Monday, September 2, 2013

ဆန္ဒပြ ပြည်သူများကို သတ်ဖြတ်ရန် လှုံ့ဆော်မှုဖြင့် မော်စီကို စွဲချက် တင်မည်


Monday, September 2, 2013

အီဂျစ်အစိုးရသည် သမ္မတဟောင်း မိုဟာမက် မော်စီအား ဆန္ဒပြ
ပြည်သူများကို သတ်ဖြတ်ရန် လှုံ့ဆော် စေခိုင်းမှုဖြင့် စွဲချက်တင်ရန် စီစဉ်နေကြောင်း သိရှိရသည်။ အီဂျစ် အစိုးရ ရှေ့နေများက ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလတွင် ကိုင်ရိုမြို့တော်ရှိ သမ္မတနန်းတော် အပြင်ဘက်တွင်
ဖြစ်ပွားသော အကြမ်းဖက် ပဋိပက္ခများနှင့် စပ်လျဉ်းပြီး မော်စီကို စွဲချက်တင်ရန် ကြိုးစားနေကြောင်း ပြောဆိုခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့များနှင့် ဆန္ဒပြသူများကြား အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ထိုစဉ်က အနည်းဆုံး လူ(၇)ဦးမျှ သေဆုံးခဲ့သည်။ မော်စီ အစိုးရကို အားပေး
ထောက်ခံခဲ့သည့် မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့မှ အဖွဲ့ဝင် (၁၄)ဦးကိုလည်း အလားတူ စွဲချက်ဖြင့် တရားစွဲဆိုရန် စီစဉ်နေသည်။

မော်စီသည် ဇူလိုင်လက အာဏာသိမ်းခံရပြီး ကတည်းက လျှို့ဝှက်နေရာ တစ်ခုတွင် ထိန်းသိမ်း ခံထားရသည်။ ၎င်းသည် အခြားစွဲချက် အများ
အပြားနှင့်လည်း ရင်ဆိုင်ရဖွယ် ရှိနေသည့်တိုင် ယခုစွဲချက်သည် ပထမဆုံး တရားရုံးတင်မှု ဖြစ်လာနိုင်ကြောင်း သိရသည်။

၎င်းရာထူးမှ ပြုတ်ကျပြီးကတည်းက စစ်တပ်က ထောက်ခံသော ကြားဖြတ် အစိုးရသည် မော်စီလိုလားသည့် ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွဲမှုများ
ပြုလုပ်ခဲ့သည်။ (၂၀၁၂)ခုနှစ်၊ ဒီဇင်ဘာလက (၄)ရက်နေ့က ထောင်နှင့်
ချီသော ဆန္ဒပြသူများသည် မော်စီအစိုးရကို ဆန့်ကျင်ကြောင်း သမ္မတ နန်းတော်ရှေ့တွင် စုရုံးခဲ့ပြီး ထိုစဉ်က လုံခြုံရေး တပ်ဖွဲ့များနှင့် ပဋိပက္ခများ
ဖြစ်ပေါ်ခဲ့ပြီး ယင်းအတွက် ယခုအချိန်တွင် စွဲချက်တင်ရန် စီစဉ်လာခြင်းလည်း
ဖြစ်သည်။

Planet Myanmar Network

လန်ဒန်မြို့မှ နော့တင်ဟေးလ် ကာနေဗယ်လ်ပွဲတော်


အဆိုပါ ပွဲတော်ကို (၁၉၆၆)ခုနှစ် ကတည်းက ပုံမှန် ကျင်းပလာခြင်း ဖြစ်သည်။ နော့တင်ဟေးလ် ကာနေဗယ်လ်သည် လူအများ လမ်းပေါ်ထွက်လာကာ ကျင်းပကြသည့် ဥရောပ၏ အကြီးဆုံး ပွဲတော်တစ်ခုလည်း ဖြစ်သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ကန်ဆင်တန်နှင့် ချယ်လ်ဆီးအရပ်ရှိ လမ်းမများပေါ်တွင် နှစ်စဉ် ပြုလုပ်မြဲဖြစ်သည့် နော့တင်ဟေးလ် ကာနေဗယ်လ် ပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲတော်ကို (၁၉၆၆)ခုနှစ် ကတည်းက ပုံမှန် ကျင်းပလာခြင်း ဖြစ်သည်။ နော့တင်ဟေးလ် ကာနေဗယ်လ်သည် လူအများ လမ်းပေါ်ထွက်လာကာ ကျင်းပကြသည့် ဥရောပ၏ အကြီးဆုံး ပွဲတော်တစ်ခုလည်း ဖြစ်သည်။ ယခုနှစ်တွင်မူ (၂)ရက်ကြာ အချိန်သတ်မှတ် ကျင်းပခဲ့သည်။ ကာရေဘီယန် ဒေသတွင် ခေတ်စားသည့် ကာနေဗယ်လ် ပွဲတော်များကဲ့သို့ပင် လှပဆန်းကျယ်စွာ တောက်တောက်ပြောင်ပြောင် တန်ဆာဆင်ထားသော ဘီကနီများ၊ ငှက်မွှေးငှက်တောင်နှင့် အလှဆင်ထားသည့် ဖက်ရှင်များ၊ ထူးထူးဆန်းဆန်း ဝတ်စားဆင်ယင်ပုံများနှင့်အတူ လူအများအပြား လမ်းပေါ်လှည့်လည် ကပြကြသည်။

ထူးခြားသော အသွင်အပြင်နှင့် ယာဉ်ကြီးများကိုလည်း အလှဆင် ဖန်တီးပြီး လှည့်လည်ကြသည်။ ယခုနှစ် နော့တင်ဟေးလ် ကာနေဗယ်လ် ပွဲတော်တွင် လုံခြုံရေး ဆောင်ရွက်ရင်း လူအများနှင့်အတူ ပျော်ရွှင်စွာ ဝင်ရောက်ကခုန်ခဲ့သည့် လန်ဒန်ရဲတပ်ဖွဲ့ဝင် အချို့၏ ဗီဒီယိုမှာ အင်တာနက်တွင် လူကြိုက်အများဆုံး ရယ်ရွှင်ဖွယ် မှတ်တမ်း တစ်ခုလည်း ဖြစ်လာခဲ့သည်။ ပွဲတော်တွင် အရက်သေစာ သောက်စားမှု၊ ရမ်းကားမှုကြောင့် လူပေါင်း (၁၆၀)ကျော်ကိုမူ ရဲများက ခေတ္တ ထိန်းသိမ်းခဲ့ရကြောင်းလည်း သိရသည်။ ထို့အပြင် လန်ဒန် ကြက်ခြေနီ ရဲတပ်ဖွဲ့သည် ခိုက်ရန်ဖြစ်ပွားမှု ပြဿနာ အချို့ကြောင့် လူ(၃၀၀)ဝန်းကျင်ကို အသေးစား ကုသမှုများ ပြုလုပ်ပေးခဲ့ရကြောင်းလည်း ဆိုသည်။ ယခုနှစ် နော့တင်ဟေးလ် ကာနေဗယ်လ်တွင် နိုင်ငံခြား ကမ္ဘာလှည့် ခရီးသည်များ အပါအဝင် လူ(၁)သန်းကျော် တက်ရောက်ခဲ့သည်ဟုလည်း သတင်းများက ခန့်မှန်း ဖော်ပြသွားသည်။

Planet Myanmar Network

ဒေါ်လာ ၉၀၀၀ နီးပါးတန်ကြေးရှိ ပုလဲလည်ဆွဲနှင့် ပုလဲရင်ထိုးနှစ်ခုကို အမေရိကန်သမ္မတကတော်အတွက် မြန်မာသမ္မတ လက်ဆောင်ပေးခဲ့


ဒေါ်လာ ၉၀၀၀ နီးပါးတန်ကြေးရှိ ပုလဲလည်ဆွဲနှင့် ပုလဲရင်ထိုးနှစ်ခုကို အမေရိကန်သမ္မတကတော်အတွက် မြန်မာသမ္မတ လက်ဆောင်ပေးခဲ့

Credit:ပြည်မြန်မာ

"မိခင်တစ်ယောက်ရဲ့ မုသားဖြူ ၈ ခု"




အလွန် ဆင်းရဲနုံချာလှတဲ့ ဘ၀တွေအဖြစ် မွေးဖွားခဲ့ရတဲ့အတွက် အဲဒီ့ အိမ်လေးမှာ ၀လင်အောင်စားဖို့ စားစရာ လုံလုံလောက်လောက် ဘယ်တော့မှ မရှိခဲ့ပါဘူး ...။
စားစရာ နည်းနည်းလောက် ရလာခဲ့ရင် ... အမေဖြစ်သူက သူ့သားလေးကို ပြောလေ့ရှိတယ် ...
"ဒီထမင်းခဲလေးကို သားလေး စားလိုက် .. အမေကတော့ မဆာဘူး သားရဲ့ ..."

ကလေးလေး အသက်နည်းနည်းကြီးလာတော့ အမေဖြစ်သူက အလုပ်လုပ်ပြီးလို့ အချိန်ပိုရင် အိမ်နားကမြစ်ထဲမှာ ငါးနည်းနည်းလောက် ရလိုရငြား သွားမျှားလေ့ရှိတယ် ...။ သူ့သားအတွက် အာဟာရဖြစ်တဲ့ အစားအသောက်နည်းနည်းလောက်ပဲ ဖြစ်ဖြစ် ကျွေးချင်လို့ပေါ့ ...။ ငါးသွားမျှားတိုင်း သူမဟာ ငါးနှစ်ကောင်လောက် ရတယ်...။ တစ်ကောင်ကိုတော့ ငါးစွပ်ပြုတ် လုပ်ပေးတယ် ... သူ့သားလေးအတွက်ပေါ့...။
သူ့သား ငါးစွပ်ပြုတ်လေးသောက်ပြီး ငါးကြော်စားနေတဲ့အချိန်မှာ သူကတော့ ကျန်တဲ့ အရိုးလေးတွေနဲ့ ဘေးမှာ ထိုင်စားနေတာပေါ့ ...။
ကလေးဟာ သူ့အမေဒီလို အရိုးအရင်း အကျန်လေးတွေနဲ့ စားနေတာကိုမြင်ရပြီး စိတ်မကောင်းတော့ သူ့အမေကို သူ့ပန်းကန်ထဲက ငါးကြော်အသားလေးတွေဖဲ့ပြီး ထည့်ပေးတယ် ...။ ဒါပေမယ့် အမေဖြစ်သူက
"သားစားမှာသာစားစမ်းပါကွယ် ... အမေက ငါး မကြိုက်ဘူး သားရဲ့ ..." တဲ့။

သားလေးအရွယ်ရောက်လာတော့ အမေဖြစ်သူဟာ သူ့သားပညာရေးအတွက် အလုပ်ပိုပြီး ကြိုးစားလုပ်ရတယ် ...။
အ၀တ်ချုပ်တဲ့အိမ်က အ၀တ်တွေကို အိမ်ယူလာပြီး လက်ချုပ်လိုက်ပေးရတယ် ...။
ဒါက သူ့သားလေး ပညာရေးရှေ့ဆက်ဖို့ ငွေရှာတဲ့နေရာမှာ တစ်စိတ်တစ်ပိုင်းတော့ အထောက်အကူပြုနိုင်တယ်လေ ...။
ဆောင်းညတစ်ည တော်တော်ညဥ့်နက်နေတဲ့အချိန်မှာ ... သားဖြစ်သူ အိပ်ရာကနိုးလာပြီး သူ့အမေတစ်ယောက် ဖယောင်းတိုင်မီးလေးနဲ့ တကုပ်ကုပ် အ၀တ်ချုပ်နေတာကိုမြင်လိုက်တယ် ...။
ကောင်လေးက "အမေ မအိပ်သေးဘူးလား" လို့မေးလိုက်တော့ ...
"သားလေးပြန်အိပ် ပြန်အိပ် .. အမေ မအိပ်ချင်သေးလို့ ရှိတဲ့ အလုပ်လေးတွေ လက်စသတ်နေတာ" ဆိုပြီး သူမက ပြုံးပြီးပြောတယ် ...

