ရောက် လာခဲ့ပြီး ဒီဆားတွေကို ဘယ်လိုမှ မကျော်နိုင်ဘူး ... " ဟု မြန်မာ ဆားလုပ်ငန်း ကြီးကြပ်သူ ဦးအုန်းသန်း က ပြောကြား ခဲ့သည်။

ထိုသို့ ဆားဈေးကွက်များ ကျဆင်းနေမှုကို ပြင်လည် မြှင့်တင်ပေးရန် သတ္ထုတွင်း ၀န်ကြီးဌာန သို့တင်ပြကာ စက်မှု နည်းပညာ များကို ပံ့ပိုး ကူညီ ဆောင်ရွက် ပေးစေရန် တင်ပြထားကြောင်း ယင်းမြို့နယ်ရှိ ဆားလုပ်ငန်းရှင် များက ပြောကြားကြောင်း သိရှိရသည်။

ဒဂုံတက္ကသိုလ်ရိပ်မွန်အိမ်ရာနေ ကျောင်းသားများ မြွေဆိုးအန္တရာယ်ရင်ဆိုင်နေရ


ရန်ကုန်- ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံတက္ကသိုလ်မှ ကျောင်းသားများ အများဆုံးနေထိုင်သော ဒဂုံတက္ကသိုလ်ရိပ်မွန် ဥယျာဉ်မြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းကာ ကာလကြာရှည်ရေ၀ပ်နေမှုများကြောင့်မြွေဆိုးအန္တရာယ်ကြုံတွေ့နေရကြောင်း တက္ကသိုလ်ကျောင်းသားများက ပြောသည်။

“တက္ကသိုလ်တက်ဖို့ နယ်ကနေ ဒီမှာအဆောင်လာနေတာ။ ဒီဘက်မှာ အရင်ကတည်းက မြွေတွေရှိပေမယ့် အခုမိုးတအားရွာပြီး ရေတွေဝပ်တယ်။ လမ်းမီးတွေကလည်း ပြတ်တော့ မြွေတွေက လမ်းပေါ်တက်လာတယ်။ ကျွန်တော်ဆိုရင် လမ်းလျှောက်နေရင်း လမ်းမပေါ်တက်ခွေနေတဲ့ မြွေပွေးကို တက်နင်းမိလို့ အကိုက်ခံရတာ” ဟု မကြာမီရက်ပိုင်းအတွင်း မြွေကိုက်ခံရပြီး သြဂုတ် ၂၉ ရက်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံမှ ဆင်းလာသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

ဒဂုံတက္ကသိုလ်ရိပ်မွန်ဥယျာဉ်မြို့တော်သည် ဒဂုံတက္ကသိုလ်၏ အရှေ့ဘက်တွင်တည်ရှိပြီး နယ်မှလာသော ကျောင်းသားများ အများဆုံး ငှားရမ်းနေထိုင်ကြကာ အဆောင်များပတ်ပတ်လည်တွင် ကြာရှည်စွာအသုံးမပြုဘဲထားရှိသော လယ်ကွင်းများရှိပြီး နှစ်စဉ်မြွေဆိုးအန္တရာယ်ကို ရင်ဆိုင်နေရသော်လည်း ယခုနှစ်တွင် ပိုမိုဆိုးရွားလာသော ရာသီဥတုအခြေအနေကြောင့် မြွေဆိုးအန္တရာယ် ပိုမိုကြီးမားလာကြောင်း သတင်းရရှိသည်။

“အခုတလောပတ်ဝန်းကျင်မှာ မြွေတွေတော်တော်တွေ့လာတယ်။ မိုးကြီးလို့ လယ်ကွက်တွေထဲမှာ ရေတွေဝပ်နေတော့ ကုန်းမြေရှိတဲ့ လမ်းမပေါ်တက်လာတယ်။ ကျောင်းသားတွေကလည်း အများစုက ညဘက်ကျမှ အိမ်ပြန်လာကြတော့ အိမ်အပြန်လမ်းမှာ မြွေကိုက်ခံရတာတွေက ခဏခဏရှိနေပြီ” ဟု အဆိုပါဝင်းအတွင်း နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဒဂုံတက္ကသိုလ်ရိပ်မွန်အတွင်း တက္ကသိုလ်ကျောင်းသား ၁၀၀၀ ခန့် နေထိုင်ပြီး ဇွန်လမှ သြဂုတ်လအတွင်း မြွေပွေးအကိုက်ခံရသူ ခြောက်ဦးခန့် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

“မြွေပွေးကိုက်ခံရရင် အဆိပ်အနည်းအများပေါ် မူတည်ပြီး တတ်နိုင်သမျှအမြန်ဆုံးမြွေဆိပ်ဖြေဆေးထိုးဖို့ လိုအပ်တယ်။ လူနာ အခြေအနေပေါ်မူတည်ပြီး မြွေဆိပ်ဖြေဆေး အနည်းဆုံး လေးလုံးကနေခြောက်လုံးလောက် ထိုးရတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု၏ ၉၀ ရာခိုင်နှုန်းသည် မြွေပွေးဖြစ်ကာ ၁၀ ရာခိုင်နှုန်းသည် မြွေဟောက်ဖြစ်သည်။ နိုင်ငံတွင်း နှစ်စဉ် မြွေဆိပ်ဖြေဆေး လုံလောက်စွာ ဖြန့်ဖြူးထုတ်လုပ်ပေးနိုင်ခြင်းမရှိသဖြင့် မြွေကိုက်ခံရမှုကြောင့် လူသေဆုံးမှုလျော့ကျမသွားသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်နှင့် ရေကြည်မြို့ တိုက်နယ်ဆေးရုံများသို့ မြွေဆိပ်ဖြေဆေးလှူဒါန်းပေးအပ်ပွဲတစ်ခု၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၅ မှ ၂၀၁၀ ပြည့်နှစ်အထိ အဆိပ်ရှိသတ္တ၀ါကိုက်ခံရမှုဖြစ်စဉ်၁၅၀၀၀ ခန့် ရှိပြီး ပျမ်းမျှလူဦးရေ ၄၀၈ ဦး သေဆုံးခဲ့ပြီး ၂၀၁၁ တစ်နှစ်တည်းတွင်မူ ဖြစ်စဉ်တစ်သောင်းကျော်တွင် သေဆုံးသူ ၂၅၃ ဦး သာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

7Day News Journal

Related Posts Plugin for WordPress, Blogger...