သူ့သားလေး အတန်းတင်စာမေးပွဲရောက်တဲ့ အချိန်မှာ ...သားနဲ့အတူ ကျောင်းကို လိုက်စောင့်ပေးခဲ့တယ် ...။ သူ့သားစာမေးပွဲဖြေလို့ မပြီးမချင်း နေပူအောက်မှာ နာရီများစွာ ရပ်စောင့်နေခဲ့တယ် ...။ သူ့သား စာမေးပွဲခန်းထဲက ထွက်လာတော့ ချက်ချင်း အမေရှိရာဆီကို ပြေးလာခဲ့တယ် ...။
အဲဒီ့အချိန်မှာ အမေဖြစ်သူက သားလေးအတွက် ကြိုဝယ်ထားတဲ့ လက်ဖက်ရည်ခွက်လေးကို ကမ်းပေးလိုက်တယ် ...။ သားဖြစ်သူဟာ သူ့အမေ နေပူထဲမှာ ချွေးတွေအတော်ထွက်နေတာကို မြင်သွားတော့ ... လက်ဖက်ရည်ခွက်လေးကို သူ့အမေဆီကိုလှမ်းလိုက်ရင်း "အမေလည်းသောက်လေ"ဆိုပြီး ပြောလိုက်တယ်။ ဒါပေမယ့် အမေဖြစ်သူကတော့ ...
"သားပဲသောက်ပါကွယ် ... အမေ ရေမဆာပါဘူး" တဲ့ ...။

ကလေးရဲ့ အဖေဖြစ်သူ ဆုံးပါးသွားကတည်းက အမေဖြစ်သူဟာ တစ်ယောက်တည်းနဲ့ သူ့သားကို ပြုစုစောင့်ရှောက်ခဲ့တယ် ...။ အလုပ်တွေလုပ်ရတယ် .. စားရိတ်တွေကို မျှတအောင်ကြိုးစားရတယ် ... မငတ်အောင်ရုံးကန်ခဲ့ရတယ် ...။ အိမ်နီးချင်းတွေက ဆင်းရဲတွင်းနက်နေတဲ့ သူတို့ဘ၀ကို မြင်တော့ အမေဖြစ်သူကို နောက်ထပ်အိမ်ထောင်ပြုဖို့ တိုက်တွန်းကြတယ် ...။ ဒါပေမယ့် အဲလိုလာပြောကြတိုင်း အမေလုပ်သူက ငြင်းတယ် ...
"ကျွန်မအတွက် အချစ်ဆိုတာ မလိုအပ်ပါဘူး" တဲ့ ...။

သားဖြစ်သူ ပညာရေးမှာ အောင်အောင်မြင်မြင်ပြီးဆုံးသွားတော့ အလုပ်တစ်ခုရတယ် ... အဲတော့ သူ့အမေကို "အမေပင်ပန်းလှပြီ .. အလုပ်မလုပ်ပါနဲ့တော့" ဆိုပြီး ပြောတယ် ...။ ဒါပေမယ့် သူမဟာ မနက်တိုင်း ဈေးမှာ အသီးအရွက်တွေရောင်းဖို့ သွားမြဲ သွားဆဲပါပဲ ...။ သူ့သား သူ့ကိုပို့ပေးတဲ့ ပိုက်ဆံတွေကို အမြဲတမ်း ပြန်ပို့တယ် ...။ ဒီလိုပြောရင်းနဲ့ပေါ့ ...။
"အမေ့မှာ ပိုက်ဆံရှိပါတယ် သားရယ်"

သားဖြစ်သူဟာ လစာကောင်းတဲ့ အလုပ်ကိုရရှိသွားတော့ သူ့အမေကို အမေရိကားကို ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ် ... သူအခု ရှိနေတဲ့နေရာပဲလေ ...။ ဒါပေမယ့် အမေဖြစ်သူဟာ သူ့သားကို သူ့အတွက် ဒုက္ခမခံစေချင်ဘူး ... ၀န်ထုတ်ဝန်ပိုးမဖြစ်စေချင်ဘူး ...
"အဆင့်အတန်းမြင့်တဲ့ နေရာ တွေမှာ အမေမနေတတ်လို့ပါသားရယ် ... ကိုယ့်ဇာတိမြေမှာပဲ အမေနေချင်ပါတယ်" တဲ့ ...။

အသက်အရွယ်တော်တော်ရလာတော့ ... အမေဖြစ်သူဟာ ကင်ဆာရောဂါခံစားရပြီး ဆေးရုံတင်ထားလိုက်ရတယ် ...။ ပင်လယ်တွေခြားနေတဲ့ သားဖြစ်သူဟာ ခွဲစိတ်မှုပြီးလို့ အိပ်ယာပေါ်လှဲနေရတဲ့ သူ့အမေဆီကို အလျှင်အမြန်နဲ့ ပြန်လာခဲ့တယ် ...။ သားဖြစ်သူကိုမြင်တော့ သူမကြိုးစားပြီး ပြုံးလိုက်တယ် ...။ ဒါပေမယ့် သူ့အမေဟာ အရမ်းပိန်ပြီး အားနည်းနေရှာတာကိုမြင်လိုက်ရတော့ သားရဲ့ ရင်ထဲမှာ ဆို့နင့်ပြီး ခံစားလိုက်ရတယ် ....
အမေဖြစ်သူ ပြောတယ် ...
"မငိုပါနဲ့သားရယ် ... အမေသက်သာပါတယ်ကွယ် ... အမေဘာမှမဖြစ်ပါဘူး" တဲ့ ...။

ပေးဆပ်ခြင်းများစွာနဲ့ အမေဖြစ်သူဟာ သူမရဲ့ ရှစ်ခုမြောက်သော မုသားစကားကို ပြောပြီးပြီးချင်းပါပဲ ....
သူမရဲ့ ချစ်လှစွာသောသားရဲ့လက်ပေါ်မှာပဲ ကွယ်လွန်သွားရှာခဲ့ပါတယ် .....။

(သားသမီးများထံမှ ပြန်ရပါစေဆိုတဲ့ မျှော်လင့်ချက် တစ်စုံတစ်ရာမရှိပဲ ပေးဆပ်ခြင်းများစွာဖြင့် ပြုစုပျိုးထောင်ပေးကြသော အနန္တဂိုဏ်းဝင် မိခင်များအားလုံးကို ဂုဏ်ပြုလျှက် .....)

Translation Credit To အလင်္ကာမေကျော်

ခင်ဝင့်ဝါ၏ ခဲခြစ်ပုံတူအား သိန်းရာနှင့်ချီ၍ ၀ယ်ယူမည်ဟုဆို

ဘီလာရုစ်မှာ ကျင်းပနေတဲ့ Miss Supranational 2013 ကိုဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါ၏ ခဲခြစ်ပုံတူအား ခင်ဝင့်ဝါပရိသတ်တစ်ဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးမှ သိန်းရာဂဏန်းနီးပါးဖြင့် ၀ယ်ယူရန်ဆက်သွယ်လာကြောင်း ခဲခြစ်ပုံတူဆွဲသူထံမှ ပြောကြားခဲ့တယ်လို့ သိရသည်။ မည်သည့် ငွေပမာဏဖြင့် ၀ယ်ယူမည်ဆိုသည်ကို တိတိကျကျမသိရသေးပေ။
ဝယ်ယူရတဲ့ အကြောင်းရင်းက ယခုကဲ့သို့ နိုင်ငံတကာနှင့်ယှဉ်၍ မြန်မာဆိုတာကမ္ဘာသိအောင် အရှက်တရားကို ဘေးချိတ်ပြီး Miss Supranational 2013မှာ မြန်မာ့ဂုဏ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ 
ခဲခြစ်ပုံတူဆွဲသူကလည်း အဆိုပါရောင်းလို့ ရရှိလာမယ့်  ငွေတွေကို ခင်ဝင့်ဝါကို ပေးအပ်ဖို့စီစဉ်သွား မှာ   ဖြစ်ပြီး လက်မခံပါက လူမှုရေးလုပ်ငန်းတွေမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။
အရှက်ကိုမငဲ့ကွက်ဘဲ မြန်မာဆိုတာ ကမ္ဘာကသိဖို့ Bikini ၀တ်ယှဉ်ပြိုင်ရဲတဲ့ ခင်ဝင့်ဝါ အပေါ် အွန်လိုင်းပေါ်မှ ချီးကျူးမှုတွေများပြားခဲ့ပြီး အဆိုပါ ခဲခြစ်ပုံတူကို သိန်းချီပေးဝယ်မည့်သူအား ချီးကျူးလျက်ရှိကြောင်း သိရပါတယ်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေ ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေ ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ခဲ့တဲ့ ဆွယ်တာအဟောင်းကို သိန်း ၆၃၀ ဖြင့် လေလံဆွဲခံခဲ့  ရပါ တယ်။ လေလံဆွဲသူမှ မည်သည့်ရည်ရွယ်ချက်ဖြင့် ၀ယ်ခဲ့တယ်ဆိုတာမသိခဲ့ရသလို ရောင်းရငွေတွေကို လည်း မည်သည့်နေရာတွေမှာ သုံးခဲ့မှန်းမသိခဲ့ရပါဘူး။ ဒါ့အပြင် ၀တ်ပြီးသားဆွယ်တာတစ်ထည်အပေါ် ဘာရည် ရွယ်ချက်နဲ့ အမြတ်ထုတ်ချင်လို့ ၀ယ်ခဲ့မှန်းမသိကြ၍ ဝေဖန်မှုများလည်း ပေါ်ထွက်ခဲ့ဖူးပါတယ်။

အစိမ်းရောင်ဗျူဟာစီမံကိန်းကြောင့်လည်း သယံဇာတခွန်များ ရှမ်းပြည်နယ်မှ ရရှိနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်အတွင်း၌ အကောင်အထည်ဖော်နေသည့် အစိမ်းရောင်ဗျူဟာ ဧက-၉၀၀ ကျော် စီမံကိန်းဖြင့် တောတောင်ထွက် သဘာဝသယံဇာတများကို ကုမ္ပဏီများသို့ တရားဝင်လုပ်ပိုင်ခွင့် ပြုထားသည်ဟု ရှမ်းပြည်နယ် သစ်တောနှင့်သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။
အဆိုပါ အစိမ်းရောင်ဗျူဟာစီမံကိန်းမှာ ၂၀၁၁-၂၀၁၂ခုနှစ်အတွင်းမှ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကာလမှာ (၁၀)နှစ်ဖြစ်ကြောင်း၊   နိုင်ငံခြားသို့တင်ပို့သမျှ  တောတောင်သယံဇာတ ကုန်ပစ္စည်းများအပေါ်တွင် နိုင်ငံတော်မှ စုစု ပေါင်း အခွန်ငွေ ၃၄ရာနှုန်းရရှိကြောင်း သိရှိရသည်။
 “ နမ့်ခမ်းမှာရှိနေတဲ့ ထုံးကျောက်ထုတ်လုပ်ငန်းတွေက တရားဝင်လုပ်ပိုင်ခွင့်ရရှိထားတာတွေပါ၊ အစိမ်းရောင်ဗျူဟာ စီမံကိန်းက ဧက၉၀၀ကျော် ပါဝင်ပါတယ်။ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်မှာ ၁၀နှစ်တာ ထုတ်လုပ်ခွင့် ကျထားပါတယ်” ဟု ရှမ်းပြည်နယ် သစ်တောနှင့်သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
နိုင်ငံတော်အနေနဲ့ သစ်တောသယံဇာတပြုန်းတီးမှုများမှ ကာကွယ်ရန် လာမည့်နှစ်မှ၍ ရှမ်းပြည်နယ်အတွင်း တစ်နှစ် လျှင် ကျွန်းသစ် တန်ငါးသောင်းကျော်နှင့် သစ်မာခြောက်သောင်းကျော် စုစုပေါင်းတန်တစ်သိန်းကျော်သာ ထုတ်လုပ်မည်ဖြစ်၍ ယမန်နှစ်ထုတ်လုပ်မှုထက် သုံးပုံတစ်ပုံလျော့ချထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ နမ့်ထွန် ထုံးကျောက်တောင်နှင့် အခြားတောင်စွယ်တောင်တန်းများ ကျောက်ထုတ်လုပ်ရေး လုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေမှုနှင့်ပတ်သက်၍ နမ့်ခမ်းဒေသခံတစ်ဦးက ယခုကဲ့သို့ ဆိုသည်။
“ တရုတ်ကို တင်သွားတဲ့ ထုံးကျောက်တုံးကြီးတွေက ဘယ်လောက်ကြီးသလဲဆိုရင် အချို့ဆို ကားတစ်စီးကို တစ်တုံး၊ နှစ်တုံးလောက်ပဲ တင်လို့ရတယ်။ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ အမြောက်အမြား လုပ်ကိုင်နေလို့လည်း သဘာဝသယံဇာတတွေ ပြုန်းတီးရတယ်။ နောက်ပြီး ဒီဒေသက မီးသွေးကို တရုတ်ပြည်ကို အဓိက ထားပြီးတင်ပို့နေတာဆိုတော့ တရုတ်ကို တစ်နေ့တစ်နေ့ ဘာတွေထွက်နေလဲဆိုတာ အကုန်သိရတယ်” ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောသည်။
တရုတ်ပြည်သို့ အနိမ့်ဆုံးတစ်နေ့လျှင် မီးသွေးကားအစီး၂၀ကျော် ထွက်ရှိနေပြီး သစ်လုံးကား အနည်းဆုံး၁၀စီး ပျမ်းမျှ ထွက်ရှိနေသည်ဟု ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ် နယ်စပ်ဒေသနေ ပြည်သူများထံမှ သိရှိရသည်။
ကွတ်ခိုင်ဒေသခံပြည်သူများအနေဖြင့် အစိမ်းရောင်ဗျူဟာစီမံကိန်းမှ ထုတ်လုပ်နေသည်ကို မသိရှိကြသော်လည်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မြေလွတ်မြေရိုင်းများပေါ်၌ ဧကခြောက်သိန်းဇီဝလောင်စာထုတ်လုပ်ရေး သစ်ပင်စိုက်ပျိုးမည့် စီမံကိန်းကို ဒေသခံများအနေဖြင့် နိုင်ငံတော်သမ္မတအပါအ၀င်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ကန့်ကွက်စာရေးသားပေးပို့ ထားသည်ဟု သိရှိရသည်။ 
မြစ်မခ

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မောင်တောမြို့ ရခိုင်တိုင်းရင်းသား ဒေသခံနေရာသို့ ရောက်ရှိစဉ် တိုင်းရင်းသား ဒေသခံနေရာ ဖြစ်သည့်အတွက် အခြားဒေသသို့ စွန့်ခွာမသွားဘဲ ဆက်လက်နေထိုင်ကြရန် တိုက်တွန်း

Y-2-9
မစ္စတာနမ်ဘီးယား ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း မောင်တောမြို့နယ်၊ မောရ၀တီကျေးရွာမှ ဒုက္ခသည်များနှင့် တွေ့ဆုံစဉ်
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယား မောင်တောသို့ ရောက်ရှိစဉ် ဤနေရာ ဤဒေသမှာ တိုင်းရင်းသား ဒေသခံများ၏ နေရာဖြစ်သည့်အတွက် အခြားဒေသသို့ စွန့်ခွာမသွားဘဲ ဆက်လက်နေထိုင်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားနှင့် အဖွဲ့မှာ မောင်တောနယ်စပ်ရှိ မောရ၀တီကျေးရွာသို့ စက်တင်ဘာ ၁ ရက် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်တွင် ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီး မောရ၀တီကျေးရွာမှ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့စဉ် ယင်းသို့တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့်အတူ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့်အဖွဲ့ လိုက်ပါခဲ့ကြောင်း သိရသည်။
"ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ခုအချိန်မှာ တစ်ဖက်နှင့်တစ်ဖက် ပြန်လည်အဆင်ပြေ လာတာကို ဒီမှာတွေ့ရပါတယ်။ ဒီဒေသဟာ တိုင်းရင်းသား ဒေသခံတွေရဲ့ နေရာဖြစ်လို့ ဒီဒေသကို စွန့်ခွာပြီး တခြားဒေသကို မသွားဘဲ ဆက်လက်နေထိုင်ဖို့ လိုပါတယ်" ဟု မစ္စတာနမ်ဘီးယားက ပြောကြားသည်။
၂၀၁၂ ဇွန်လ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားသည် ရခိုင်သို့ ပထမအကြိမ် ရောက်ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုခရီးစဉ်သည် ၎င်း၏ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။ မောင်တောနယ်စပ်သို့ အောက်တိုဘာလတွင် တစ်ကြိမ်ရောက်ရှိခဲ့ပြီး ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။
"ကင်တားနား လာတုန်းကတော့ ကျွန်တော်တို့ဆီကို မရောက်ခဲ့ဘူး။ ကျွန်တော်တို့ကို မေ့ထားသလို ခံစားရတယ်။ အခု မစ္စတာနမ်ဘီးယားကတော့ ကျွန်တော်တို့ကိုလာပြီး အားပေးစကားပြောလို့ ၀မ်းသာမိပါတယ်။ ပြောရမယ်ဆိုရင် ရခိုင်ပဋိပက္ခမှာ ဘင်္ဂလီတွေ လူမျိုးသုဉ်း သတ်ဖြတ်ခံရတယ်လို့ နိုင်ငံတကာက လုပ်ကြံပြောကြပေမယ့် တကယ့်အဖြစ်မှန် မဟုတ်ပါဘူး။ မောင်တောက တိုင်းရင်းသားတွေရဲ့ အခြေအနေကို အမှန်သိဖို့ လိုပါတယ်" ဟု မောရ၀တီကျေးရွာသား တစ်ဦးက ပြောသည်။

Eleven

အီတာလျံ အာကာသယာဉ်မှူး အာကာသသို့ လမ်းထွက်လျှောက်စဉ် ရေနစ်သလိုဖြစ်ပြီး ကံကောင်း၍ အသက်ဘေးမှ လွတ်မြောက်လာ


အီတာလျံ အာကာသယာဉ်မှူး အာကာသသို့ လမ်းထွက်လျှောက်စဉ် ရေနစ်သလိုဖြစ်ပြီး ကံကောင်း၍ အသက်ဘေးမှ လွတ်မြောက်လာ
အီတာလျံလူမျိုး အာကာသယာဉ်မှူး လူကာပါမီတာနိုသည်   နိုင်ငံတကာ အာကာသစခန်း International Space Station (ISS) မှ ထွက်၍ အာကာသတွင်းသို့ လမ်းလျှောက်နေစဉ်
သူ၏မျက်စိနှင့် နားရွက်ထဲသို့ ရေများလောင်းထည့် လိုက်သလို ခံစားလိုက်ရပြီး သူ၏ အာကာသ ဆောင်းဦးထုပ်အတွင်း ရေများဝင်ရောက် လာပြီး တဖြည်းဖြည်း ပြည့်လာကာ မြေကမ္ဘာမစ်ရှင် ကွန်ထရိုးမှ သိရှိသွား၍သူ၏ အဖွဲ့သား ခရစ္စတိုဖာ ကက်စီဒီကိုလည်း လမ်းလျှောက် ထွက်ခြင်းကို ဆက်မလုပ်စေတော့ဘဲ နိုင်ငံတကာ အာကာသစခန်း အတွင်းသို့ ပြန်ဝင်နေ ရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။
လူကာပါမီတာနိုလည်း သူ၏ အသက်ကယ်ကြိုးကို မျက်စိဖြင့် မြင်နေရပြီး ထိုအသက်ကယ်ကြိုးကို အသုံးပြု၍ နိုင်ငံတကာ အာကာသစခန်းသို့ ပြန်လှည့်ကာ လေလုံပိတ် အခန်းအတွင်းကို ပြန်ရောက်ရန် ကြိုးစားရတော့သည်။ ''ကျွန်တော် လေလုံပိတ် အခန်းဆီင်္ကို နောက်ကြောင်း ပြန်လျှောက်လာတုန်းမှာ ရေတွေကလည်း တဖြည်းဖြည်း ပြည့်သည် ထက် ပြည့်လာနေလိုက်တာ ကျွန်တော့နားကြပ်ကလေး တစ်ခုလုံး ရေမြုပ်ဝင်သွားပြီး နားကြပ်မှ တစ်ဖက်က ကျွန်တော့ကို စကားပြော ဆက်သွယ်တဲ့ အသံကိုလည်း   မကြားရတော့ပါဘူး။ ကျွန်တော့မျက်နှာကာ ရှေ့ပိုင်း တစ်ခုလုံးမှာလည်း ရေတွေပြည့်လု နီးပါးဖြစ်နေပြီး နားမကြားရုံတင်မက မျက်စိလည်း မမြင်ရတော့ဘူး။ ရေတွေက ကျွန်တော့ နှာခေါင်းတစ်ခုလုံးထိ ပြည့်သွားပြီး အဲဒီအချိန်မှာ ကျွန်တော့စိတ်တွေ တကယ်ကို အံ့သြဖွယ်ရာ ခံစားမှု ဖြစ်ပေါ်လာပါတယ်။ ကျွန်တော်ခေါင်းကို ရမ်းခါပြီး ရေတွေ ဖယ်ရှားဖို့ ကြိုးစားကြည့်ပေမဲ့လည်း အချည်းနှီးသာ ဖြစ်ပြီးပို၍ပင် ဆိုးလာပါတော့တယ်'' ဟု ပြောသည်။
ယခုဆို  ကျွန်တော့ အာကာသဆောင်း ဦင်္းထုပ် အပေါ်ပိုင်းတစ်ခုလုံး ရေများ ပြည့်နေသဖြင့် နောက်တစ်ကြိမ် အသက်ရှူသွင်းမည်ဆိုလျှင် ကျွန်တော့ အဆုတ်ထဲ ရောက်အောင်ရှူသွင်းဖို့ မဖြစ်နိုင်တော့ပါ။ သူ့အာကာသယာဉ် အဖွဲ့သားဖြစ်သော ကက်စီဒီ၏ အသံများ ကြားရမလားဟု နားစိုက်ထောင်ကြည့်သည်။ မရ။ ဗစ်ရှင်ကွန်ထရိုးလာ ရှိန်းအင်ဘရာဆီက အသံကြား ရမလား နားစိုက်သော်လည်း မကြားရ။ နောက်ဆုံး ရုတ်တရက် အသက်ကယ်ကြိုးကို သတိရလိုက်သည်။ အသက်ကယ်ကြိုး၏ နောက်ဘက်တွင် ရှိသော မက္ကင်းနစ် ဇင်စက်၏ ဆွဲအားက သုံးပေါင်အား(၁ ဒသမ ၃ ကီလိုဂရမ်) ရှိရာ ထိုအသက်ကယ်ကြိုးက သူ့ကို လက်ဝဲဘက်သို့ ဆွဲနေသည်။  သိပ်အများကြီးတော့ မဟုတ်ပါ။  သို့သော် ကျွန်တော်အသက်ကယ် ကြိုးနောက်လိုက်ပြီး  လေလုံခန်းဆီသို့ သွားရမည်ဆိုသည့် အသိက ဝင်လာ၍ တော်သေးသည်ဟု ဆိုရမည်။
ကျွန်တော် လှုပ်ရှားနေရသည်မှာ ကြာလှပြီဟု ထင်သည်။ အစအဆုံး မရှိသော ခရီးကြီးလိုပါလား။ တကယ်တော့ ဤကာလမှာ မိနစ်ပိုင်းမျှသာ ကြာသည်ဆိုသည်ကို ကျွန်တော် သိပါသည်။ နောက်ဆုံးတော့ စိတ်သက်သာခွင့် ရလိုက်ပါသည်။ ကျွန်တော့ မျက်စိရှေ့ရှိ ရေကန့်လန့်ကာကို ဖြတ်၍ ချောင်းကြည့်လိုက်ရာ  အပူထိန်း လေလုံပိတ်ခန်း တံခါးဆီ  ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။ နောက်ထပ်နည်းနည်းလေး အားစိုက် လိုက်လျှင်  ကျွန်တော့အတွက် စိတ်ချသွားရပြီလေ။
မမျှော်လင့်ဘဲ ဒုက္ခကပေါ်လာသဖြင့် ခြောက်နာရီကြာ အာကာသအတွင်း ထွက်၍ လမ်းလျှောက်ကာ ကြိုးတန်းသွယ်ခြင်း အလုပ်နှင့် အခြားနေ့စဉ် လုပ်ရိုးလုပ်စဉ် ပြုပြင်ထိန်းသိမ်းရေး အလုပ်များကို လုပ်ဆောင်ရန် ရှိသော်လည်း တစ်နာရီတည်းသာ အာကာသထဲကို ထွက်၍ လျှောက်ဖြစ်တော့သည်။
အမေရိကန် အာကာသ အေဂျင်စီနာဆာ အဖွဲ့သည် ယခုကဲ့သို့ လူကာပါမီတာနိုဆိုသူ အီတာလျံ လူမျိုး အာကာသယာဉ်မှူး ဖြစ်သွားရသည့် ကိစ္စကို စုံစမ်း စစ်ဆေးနေသည်။ ဤပြဿနာ ကို ပြန်လည်ပြုပြင်၍ မပြီးမချင်း အာကာသအတွင်းသို့  လမ်းထွက် လျှောက်ခြင်းကို ဆိုင်းငံ့ထားလိုက် ပါတော့သည်။
ကျွန်ုပ်တို့ အင်ဂျင်နီယာများ၏ ကျွမ်းကျင်မှုနှင့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ နည်းပညာများက ရှုပ်ထွေး ခက်ခဲသော အရာတို့ကို ရှင်းလင်းလွယ်ကူအောင် ဖန်တီးပေးသည်။ နာဆာကလည်း  ပြီးခဲ့သည့် လုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေးကိုပို၍ ကျယ်ပြန့်စွာ ကြည့်ရှုပြီးနောက် အနာဂတ်တွင် အာကာသထဲ လမ်းထွက်လျှောက်ခြင်းကို လုံခြုံမှုနှင့် ဘေးကင်းမှုရှိအောင် အသေအချာ လုပ်ဆောင်ပါမည်ဟု ပြောသည်။
ကြာသပတေးနေ့တွင် နိုင်ငံတကာ အာကာသစခန်းတွင် ရှိသော   ရုရှား အာကာသ ယာဉ်မှူးနှစ်ဦးကလည်း အာကာသထဲသို့ လမ်းထွက်လျှောက်ပြီး အဝေးကြည့် မှန်ပြောင်း အသေးစားလေး တစ်ခု ကို တပ်ဆင်နိုင်မည့်ခုံတစ်ခု တပ်ဆင်ကြမည်ဖြစ်သည်။ ထို့ပြင် အာကာသယာဉ် ချိတ်ဆက် ဆိုက်ကပ်ပစ္စည်းများ တပ်ဆင်ရေးကို ဆက်လုပ်ကြဦးမည်ဟု သိရသည်။ ရုရှား အာကာသယာဉ်မှူးများ ဝတ်ဆင်ထားသောအာကာသဝတ်စုံသည် အမေရိကန် အာကာသ ဝတ်စုံနှင့်မတူပေ။ နိုင်ငံတကာ အာကာသ စခန်းတွင်  လောလောဆယ် အာကာသယာဉ်မှူး ခြောက်ဦး ရှိနေသည်။
လူကာပါမီတာနို  (၃၆ နှစ်)သည်  သူ့အာကာသ ဆောင်းဦးထုပ်ထဲသို့ ရေများဘယ်နေရာက ဘယ်လို ရောက်လာရသလဲဆိုသည့် ကိစ္စကို စဉ်းစားသည်။ သူ့သောက် ရေဘူးထဲက နေ၍ ရောက်ရှိလာခြင်းတော့ မဖြစ်နိုင်ဟု တွေးကြည့်သည်။ ထိုကိစ္စက သူ့ကို စိတ်ရှုပ် ထွေးသွား စေသည်။
သူဒုတိယအကြိမ် အာကာသထဲ လမ်းထွက်လျှောက်ရာတွင် ကြောက်စိတ်က ဖြစ်လာမည်။ သူသည် မေလထဲက နိုင်ငံတကာ အာကာသစခန်းတွင် ရောက်နေခဲ့ပြီး အီတာလျံ လူမျိုးထဲမှ ပထမဆုံး အာကာသထဲ  လမ်းလျှောက်သူ ဖြစ်လာခဲ့သည်။
နာဆာ၏ ဂျီမီနီပရိုဂရမ်ကို ၁၉၆ဝ ပြည့်နှစ်ကျော်နှစ်များက စတင်ခဲ့ရာ ယနေ့အထိ ဤဖြစ်ရပ်သည် ပထမဆုံး အတွေ့အကြုံဖြစ်ပြီး ရုတ်တရက် အာကာသထဲ၌  လမ်းထွက်လျှောက်သည့် အစီအစဉ်ကို ရပ်ပစ်လိုက်ရသည့် အဖြစ်မျိုးဖြစ်သည်။ အာကာသထဲ၌ လမ်းလျှောက်သူမှာ ဘာမျှမမြင်ရ၊ မကြားရ၊ မလုပ်နိုင်၊ မကိုင်နိုင်၊ မသွားနိုင်ဖြစ် သွားရခြင်းမျိုး ဖြစ်သည်။ အာကာသထဲ၌ လမ်းလျှောက်ခြင်းသည် အလွန်အန္တရာယ်ကြီးသည့်ကိစ္စပါ။  အကယ်၍ ချွန်ထက်သော ဥက္ကာခဲအစအန အမှုန်အမွှားလေး တစ်ခုထိမှန်လျှင်ပင် အာကာသဝတ်စုံ ပေါက်ပြဲသွားနိုင်သလို  နည်းနည်းကြီးသည် ဆိုလျှင်   လူကိုချက်ချင်း သေသွားစေမည် ဖြစ်သည်။
ကိုယ်ခန္ဓာအတွက်  အအေးပေးစနစ်မှ ရေတစ်လီတာ သို့မဟုတ် တစ်လီတာ ခွဲလောက်သည်  သူ၏ အာကာသဆောင်း ဦးထုပ်အတွင်းနှင့် အာကာသဝတ်စုံ အတွင်း စိမ့်ဝင်သွားခြင်း ဖြစ်သည်ဟု နာဆာအဖွဲ့က ခန့်မှန်းသည်။ အဆိုပါ စိမ့်ဝင်သွားသော ရေမှာ အိုင်အိုဒင်းပါသော ရေဖြစ်ပြီး အာကာသဝတ်စုံ၏ အောက်မှနေ၍ အတွင်းခံအဖြစ် ဝတ်ထားရပြီး  ပိုက်ဖြင့် သွယ်ထားသည်။ ယင်းစနစ်သည် ရေလေးလီတာ သို့မဟုတ် တစ်ဂါလန်နီးပါးကို အသုံးပြုသည်။ အာကာသထဲ ခပ်ဝေးဝေးလျှောက်သွားသည့် အချိန်တွင် အာကာသယာဉ်မှူး သောက်ရန်အတွက် ရေတစ်လီတာခန့် (၃၂ အောင်စ) ရေအိတ်ထဲ ထည့်ပေးထားသည်။  ယင်းသောက်ရေများ စိမ့်ဝင်ခြင်းတော့ မဖြစ်နိုင်ဟု ဆိုသည်။ အဆိုပါ စိမ့်ဝင်လာသော ရေများသည် သူသောက်နေသော ရေနှင့်မတူဘဲ အရသာတစ်မျိုးကြီး ဖြစ်နေသည်ဟု ပါမီတာနိုက ပြောသည်။
ပထမတော့ သူထင်လိုက်တာက သူသည်ယခင်က လေယာဉ်မောင်းနှင် စစ်ဆေးသူ လေသူရဲဟောင်း ဖြစ်ပြီး အီတလီအနေဖြင့် ပထမဆုံး အာကာသထဲ လမ်းလျှောက်သူ ဖြစ်လာပြီး အတွေ့အကြုံ အနည်းအပါးရှိခဲ့သူ ဖြစ်၍ သူ့ဦးခေါင်း နောက်စေ့ဘက်တွင် ချွေးများထွက်၍ စုမိနေရာ ယင်းချွေးများဟု ထင်လိုက်သည်။ သူထပ် စဉ်းစားမိသည်မှာ ဒီလောက်များများ ချွေးတွေတော့ ထွက်နိုင်မယ်မထင်။ ဒါချွေးမဟုတ်ဘူးဟု သူဆုံးဖြတ် ချက်ချလိုက်၏။ မစ်ရှင်ကွန်ထရိုးက လူတွေက ပါမီတာနိုကို  ချီးကျူး ပြောဆိုကြသည်။ ပါမီတာနိုသည် ယခင်အပတ်က အာကာသထဲ လမ်းလျှောက်ထွက်စဉ်က ဝတ်သော အာကာသ ဝတ်စုံကိုသာ ယခုအပတ် လမ်းထွက်လျှောက်တော့ ဝတ်ထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် အပတ်က ဘာပြဿနာမျှ မဖြစ်ခဲ့ပါ။ ရေတွေစိမ့်မဝင်မီက သူ့ဝတ်စုံတွင်  ကာဗွန်ဒိုင် အောက်ဆိုက် တိုင်းတာပြခြင်း  အာရုံခံကိရိယာက မကောင်းဘူးဟု သူသတင်းပို့ခဲ့သေးသည်။ ယခု နာဆာမန်နေဂျာက ရေတွေဝင်လို့ အာရုံခံကိရိယာ ပျက်ခြင်းဟု ကောက်ချက်ချသည်။
အာကာသစခန်းတွင် ၁၅ နှစ်တာ ကာလအတွင်း အာကာသထဲ လမ်းထွက်လျှောက်သည့် အကြိမ်ပေါင်း (၁၇၁) ကြိမ် ရှိသွားပြီ။ ၂ဝဝ၄ ခုနှစ်ကတည်းက အာကာသထဲ လမ်းထွက်လျှောက်ပြီး အမြန်ဆုံးရပ်ပစ် လိုက်ခြင်းဟူ၍ ယခုတစ်ကြိမ်သာ ရှိသည်။ ယခုအာကာသ ဝတ်စုံပြဿနာကြောင့် ရုရှားနှင့် အမေရိကန် အာကာသထဲ လမ်းထွက်လျှောက် သူများကိုပါ မစ်ရှင်ကွန်ထရိုးမှ  အာကာသစခန်း အတွင်း ချက်ချင်းပြန်ဝင် ခိုင်းလိုက်ရသည်။ သူတို့ လမ်းထွက်လျှောက်သည်မှာ ၁၄ မိနစ်သာ ရှိသေးသည်။ ပါမီတာနိုတို့က တစ်နာရီနှင့် ၃၂ မိနစ် ကြာခဲ့သည်။
ကက်စီဒီလည်း ၂ဝဝ၉ ခုနှစ် စခန်း တည်ဆောက်ရေး အရေအတွက် အာကာသထဲ လမ်းလျှောက်ထွက်ရာမှာ သူ၏ဝတ်စုံအတွင်း ကာဗွန်ဒိုင် အောက်ဆိုက်တွေ အန္တ ရာယ် ဖြစ်လောက်အောင် ဖြစ်လာ၍ ရပ်ခဲ့ရသည်။  အသက် (၄၃ နှစ်) ရှိပြီဖြစ်သော ကယ်စီဒီသည်  ယခင်က အဖွဲ့ဝင်ဟောင်းဖြစ်ပြီး ယခုဆိုလျှင် အာကာသ၌ လမ်းလျှောက်ခြင်းမှာ (၆) ကြိမ်မြောက် ရှိသွားပြီဖြစ်သည်။ ၁၉၆၆ ခုနှစ်ကလည်း ဂျီမီနီပျံသန်းမှု (၂) ကြိမ်သည် အာကာသ လမ်းလျှောက်မှု မအောင်မြင်ခဲ့ပေ။ ဂျီမီနီ(၉) အာကာသ လမ်းလျှောက်မှုသည် မအောင်မြင်ခဲ့ပေ။ ဂျီမီနီ (၁၁) အာကာသ လမ်းလျှောက်သူ ဂျင်းစာနန်ဆိုလျှင် အသက်ရှူ အရမ်းလေးသွားပြီး ချွေးတွေ အမြောက်အမြား ထွက်ကာ သူ့အာကာသဆောင်း ဦးထုပ်အတွင်း ရှေ့မျက်နှာကာတွင် သွားစုပြီး ခဲနေကြသည်။
ရုရှားတို့ဘက်တွင် ကမ္ဘာ့ပထမဆုံး အာကာသထဲ လမ်းလျှောက်သူ ဆိုဗီယက် အာကာသယာဉ်မှူး အလက်ဇီလီယိုနော့မ်သည် ၁၉၆၅ ခုနှစ်က အာကာသသို့ လမ်းလျှောက်စဉ် အာကာသယာဉ်အတွင်း ပြန်ဝင်လိုက်ရသည်။ သူ၏ အာကာသဝတ်စုံမှာ ဖောင်းကားနေ၍ တံခါးပေါက်နှင့် မဆံ့သဖြင့် အထဲဝင်မရဖြစ်ရာ အသက်နှင့်ထပ်တူ အရေးကြီး တန်ဖိုးရှိသော အောက်ဆီဂျင် ဓာတ်ငွေ့များ  သူ၏ အာကာသဝတ်စုံမှ ပြန်သွင်းယူရသည်။
သို့ဖြစ်၍ အာကာသထဲ လမ်းလျှောက်၍ အလုပ်လုပ်ခြင်းကို မဆိုထားနှင့် ရိုးရိုး လမ်းထွက်လျှောက်ခြင်းသည် ပင်လျှင် မည်မျှအထိ ခက်ခဲသည်ကို သိရှိနိုင်ရန် ရေးသား လိုက်ရပါသည်။     
ကိုကိုဟန်
မြဝတီ

Sunday, September 1, 2013

ဆံပင်ကျွတ်စေသော အကြောင်းရင်းများ မှတ်သားထား



အမျိုးသမီးများမှာ ဆံပင်တွေကျွတ်နှုန်းများလာပြီးဆိုလျှင် မိမိစိတ်ကို နှောင့်ယှက်ဖြစ်တွေဖြစ်လာပါတယ်။

ဆံပင်တွေကျွတ်လာပြီဆိုလျှင် ခေါင်းကဆံပင်များကိုပင် ဘီးများဖြင့် ဆံပင်လှပမှု့ ကိုပင် မလုပ်ရဲအောင်ပင်ဖြစ်လာကြောင့် တွေ့ ရှိရပါတယ် ။ ဒီလိုဆံပင်တွေကျွတ်လာခြင်းသည့် ခန္ဓာကိုယ်အတွင်ဟော်မုန်းတွေပြောင်းလဲခြင်း ၊ သူများကောင်းတယ်ဆိုတာနဲ့ ခေါင်းလျှော်ရည် ခေါင်းလိမ်းဆီများကို အသုံးပြု့ မိခြင်း နှင့် အလှပြင်ဆိုင်တွေမှာ ပုံစံတွေပြောင်းလိုက် ကောက်လိုက် ဖြောင့်လိုက် ဆေးအရောင်ပြောင်းလိုက် လုပ်ဆောင်တက်သည့် အချက်တွေပါဝင်ပါသည် ။

မိမိမျိုးရိုးလည်း လိုက်တက်ပါတယ် တစ်ချို့ အသက်ကြီးလာပြီးဆိုလျှင် အမျိုးသား အမျိုးသမီးပါ ဆံပင်တွေကျဲလာမယ် ပါးလာကြပါတယ် ။တစ်ချို့ ဆိုလျှင် ထိပ်တောင်ပြောင်းသည့်အထိဖြစ်လာပါတယ် ဒါလည်း မျိုးရိုးဗီဇကြောင့်လည်း သက်ဆိုင်ပါတယ် ။အဲလိုဖြစ်လာပြီဆိုလျှင် ဆံခြည်မျှင်အိတ်တွေ အားကောင်းအောင် ဆေးကုသမှုတွေခံယူလုပ်ဆောင်ရပါတယ် ။

မိမိခန္ဓာကိုယ်တွင်းထဲမှာ ဟော်မုန်းအမျိုးအစားနှင့် တခြားဓာတုပစ္စည်းအပြောင်အလဲတွေကြောင့် ဆံပင်ကျွတ်ခြင်းဖြစ်နိုင်ပါတယ် ။အဓိကအပိုင်းတွေကတော့ သွေးအားနည်းခြင်း ၊ သိုင်းရွိက်ရောဂါ ( သောက်ရသည် ရောင်ခြည်ဆေးများသောက်ရခြင်း ) နှင့် သံဓာတ်ချို့ တဲ့လွန်းသည့် အစားသောက်တွေ စားသုံးခြင်းကြောင့် အမျိုးသမီးအများကို ဆံပင်အများအပြား ကျွတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ် ။

တချို့အမျိုးသမီးတွေမှာတော့ သွေးဆုံးချိန်အတောအတွင်း အီစထရိုဂျင် မဟော်မုန်း ပမာဏ ကျဆင်းသွားတဲ့အခါ ဆံပင် ကျွတ်တာမျိုး၊ ကလေးမွေးပြီးချိန်မှာ ဆံပင်ကျွတ်တာမျိုး ဖြစ်လေ့ရှိကြပါတယ် ။

အလှပများကို စိတ်တိုင်းကျ ပြု့ ပြင်ပြောင်းလဲဖန်တည်းသည့် မိန်းကလေးများအခုပြောပြမည့် အပိုင်းကို သတိမထားကြပါဘူး သူများတွေလှတယ် ကောင်းတယ် နာမည်ကြီးတယ်ဆိုပြီး ဘုမသိ ဘမသိနဲ့  ဆံပင်ကို အမျိုးမျိုးသော ပြုပြင်ဖန်တီးခြင်း ၊ ဆံပင်ပုံသွင်းရာမှာ အသုံးပြု့ သည့် ပစ္စည်းတစ်ချို့ ကြောင့်လည်း ဆံပင်သားကို ထိခိုက်ပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်လာစေပါတယ် ။ဆံပင်ကို ပိုနီတေးစည်းတာ၊ ကျစ်ဆံမြီးကျစ်တာ စတဲ့ ဆံပင်သားကို ဆွဲခြင်း၊ ဖိထားခြင်းတွေကြောင့်လည်း ဆံပင်ကျွတ်ရတတ်ပါတယ်။

ဆံပင်သားဟာ ဓာတုပစ္စည်းနဲ့ အပူထိတွေ့မှုများလေလေ၊ ကျွတ်နှုန်းများလေလေ ဖြစ်လာပါတော့တယ်။ ဆံပင်ဖြောင့်စက်၊ လေမှုတ်စက်စတာတွေနဲ့ ဓာတုပစ္စည်းပါတဲ့ ဆံပင်သုံး ပစ္စည်းတွေကို အလွန်ပင်သုံးစွဲခြင်းကို အထူးပင် ရှောင်ကြဉ်သင့်ပါကြောင့်ပြောကြားလိုပါတယ်။
ဆံပင်ပုံစံနှင့်အရောင်များကို ပြောင်းလဲဖန်တည်းသည့် အမျိုးသမီးများတွင် ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးလာခြင်းအပြင် မိမိနှင့်သုံးစွဲသည့် ဓာတုအသုံးပြု့ ဆေးများကြောင့်ပင် ဦးခေါင်းအရေပြား ပျက်ဆီးစေပါတယ် ။ထိုကြောင့် ဦးခေါင်းအရေပြားတွင် အနာများပေါက်လာပြီးနောက်တစ်ချို့ ဆိုလျှင် ကုသမှု့ ကိုပင် အထူးအလေးထားပေးရသည့်ကိစ္စများဖြစ်ပေါ်လာကြပါတယ် ။

သဘာဝလွန်အလှများကို ရှေ့တန်းမတင်ဘဲ ပင်ကိုယ်အလှများဖြင့် လှနိုင်စေရန်ဖြစ်ပါတော့သည် ။

အသက်ရာကျော် ရှည်ပါစေ

မောင်မန်းလေး

'ဒါလေးကို like သွားလည်ပေးကြပါ ==>> ဒီမှာ

မြန်မာအလှမယ်တို့၏ နိုင်ငံတကာတစ်ကျော့ပြန်


နိုင်ငံတကာအဆင့် အလှမယ် ဝင်ရောက်ယှဉ်ပြိုင်မှုများနှင့် နှစ်ပေါင်းများစွာ ကင်းကွာနေခဲ့သော မြန်မာနိုင်ငံတွင် ‘Miss International’ ဟူသော စကားလုံးသည် ပြီးခဲ့သည့်နှစ်ကမှစ၍ လူပြောများ ရေပန်းစားပြီး စိတ်ဝင်စားစရာ စကားလုံးတစ်လုံး ဖြစ်လာခဲ့ကာ ယခုအချိန်သည် နိုင်ငံတကာ ပြိုင်ပွဲများသို့ မြန်မာ့အလှမယ်များ သွားရောက် ယှဉ်ပြိုင်လာချိန်၊ ယှဉ်ပြိုင်ရန်တာစူနေချိန် ဖြစ်သည်။ နိုင်ငံတကာနှင့် ပညာရေး၊ စီးပွားရေး၊ ဆက်သွယ်မှုအရပ်ရပ် အပြောင်းအလဲ ရှိလာချိန်တွင် ဖြစ်ထွန်းလာသော ပြောင်းလဲမှုတစ်ခုပင်။



ယင်းလူပြောများလာသော စကားလုံးသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံ အိုကီနာဝါမြို့၌ ကျင်းပခဲ့သော Miss International 2012 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု၍ နန်းခင်ဇေယျာ သွားရောက် ယှဉ်ပြိုင်ခြင်းမှ အစပြုခဲ့သည်။ ပြင်ဆင်ချိန်နည်း၊ အတွေ့ အကြုံနည်း အနေအထားရှိ နိုင်ငံမှသွားသော်ငြား ပွဲဦးထွက်လည်းဖြစ်၊ မြန်မာဆိုသော အသိစိတ်ဓာတ်ဖြင့် အားပေးမှုများကြောင့် Miss Internet ဆုကိုရရှိခဲ့ပြီး People Choice Award, Ambassador Beauty ခေါင်းစဉ်ဆုများလည်း ရရှိခဲ့သည်။

ယခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့တွင် ကျင်းပမည့် Miss Supranational ပြိုင်ပွဲကြီးတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ကိုယ်စားပြု၍ Miss Supranational Myanmar ခင်ဝင့်ဝါက လည်းကောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့၌ ကျင်းပမည့် Miss Grand International ပြိုင်ပွဲကြီးတွင်လည်း မြန်မာနိုင်ငံ ကိုယ်စားပြု၍ Miss Grand Myanmar ထားထက်ထက်က လည်းကောင်း၊ လာမည့် အောက်တိုဘာလ ဂျပန်နိုင်ငံတွင် ကျင်းပမည့် (၅၃) ကြိမ်မြောက် Miss International ပြိုင်ပွဲတွင် Miss Myanmar International ဂုဏ်ရည်အေးကျော်က လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းအပြင် (၆၁) ကြိမ်မြောက် ကျင်းပမည်ဖြစ်သော Miss Universe ကမ္ဘာ့ အလှမယ်ပြိုင်ပွဲကို ရုရှားနိုင်ငံ မော်စကိုတွင် နိုဝင်ဘာလ ၉ ရက်နေ့၌ ကျင်းပမည်ဖြစ်ရာ ယင်းကမ္ဘာ့ အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်၍ ခြေလှမ်းနိုင်တော့မည် ဖြစ်သည်။

ယင်းသို့သော ပြိုင်ပွဲများ မတိုင်ခင်က နီးနီးစပ်စပ်ရှိသော ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် Miss ASEAN 2005 ပြိုင်ပွဲတွင် အိရူပါဝင်းက ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ပြီး ၎င်းကျွမ်းကျင်စွာ တီးခတ် နိုင်သော စန္ဒရားတူရိယာကို တီးခတ်ပြသ၍ Miss Talent ဆုကို ရရှိခဲ့သည်။

ယင်းသို့ပြိုင်ပွဲများနှင့် ကင်းကွာခဲ့ချိန်၊ မော်ဒယ်လ်ပြိုင်ပွဲများနှင့် မော်ဒယ်လ်များကိုသာ လူငယ်များအဖို့ ရင်းနှီးကျွမ်းဝင် နေခဲ့ချိန်တွင် နိုင်ငံတကာ Miss အဖြစ် ယှဉ်ပြိုင်သူတွင် မော်ဒယ်လ်များနှင့် မတူသည့် လိုအပ်ချက်နှင့် အရည်အသွေးများရှိရန် လိုကြောင်းကို စတင်သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် Miss Universe၊ Miss World၊ Miss Earth၊ Miss Supranational၊ Miss International၊ Miss Grand ဟူ၍ပြိုင်ပွဲများ ပြုလုပ်လျက်ရှိရာ မိမိတို့နိုင်ငံတွင် ယင်းပြိုင်ပွဲများကို စိတ်ဝင်တစား ကြည့်ရှုလာသူများနှင့် အဆိုပါပြိုင်ပွဲများကို သွားရောက် ယှဉ်ပြိုင်ရန် စိတ်ဝင်စားသူများ ရှိလာပြီ ဖြစ်သည်။

ကမ္ဘာ့အဆင့် ၃ ရှိ အလှမယ်ပြိုင်ပွဲ တစ်ခုဖြစ်သော Miss Supranational ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်မှုနှင့် ပတ်သက်၍ “ဒီပွဲကိုဝင်ပြိုင်ဖြစ်တာက ပွဲလုပ်တဲ့ ရည်ရွယ်ချက်လေးကို သဘောကျလို့ပါ။ ပြီးတော့ မနန်းခင်ဇေယျာလိုမျိုး နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေကို ကိုယ့်နိုင်ငံကိုယ်စားပြုပြီး သွားပြိုင်ချင်နေတာ အခုတော့ ဆန္ဒပြည့်ဝသွားပါပြီ။ ညီမမြန်မာနိုင်ငံရဲ့ စလွယ်ကိုလွယ်ထား တဲ့အတွက် အကောင်းဆုံး ကြိုးစားသွားပါမယ်” ဟု Miss Supranational Myanmar ခင်ဝင့်ဝါက ပြောကြားသည်။

“ကိုယ်က မြန်မာနိုင်ငံဆိုတဲ့ စလွယ်ကိုလွယ်ပြီး ကိုယ့်နိုင်ငံအတွက် အကောင်းဆုံး ယှဉ်ပြိုင်မယ် ဆိုတဲ့စိတ်ကို ဆုံးဖြတ်ပြီးတော့…”

Miss Supranational Myanmar မခင်ဝင့်ဝါ စံထားသော နန်းခင်ဇေယျာကလည်း ယခုကဲ့သို့ နိုင်ငံတကာနှင့် ယှဉ်ပြိုင်ရသည်မှာ မလွယ်ကူကြောင်းနှင့် စိတ်ဓာတ်ကျစရာများ ကြုံတွေ့နိုင်သောကြောင့် မိမိအသိစိတ်တွင် မြန်မာကိုယ်စားပြု လာရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည့်အတွက် နိုင်ငံ့ဂုဏ်ကို မညှိုးနွမ်းစေရန် အသိတို့ကို ထားစေချင်ကြောင်း၊ မိမိယှဉ်ပြိုင်စဉ်က ပြင်ဆင်ချိန် မရှိသည့်အပြင် တစ်ကိုယ်တည်း သွားရောက် ယှဉ်ပြိုင်ခဲ့ရကြောင်း စသည်ဖြင့် ၎င်း၏အတွေ့အကြုံများနှင့် ပြင်ဆင်ရန် လိုအပ်သည်များကို ပြောပြသည်။

လက်ရှိအချိန်တွင် မခင်ဝင့်ဝါသည် နိုင်ငံကိုယ်စားပြုရန်အတွက် ပြိုင်ပွဲကျင်းပမည့် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ သွားရောက်၍ ယှဉ်ပြိုင်မှုများ ပြုလုပ်နေပြီး ယင်းပြိုင်ပွဲတွင် အလှမယ်အားလုံးကို မေးခွန်းများမေးမြန်း၍ အရည်အချင်း စစ်ဆေးမှုများ ပြုလုပ်ရာတွင်လည်း ၎င်းမှာထိုမေးခွန်းများကို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ကာ လက်ရှိတွင် Miss Internet ဆုအတွက် အင်တာနက်မှ vote ပေးသူ အများအပြား ရရှိနေသည်။

Miss Grand International ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကျွမ်းဘားမယ် ဖြစ်ခဲ့ဖူးသူ မထားထက်ထက်သည် ဘာသာစကားလေးမျိုး တတ်မြောက်ထားပြီး နိုင်ငံအတွက် အကျိုးပြုသူတစ်ဦး ဖြစ်လိုသောကြောင့် ပြိုင်ပွဲဝင်ခြင်း ဖြစ်ကြောင်း၊ သွားရောက် ယှဉ်ပြိုင်ချိန်တွင် မြန်မာအမျိုးသမီးထုကို ကိုယ်စားပြုရမည် ဖြစ်သောကြောင့် မြန်မာအမျိုးသမီးများ၏ နေထိုင်မှုပုံစံများကို ၎င်းတို့အထင်ကြီး လေးစားစေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

“မြန်မာနိုင်ငံမှာက Miss တစ်ယောက်နဲ့ Model တစ်ယောက်ကို အတူတူပဲလို့ မြင်နေတဲ့ အမြင်မှာတွေ ရှိနေပါတယ်။ Miss ဆိုတာက ကိုယ့်နိုင်ငံအတွက် ဂုဏ်ဆောင်တဲ့သူ တစ်ယောက်ပါ။ သူလုပ်တဲ့ အပြုအမှုတွေကို ကြည့်ပြီးတော့ သူတို့နိုင်ငံက ဒီလိုပုံစံနေထိုင်ကြတယ် ဆိုတာကိုအများက မြင်ကြမှာပါ။ အဲ့ဒါကြောင့် Miss တစ်ယောက်ဟာကိုယ့် နိုင်ငံရဲ့ဂုဏ်ကိုဆောင် နိုင်ရမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံမှ Miss Supranational နှင့် Miss Grand International ပြိုင်ပွဲများအတွက် မြန်မာ နိုင်ငံမှ National Director အဖြစ် ဆောင်ရွက်သူ ကိုဟန်ဇော်ထက်က ၎င်း၏အမြင်ကို ပြောကြားသည်။

လက်ရှိတွင် မထားထက်ထက်သည် ပြိုင်ပွဲတွင် မိမိ၏အရည်အချင်းကို ကောင်းမွန်စွာ ပြသနိုင်အောင် မြန်မာ့တူရိယာတစ်ခု ဖြစ်သော စောင်းကို တီးခတ်၍ ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် အမှား မရှိအောင် ပြင်ဆင်နေပြီး ယခင်ကလည်း ကျွမ်းဘားမယ်တစ်ဦးအဖြစ် နိုင်ငံတကာနှင့် ယှဉ်ပြိုင်ဖူးသောကြောင့် ကျွမ်းဘား အားကစားကိုလည်း ထည့်သွင်းပြသမည်ဖြစ်၍ လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း၊ နိုဝင်ဘာလတွင်မှ ယှဉ်ပြိုင်ရန် သွားရောက်ရမည် ဖြစ်သောကြောင့် ပြင်ဆင်ချိန်များ ရှိသေး၍ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ထို့နောက် မိမိတို့ယှဉ်ပြိုင်ရသော ပြိုင်ပွဲသည် နိုင်ငံတကာနှင့် တန်းတူပြိုင်ရမည်ဖြစ်၍ ၎င်းတို့သတ်မှတ်ထားသည့် စည်းမျဉ်းအရ ရေကူးဝတ်စုံ (swimsuit) ဝတ်၍ ပြိုင်ရမည် ဖြစ်သောကြောင့် မြန်မာပရိသတ်များအနေဖြင့် နားလည်စေချင်ကြောင်း၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအရ ထိုသို့ယှဉ်ပြိုင်သည်မှာ ကိုက်ညီမှု မရှိသော်လည်း ထိုကဲ့သို့ ပြုလုပ်နိုင်မှသာ နိုင်ငံတကာနှင့်တန်းတူ ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ယခင်က မြန်မာနိုင်ငံတွင် ပြည်ထောင်စုမယ် ပြိုင်ပွဲကဲ့သို့ စင်မြင့်ထက်တွင် ရေကူးဝတ်စုံ ဝတ်ဆင်ယှဉ်ပြိုင်ရသော ပြိုင်ပွဲရှိခဲ့သော်လည်း လက်ရှိတွင် မြန်မာအလှမယ်များ နိုင်ငံတကာ စင်မြင့်ထက် ရေကူးဝတ်စုံ (two piece) ဝတ်ဆင်ယှဉ်ပြိုင်နေခြင်းကို ပြစ်တင်ပြောဆိုနေသေးသော သဘောထားများ ရှိနေသည်ကို လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့မြင်နေရသည်။

“အစ်မသွားပြိုင်တုန်းကလည်း အဲ့ဒီ bikini (ရေကူးဝတ်စုံ) ကိုဝတ်ရမှာ ရှက်ပါတယ်။ ဒါပေမဲ့ ကိုယ်ကမြန်မာနိုင်ငံဆိုတဲ့ စလွယ်ကိုလွယ်ပြီး ကိုယ့်နိုင်ငံအတွက် အကောင်းဆုံး ယှဉ်ပြိုင်မယ် ဆိုတဲ့စိတ်ကို ဆုံးဖြတ်ပြီးတော့ ယှဉ်ပြိုင်ခဲ့တာပါ။ သူတို့က မြန်မာနိုင်ငံက ဆိုပြီးတော့ သီးသန့် အခွင့်အရေးပေးထားတာ မဟုတ်ဘူး။ အကုန်လုံးကို တန်းတူပဲလို့ သတ်မှတ်ထားတာပါ” ဟု Miss Internet 2012 ဆုရှင် နန်းခင်ဇေယျာက ၎င်း၏အတွေ့အကြုံများ ကိုရှင်းပြသည်။

ကမ္ဘာ့အကြီးဆုံးအလှမယ် ပြိုင်ပွဲကြီးဖြစ်သော Miss Universe ပွဲကြီးကို လာမည့် နိုဝင်ဘာ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အလှမယ်များ ယှဉ်ပြိုင်နိုင်ရန်အတွက် လျှောက်လွှာများ ခေါ်ယူနေသည်။

အဆိုပါပြိုင်ပွဲတွင် ယှဉ်ပြိုင်လိုသူများသည် အဓိကမြန်မာဆန်သောသူ ဖြစ်ရမည့်ဖြစ်ပြီး စကားပြော ယဉ်ကျေးရမည် ဖြစ်ကြောင်း၊ အရပ်အမြင့်မှာ အနည်းဆုံး ၅ ပေ ၆ လက်မ ရှိရမည်ဖြစ်ပြီး အပျိုဖြစ်ရမည် ဖြစ်ကြောင်း၊ swimsuit ဝတ်နိုင်သူ ဖြစ်ရမည်ဖြစ်ပြီး အင်္ဂလိပ်စာကို ကောင်းမွန်စွာပြော နိုင်ရန် မလိုကြောင်း Miss Myanmar Universe organization တာဝန်ယူထားသော Hello Madam media group ၏ မန်နေဂျာ မဆုမြတ်က ပြောကြားသည်။

Miss Universe ပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ၁၉၅၉ ခုနှစ်၊ ၁၉၆၀ ပြည့်နှစ်နှင့် ၁၉၆၁ ခုနှစ်တို့တွင် သုံးကြိမ်ဆက်တိုက် သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှ ပြန်လည် ယှဉ်ပြိုင်ရန် ပြင်ဆင် လာခြင်း ဖြစ်သည်။

ယခုချိန်တွင် ပြိုင်ပွဲဝင်ရန်လာရောက် လျှောက်ထားသူများမှာ ၃၀ ဦးခန့်ရှိပြီး သြဂုတ်လကုန်ထိ လျှောက်လွှာတင်နိုင်ကာ စက်တင်ဘာလတွင် လူတွေ့စစ်ဆေးမည် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အကြီးဆုံး အလှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု Organizer ပြုလုပ်ခွင့်ရ၍ အတိုင်းမသိ ဝမ်းသာကြောင်း Hello Madam media မှ မန်နေဂျာ မဆုမြတ်က ပြောကြားသည်။

“ဒီပွဲကြီးက ကမ္ဘာ့အလှမယ် ပြိုင်ပွဲတွေမှာ အကြီးဆုံး ဖြစ်ပြီးတော့ အဲဒီပွဲမှာ မြန်မာနိုင်ငံက သွားပြိုင်ရမယ်ဆိုတော့ အရမ်းကောင်းပါတယ်။ ဒီပွဲအကြောင်းကိုလည်း ကြားပါတယ်။ အဓိကကတော့ ကိုယ်လည်းသူများနိုင်ငံမှာ မြန်မာနိင်ငံ ကိုယ်စားပြု သွားပြိုင်ရမယ်ဆိုတော့ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီးတော့ အကောင်းဆုံး ယှဉ်ပြိုင်မယ်လို့ စိတ်ထဲမှာထားပြီး သွားပြိုင်စေချင်ပါတယ်” ဟု Miss Grand Myanmar မထားထက်ထက်က ပြောကြားသည်။

အများစုမှာ Miss နှင့် Model ကို ကွဲပြားစွာ မမြင်ကြသေးပါ။ Model ဆိုသည်မှာ အနုပညာအလုပ်နှင့် အသက်မွေးဝမ်းကျောင်း ပြုသူဟု ဆိုနိုင်ပြီး Miss ဆိုသည်မှာ Miss တစ်ယောက်တွင် ရှိသင့် ရှိထိုက်သော အရည်အချင်းများနှင့် ပြည့်စုံမှ သတ်မှတ်ခြင်းခံရကာ ၎င်း၏ဂုဏ်ပုဒ်တစ်ခုဖြင့် ကိုယ့်နိုင်ငံအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သူတစ်ဦး ဖြစ်သည်။ လက်ရှိအချိန်တွင် Miss Internet ဆုရှင် နန်းခင်ဇေယျာမှာ ပရဟိတ အလုပ်များစွာကို လုပ်ကိုင်နေပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အားလပ်သည့် အချိန်များတွင် ကိုယ်တိုင်သွားရောက် လုပ်အားပေး ကုသိုလ်ယူခြင်းများ ပြုလုပ်၍ ၎င်းကို ချစ်မြတ်နိုးသော ပရိသတ်များထံသို့ အသိတရားများ ဖြန့်ဝေခဲ့သည်။ လက်ရှိတွင်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင်လည်း သံတမန်အဖြစ် ခန့်အပ်ခြင်းခံထားရပြီး အားကစားတွင်လည်း အကျိုးပြုသူတစ်ဦးအဖြစ် ရပ်တည်နေသည်။

“Miss ဆိုတာက အဓိက Education ပိုင်းမှာရော၊ Talent အပိုင်းမှာရော ပြည့်စုံနေတဲ့ သူတစ်ယောက် ဖြစ်ရပါမယ်။ Model ဆိုတာက အလှအပပိုင်းဆိုင်ရာကို အဓိကထားပြီးတော့ Show ပွဲတွေလျှောက်ပြီး အနုပညာ အလုပ်မျိုးပဲ လုပ်တယ်လို့ ထင်ပါတယ်။ Miss ပြိုင်ပွဲတွေကိုဆိုရင် တော်တော်များများက အနုပညာ လောကထဲက မဟုတ်ဘဲနဲ့ အပြင်လောကက အရည်အချင်းပြည့်တဲ့ အမျိုးသမီးတွေ ပြိုင်တာများတာကို တွေ့ပါတယ်” ဟု မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာမှ အလှမယ်များကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲများ ပြုလုပ်နိုင်ရန် စီစဉ်နေသည့် Myanmar Model Management မှ ဒါရိုက်တာ ဦးဌေးမင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာနည်းတူ ကြီးကျယ်သော Miss ပြိုင်ပွဲများကို မကျင်းပနိုင်သေးသော်လည်း ပြည်ပနိုင်ငံမှ ပြုလုပ်သော ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်သော အရည်အချင်းများကို ကြိုတင်ဖြည့်ဆည်းခြင်းများ ပြုလုပ်ထားသင့်သည်မှာ သေချာလာသည်။ နိုင်ငံတကာတွင် ပြုလုပ်သော Miss ပြိုင်ပွဲများတွင် တင်ဆက်မှုများမှာ ခမ်းနားလှပပြီး ပြိုင်ပွဲတစ်လျှောက်တွင် အဆင့်ဆင့် ယှဉ်ပြိုင်ရ ကာ နိုင်ငံတိုင်းရှိ ပေါ်ထွန်းသော ရိုးရာယဉ်ကျေးမှုများကို ချပြကြသည်။ အကဲဖြတ်ဒိုင်များမှာလည်း အမှန်တကယ် အရည်အချင်းရှိသူများသာ ရွေးချယ်ကြသည်ကို ယင်းပြိုင်ပွဲများကို ကြည့်ရှုခြင်းဖြင့် သိနိုင်မည် ဖြစ်သည်။

ထိုကဲ့သို့ Miss ပြိုင်ပွဲများကို သွားရောက် ယှဉ်ပြိုင်ခြင်းအားဖြင့် မိမိနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများကို ဖော်ပြနိုင်မည့်အပြင် အကျိုးကျေးဇူးများစွာ ရရှိလာနိုင်သည်။ Miss International 2012 ပြိုင်ပွဲတွင် နန်းခင်ဇေယျာသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားအကဖြစ်သော ရှမ်းရိုးရာအကဖြင့် ဖျော်ဖြေခဲ့ပြီး ယခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် Miss Grand Myanmar ပြိုင်ပွဲဝင်မည့် မထားထက်ထက်ကလည်း မြန်မာ့ရိုးရာ တူရိယာစောင်းကို တီးခတ်ပြသမည် ဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာ ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့သော မြန်မာနိုင်ငံမှ အလှမယ်များသည် ယခုချိန်တွင် ကမ္ဘာ့နိုင်ငံများနှင့်တန်းတူ ရင်ပေါင်တန်းနိုင်တော့မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုစလွယ်ကို လွယ်၍ ဂုဏ်ယူစွာဖြင့် ကမ္ဘာ့နိုင်ငံများနှင့်တန်းတူ ခြေလှမ်းလှမ်းနိုင်တော့မည် ဖြစ်သည်။

ယင်းသို့ မြန်မာနိုင်ငံမှ နိုင်ငံတကာ ပြိုင်ပွဲများသို့ အလှမယ်စေလွှတ် ယှဉ်ပြိုင်မှုများ ပြုလုပ်လာကြရာတွင် ရုပ်ရည်ချောမောမှုသာမက လုံလောက်စွာ လေ့ကျင့်သွားမှုများ၊ လိုအပ်သော အရည်အသွေးများ စသည်ဖြင့် ပြည့်စုံသူများ သွားရောက်နိုင်ရေးအတွက် ရွေးချယ်မှုများ မှန်ကန်ရန်၊ အရည်အသွေးရှိသူများ ယှဉ်ပြိုင်ရန် စိတ်ဝင်စားမှု ရှိလာစေရန်လည်း လိုအပ်သည်ဟု စိတ်ဝင်စားသူများက သုံးသပ်ကြပါသည်။ မြန်မာနိုင်ငံအဖို့ အတွေ့အကြုံနှင့် လိုအပ် ချက်များလည်း ရှိနေသေးရာ ပြိုင်ပွဲဝင်များသည်လည်း ထပ်မံကြိုးစားသင့်သည်များကို သတိပြုသင့်သည်သာမက နိုင်ငံသား အချင်းချင်းပေးသည့် Vote အရေအတွက်ကို အာရုံစိုက် အားကိုးမနေရေးကိုလည်း များစွာသတိထားသင့်ကြောင်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ စောင့်ကြည့်အားပေးသူ မြန်မာနိုင်ငံသားအချို့က သုံးသပ်သတိပေးကြသည်။

ဟန်သူထွန်း

Miss Supranational 2013 ပြိုင်ပွဲကြီး၏ တရားဝင် Vote System စက်တင်ဘာ ၂ရက် စမည်


ဘယ်လာရုစ်-စက်တင်ဘာ၁
Miss Supranational 2013 ပြိုင်ပွဲကြီးရဲ့  တရားဝင် Vote System စက်တင်ဘာလ (၂) ရက်နေ့ ၊ တနင်္လာနေ့မှာ စတင်တော့မှာဖြစ်ပါသည်။
Credit/Debit Card Payment ဖြင့် (၁၀)Votes ကို (၅)ဒေါ်လာဖြင့် ငွေချေပြီး မဲပေးနိုင်ကြောင်းသိရသည်။
http://www.misssupranational.com/VotingPage.html


ပရိသတ်များ မဲပေးနိုင်သောနည်လမ်း (၃)မျိုးရှိပြီးယခင်ပေးခဲ့ခြင်းသည်လည်း အားလုံး အကျိုးရှိပါသည်။
Russian Webisite မှ ပေးမည့် Most Beautiful Woman In the World ဆုအတွက် အောက်ပါ link တွင် မဲပေးနိုင်သည်။
http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582#view/14286

Missosology မှ ချီးမြှင့်သော People Choice Award အတွက်အောက်ပါ Link မှာ LIKE , SHARE နဲ့ Comment များပေးနိုင်ပါသည်.
https://www.facebook.com/photo.php?fbid=714665621883038&set=a.714663815216552.1073741903.138158146200458&type=1&theater

Miss Supranational 2013 ပြိုင်ပွဲကြီး၏ Miss Internet ဆုနှင့် စကာတင်Top (20)စာရင်းဝင်ဖြစ်ရန် အတွက် တရားဝင် Vote System ကတော့ စက်တင်ဘာလ (၂) ရက်နေ့ ၊ တနင်္လာနေ့မှာ စတင်တော့မှာဖြစ်ပြီး Credit/Debit Card Payment ဖြင့် (၁၀)Votes ကို (၅)ဒေါ်လာဖြင့် ငွေချေပြီး အောက်ပါLink မှ မဲပေးနိုင်ကြောင်းသိရပါသည်။
http://www.misssupranational.com/VotingPage.html

https://www.facebook.com/telekanalont page မှ Miss Supranational 2013 ပြိုင်ပွဲကြီးကို ထုတ်လွှင့်ပြသပေးမည့်ရုပ်သံလိုင်းဖြစ်၍ ၄င်း pageမှကြည့်ရှု့အားပေးနိင်ကြောင်းသိရသည်။

်from-https://www.facebook.com/misssupranationalmyanmar
Popular Myanmar News Journal

အမေရိကန်အစိုးရ ဥပဒေရေးရာသံအမတ် မြန်မာနိုင်ငံသို့ စေလွှတ်မည်


Sunday, September 1, 2013

မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဆယ်စုနှစ် နှစ်စုခန့်ကြာ ရပ်နားခဲ့ပြီးနောက် အသစ်ပြန်လည် စတင်ခဲ့သော အမေရိကန်အစိုးရက အစိုးရအဖွဲ့၏ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် တရားဥပဒေရေးရာ တွဲဖက်အတွင်းရေးမှူး သံအမတ်ကြီး Mr.William Brownfield ကို မြန်မာနိုင်ငံသို့ စေလွှတ်မည် ဖြစ်ကြောင်း အမေရိကန် အစိုးရအဖွဲ့က သြဂုတ်လ ၃၀ ရက်နေ့တွင် တရားဝင် ကြေညာသည်။

ယင်းသို့ စေလွှတ်ရန် စီစဉ်ရခြင်းမှာ မြန်မာနိုင်ငံ၏ လတ်တလော အမျိုးသား လုံခြုံရေး အခြေအနေနှင့် လူ့အခွင့်အရေး အခြေအနေများကို ပြည်တွင်းရှိ အမျိုးသားရေး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး လေ့လာသုံးသပ်နိုင်စေရန် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

သံအမတ်ကြီး Brownfield သည် ၎င်း၏ ခရီးစဉ်အပြီး စက်ဘာလ ၆ ရက်နေ့တွင်လည်း ပြည်တွင်း ပြည်ပ မီဒီယာများနှင့် စားပွဲ ဝိုင်း ဆွေးနွေးပွဲတစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ်တွင် ကျင်းပပြီးစီးခဲ့သော သမိုင်းဝင် ရွေးကောက်ပွဲ အပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာ အသိုင်း အဝိုင်းက ပြည်တွင်းလုံခြုံရေးနှင့် လူ့အခွင့်အရေး အကာအကွယ်ပေး မှုပေါ်တွင်သာ တိုင်းတာလေ့ရှိပြီး အဆိုပါ ရည်ရွယ်ချက်ဖြင့် ပြည်တွင်း တိုးတက် ပြောင်းလဲမှု အခြေအနေကို လေ့လာနိုင်ရန် သံအမတ်ကြီး ကို စေလွှတ်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ချက်ခ်ဟေဂယ်လ်သည် ပြီးခဲ့သည့် အပတ်အတွင်းက ဘရူနိုင်းနိုင်ငံ၌ ကျင်းပခဲ့သော ဒေသတွင်း လုံခြုံရေးဆိုင်ရာ ညီလာခံတွင် မြန်မာအစိုးရ ခေါင်းဆောင်များနှင့် တွေ့ ဆုံရာ မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံရေး မပြုလုပ်ရန် ထပ်မံတိုက်တွန်း ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ်က သံတမန်ဆက်ဆံရေး စတင်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် အရေးအခင်းတွင် အကြမ်းဖက်မှုနှင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ် မပြုခဲ့သောကြောင့် ၁၉၉၆ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၏ မြန် မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးကို ပြန်လည် ရုပ်သိမ်း၍ သံတမန်အဆင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်၌ သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကို ခန့်အပ်ကာ ပြန်လည်စတင်ခဲ့သည်။

The Voice Weekly

ခေါက်ဆွဲခြောက် ထုတ်များအား ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးသင့်


Sunday, September 1, 2013

အသင့်စား ခေါက်ဆွဲခြောက် ထုတ်များတွင် လူ့ကျန်းမာရေး အတွက် အကျိုးရှိသည့် အမျှင်ဓါတ်၊

ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်များ မပါဝင် သလောက် နည်းပါးပြီး အန္တရာယ် ပေးနိုင်သော သကြားဓါတ်၊ အချိုမှုန့်ဓါတ်နှင့် ဆိုဒီယမ် ဓါတ်များ ပါဝင်မှုနှုန်း မြင့်မားသည့်အတွက် ရေရှည် စားသုံးပါက အ၀လွန်ရောဂါ ရရှိနိုင်သည့် အပြင် ကျန်းမာရေးအား အလွန် ထိခိုက်နိုင်သည်ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ဆိုသည်။

"လူတစ်ယောက် အတွက် နေ့စဉ်ပုံမှန်စားသုံးတဲ့ အစားစာထဲမှာ ပရိုတိန်း(၂၃)၊အဆီ(၂၈) ၊ ကာဗိုဟိုက်ဒြိတ်(၅၅) ရာခိုင်နှုန်း ပါဝင်နေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ခေါက်ဆွဲ ခြောက်မှာ ၉။ ၃၆။ ၅၅ ဖြစ်နေတဲ့အတွက် ပရိုတိန်းဓါတ်က နည်းပြီး ကာဗိုဟိုက်ဒြိတ်နဲ့ အဆီတွေ များလွန်း နေပါတယ်။ ခေါက်ဆွဲခြောက်ဟာ Junk Food လို့ ခေါ်တဲ့ အစားအစာ အမျိုးအစားထဲမှာ ပါဝင်နေတဲ့ အတွက် ကျန်းမာရေးနဲ့မညီညွတ်ပါဘူး အချိန်မရလို့ ခေါက်ဆွဲခြောက်ကို ရေနွေးထဲမှာ ၃ မိနစ်စိမ်ပြိး စားသုံး ရတော့မယ့် ဆိုရင် ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးဖို့ အကြံပြုလိုပါတယ် "ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ပြောသည်။

လူတစ်ယောက် အတွက် ဆိုဒီယမ်ဓါတ် တစ်နေ့တာ လိုအပ်ချက်မှာ ၁၅၀၀ မီလီဂရမ်သာ ရှိကြောင်းနှင့် ခေါက်ဆွဲခြောက် တစ်ထုတ်တွင် ဆိုဒီယမ်ဓါတ် ၂၇၀၀ အထိ ပါဝင် နေသောကြောင့် ရေရှည် စားသုံးပါက အ၀လွန် ရောဂါ စွဲကပ်နိုင်သည့် အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ကျောက်ကပ် ဝေဒနာရှင်များ စားသုံးရန် မသင့်လျော်ဟု ၎င်းက ဆက်ပြောသည်။

"အသင့်စား အစားအစာတွေက ကြာရှည်ခံအောင် ဓာတု ပစ္စည်းတွေနဲ့ လုပ်ထားတဲ့အတွက် ကျန်းမာရေး အတွက် မကောင်းဘူး ဆိုတာတော့ သိတယ် ဒါပေမယ့် ခေါက်ဆွဲပြုတ် စားရတာက အချိန်ကုန်လည်း သက်သာတယ် ငွေကုန်လည်း သက်သာတယ် ညဘက် အိမ်ပြန်ရောက်ရင် လွယ်လွယ်ကူကူ ခေါက်ဆွဲပဲ ပြုတ်စားလိုက်တာ များတယ် ခေါက်ဆွဲပြုတ် စားတာများရင် ဆံပင် ကျွတ်တယ်လို့တော့ ကြားဘူးတယ်" ဟု စမ်းချောင်း မြို့နယ်နေ လူငယ် တစ်ဦးက ပြောသည်။

အသင့်စား ခေါက်ဆွဲခြောက် များကို ဂျပန်နိုင်ငံတွင် အဓိက ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် Nissin Foods ကုမ္ပဏီ တည်ထောင်သူ မိုမိုဖူကူအန်တိုက ၁၉၅၈ ခုနှစ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခေါက်ဆွဲခြောက်ထုတ် ရောင်းအားမှာ ၁၀၁ ဒသမ ၄ ဘီလျံရှိကြောင်း ဂျပန် အခြေစိုက် ကမ္ဘာ့ခေါက်ဆွဲခြောက် အသင်း World Instant Noodles က ထုတ်ပြန် ထားသည်။

credit to နှင်းဆီဖူးလေးများ-Love BUDS

Myanmar News Update ၏ Facebook Fan Page အား hack ခံထားရကြောင်း အသိပေး ကြေငြာခြင်း



 ကျနော်၏ Myanmar News Update ၏ Facebook Fan Page အား ၃၀-၈-၂၀၁၃ ရက်နေ့ မနက် ၁၀နာရီ ခွဲတွင် Password စတင် အချိန်းခံခဲ့ရပါသည်။ ၃၁-၈-၂၀၁၃ ရက်နေ့ မနက် ၂ နာရီခွဲ မှ စတင်ပြီး ကျနော်တင်နေသော Admin အားလုံး ဖြုတ်ချသွားပါတယ်။ မိမိ၏ Fan Page တစ်ခုလုံး Hack လုပ်ခံရပါတယ်။ ကျနော်၏ Fan Page ရရှိရန်အတွက် ပြန်လည်ကြိုးစားလျက် ရှိပါတယ်။ Facebook အဖွဲ့အစည်း သို့လည်း ပြန်လည်တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံရှိ နာမည်ကြီး Hacker Group များမှလည်း ကူညီလျက် ရှိပါသည်။ ယခုအချိန်တွင် Myanmar News Update မှာ Blog  myanmarnewsupdates.blogspot.com တစ်ခုတည်းသာ ရှိတော့ပါသည်။ ယခု အချိန်တွင် ကျနော်၏ Blog တွင် Facebook Fan Page အား ဖြုတ်ချထား ပါတယ်။

သတင်းများအား Myanmar News Update တစ်ခုတည်း မှ News Feed ယူသော် လည်း အောက်မှာ တွေ့ရတဲ့ http://shwefulwar.blogspot.com ဆိုတဲ့ Blog မှ သတင်းယူထား ကြောင်း တွေ့ရှိရပါတယ်။



စတင် Hack လုပ်ခံရချိန် မြင်တွေ့ရပုံ
 


ထို့နောက် စတင်ပြီး ရခိုဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုသူရိန်လှိုင်ဝင်း နှင့် ဒေါ်အောင်ဆန်းစုကြည် ၏ သတင်းများ အား တင်သွားကြောင်း တွေ့ရပါတယ်။
 


ကျနော်သည် ရခိုင်လူမျိုး တစ်ဦးဖြစ်ပြီး ကျောက်တော်နယ် ဇာတိဖြစ်ပါတယ်။ မိမိ၏ ၀ါသနာ အလျောက် Facebook တည်ဆောက်ပြီး သတင်းများ ကူးယူဖေါ်ပြပြီးတင်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်သာ နေထိုင်ပြီးသတင်းများတင် ခြင်း ဖြစ်ပါတယ်။ နိုင်ငံခြားသို့ သွားရောက်ဖူးခြင်း မရှိပါ။ ယခုအခါ သတင်းများ ကို မလေးရှားမှတင်နေကြောင်း တွေ့ရှိရပါတယ်။



ယခုအခါ Myanmar News Update, Eleven Media နဲ့ အမျိုးသားရေးဝါဒီ ကိုသူရိန်လှိုင်ဝင်း ဆိုပြီး တင်ထားပါသည်။ အခြားသတင်းများ ကိုလည်း ဆက်လက် Post လုပ်လျက်ရှိပါသည်။ မိမိ Fan Page အား Hack လုပ်သောသူမှာ ငွေကြေးအရသော် လည်းကောင်း၊ နိုင်ငံရေးအမြတ်ထုတ်ရန် သော် လည်းကောင်း၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရန်သော် လည်းကောင်း၊ မည်သည့် အတွက် ပြုလုပ် သည်ကို မိမိအနေဖြင့် မပြောတတ်တော့ပါ။ မိမိတွင် Admin Team ဟူပြီး မရှိပါ။ တစ်ဦးတည်း Admin များ ခွဲပြီး Post တင်ခြင်းဖြစ်ပါသည်။

ပြန်လည် ရရှိခြင်း မရှိပါက အပြီးအပိုင် ဖျက်နိုင်ရေး ကြိုးစားသွားမည် ဖြစ်ကြောင်း အသိပေး ကြေငြာ အပ်ပါသည်။

တစ်ခြား မီဒီယာ များမှလည်း ဒီသတင်းကို ကူးယူဖော်ပြပေးပါလို့ ကျွန်တော် မေတ္တာရပ်ခံပါတယ် ဗျာ ..

Myanmar News Updates ချစ်ပရိတ်သတ်များအားလုံး ကျေးဇူးပြုလို့  share ပေး ၊ ကူးယူဖော်ပြပေးစေလိုပါတယ် ...

 
 
 


စစ်တွေမြို့နယ်အုန်းတောချေ ကယ်ဆယ်ရေးစခန်းတွင် ဘင်္ဂလီများအတွက် သိန်း ၉၀၀ ခန့်ကုန်ကျမည့် ဈေးဆိုင်ခန်းများတည်ဆောက်


---------------------------- RSV စက်တင်ဘာ၊ ၁

စစ်တွေမြို့နယ်၊အုန်းတောချေ ကယ်ဆယ်ရေးစခန်းတွင် ဘင်္ဂလီများအတွက် သီးခြားဈေးတစ်ခုကို သိန်း ၉၀၀ ကျော်အကုန်ကျခံတည်ဆောက်လျက်ရှိကြောင်းသိရသည်။
အုန်းတောချေကယ်ဆယ်ရေးစခန်းတွင် ဘင်္ဂလီများသည် ဈေးရောင်းချရန်အဆင်မပြေကြောင်းနှင့် ရောင်း ချလုပ်ကိုင်စားသောက်ရန်အတွက် ဆိုင်ခန်းများလိုအပ်လျက်ရှိရာ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း ဖြင့် ဘင်္ဂလီများအနေဖြင့် ၀င်ငွေများရှာဖွေနိုင်မည်ဖြစ်ကြောင်း အစိုးရထံတွင်တင်ပြသဖြင့် ထိုသို့ဆောက် လုပ်ပေးခြင်းဖြစ်သည်ဟုလည်း အစိုးရအဖွဲ့မှသိရသည်။
ယင်း အုန်းတောချေ ဈေးတွင် ရောင်းချရန်အတွက် ကုန်စည်များကိုလည်း တင်ပို့ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်ဝင်ငွေရှာဖွေနိုင်သောနည်းလမ်းများကို လုပ်ကိုင်ပေးခြင်းဖြစ်ကြောင်း၊ ယင်းသို့ရောင်းချခြင်းဖြင့် စားဝတ်နေရေးပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်းသိရသည်။
ထိုဈေးတွင် ဈေးဆိုင်ခန်းများအပြင် အိမ်သာ အလုံး ၁၀ ကျော်ကိုလည်း တည်ဆောက်ပေးသွားမည်ဖြစ် သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူများထံမှသိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီကယ် ဆယ်ရေးစခန်းများတွင် စားဝတ်နေရေးအတွက် အဆင်ပြေအောင် ပြုလုပ်ပေးလျက်ရှိပြီး ယခုခါတွင်ဈေး သစ် တစ်ခုကိုလည်းတည်ဆောက်ပေးသွားမည်ဖြစ်ရာ ကယ်ဆယ်ရေးပစ္စည်းများပံ့ပိုးမှုကို လျော့ချနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
စစ်တွေမြို့နယ်အတွင်းဘင်္ဂလီကယ်ဆယ်ရေးစခန်းကြီး ၈ ခုရှိပြီးယင်းတို့အနက် အုန်းတောချေ၌သာ ဈေး တစ်ခုကို ဆောက်ပေးခြင်းဖြစ်ကြောင်း၊ လုံးချင်းနေအိမ်များကို လောလောဆယ်ဆောက်ပေးရန်အစီစဉ်မရှိ
သေးကြောင်းလည်း အစိုးရအဖွဲ့မှသိရှိရပါသည်။

Related Posts Plugin for WordPress, Blogger...